Healthy Life Ad
Child

သင့်ကလေးရဲ့ လက်မစုပ်တဲ့ အကျင့်ပျောက်ဖို့ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လက်မစုပ်တာက ကလေးတွေလုပ်လေ့လုပ်ထရှိတဲ့ အကျင့်တစ်ခုပါ။ သူတို့အနေနဲ့ သက်သောင့်သက်သာနေလိုတဲ့အတွက် လက်မစုပ်ရတာဖြစ်ပြီး ဒီအကျင့်က စိတ်သက်သာရစေပါတယ်။ ဒါပေမဲ့ လက်မစုပ်တဲ့အတွက် ကလေးငယ်ကူးစက်ပိုးဝင်တဲ့ အန္တရာယ်ရှိသလို မူကြိုတက်တဲ့အရွယ်အထိ အကျင့်ပါသွားမှာကိုလည်း စိုးရိမ်ရပါသေးတယ်။

(၁) ကလေးလက်မစုပ်တာကို လူရှေ့မှာမဟန့်တားပါနဲ့။ အိမ်ထဲနဲ့ အိမ်ရာထဲမှာ လက်မစုပ်တာကို ထိန်းချုပ်သင့်ပါတယ်။

(၂) ‘နောက်တစ်ခါလက်မစုပ်ရင် ရိုက်မှာနော်’ ဆိုပြီး မပြောပါနဲ့။ လက်မ မစုပ်တဲ့အခါတွေမှာ သူ့ကို ချီးကျူးစကားပြောပေးပါ။

(၃) လက်မစုပ်တာကိုအပြစ်တစ်ခုလိုမျိုး မပြောသင့်ပါဘူး။ ကလေးကို လက်မစုပ်တာကြောင့် ပိုးဝင်နိုင်ခြေရှိတယ်ဆိုတာ ရှင်းပြပေးပါ။ သူ့အနေနဲ့ လက်မစုပ်တာကို ရပ်သင့်တဲ့အချိန်ကို အလိုလိုနားလည်သွားပါလိမ့်မယ်။

(၄) ကလေးဟာထိခိုက်ဒဏ်ရာရပြီး၊ နာကျင်မှုခံစားရပြီးချိန်မှာ လက်မစုပ်ဖို့ကြိုးစားရင် မဟန့်တားပါနဲ့။ သူ့အနေနဲ့ သက်သောင့်သက်သာဖြစ်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် လက်ကိုသာစင်ကြယ်အောင် ဆေးကြောပေးလိုက်ပါ။

(၅) ကလေးက လက်မစုပ်နေတဲ့အခါ ‘သား/သမီး အခုလက်မစုပ်နေတာကိုသိလား’လို့ မေးလိုက်ပါ။ မသိကြောင်း ဖြေတာများပါလိမ့်မယ်။ အဲဒီအခါ သူ့အနေနဲ့ လက်မစုပ်မိနေမှန်း သတိပြုမိပြီး ဆင်ခြင်သွားမှာ ဖြစ်ပါတယ်။

(၆) ကလေးကြိုက်တဲ့ ဇာတ်ကောင်တွေကိုအသုံးပြုပြီး လက်မစုပ်တဲ့အကျင့်ကိုဖျောက်ပေးပါ။ ဥပမာ “ပါဝါရိန်းဂျားက လက်မစုပ်မယ်လို့ သားထင်လား”ဆိုတာမျိုးမေးပါ။ အဲဒီအခါ ပါဝါရိန်းဂျားကို သူရဲကောင်းသဖွယ်သဘောကျတဲ့ သင့်ကလေးဟာ လက်မစုပ်တဲ့အကျင့်ကို ရှောင်သွားပါလိမ့်မယ်။

(၇) ကလေးလက်မ မစုပ်စေဖို့ လက်အိတ်ဝတ်ပေးတာမျိုးမလုပ်ပါနဲ့။ ကလေးကို ပူပင်သောကပိုများစေပြီး စိတ်အနှောင့်အယှက် ပိုများရတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top