Healthy Life Ad
Child

သတိပြုဖွယ်ရာ ကလေးသူငယ် အဝလွန်ရောဂါ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

အဝလွန်ရောဂါဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေက ပုံမှန်ရှိသင့်တာထက်ပိုများလာပြီး တဖြည်းဖြည်းဝလာတာကို ခေါ်တာပါ။ အဝလွန်ရောဂါဖြစ်/မဖြစ်ကို BMI (Body Mass Index) ဆိုတဲ့စံနှုန်းနဲ့ တိုင်းတာနိုင်ပါတယ်။ ကလေးတစ်ယောက်မှာရှိတဲ့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်တို့ကို အချိုးကျပြီး တွက်ချက်တိုင်းတာတာ ဖြစ်ပါတယ်။ BMI ပုံမှန်ထက်များနေရင်တော့ အဝလွန်ရောဂါဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ BMI က အများအားဖြင့် ကလေးတွေအတွက်ဆို ၁၈-၂၃ က အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတွေက ၂၃ထက်မကဘဲ ၂၅၊ ၃၀ ဖြစ်သွားရင်တော့ အဝလွန်ရောဂါဖြစ်နေပါပြီ။

ကလေးဝရင်ချစ်စရာ၊ သို့သော် . . .

ကလေးတွေက ၂-၃ နှစ်လောက်မှာ ဝ၀ကစ်ကစ်လေးတွေဆို ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ် အသက် ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၆နှစ်လောက်မှာ ဝတာဆိုရင်တော့ အသက်ကြီးလာတဲ့အထိ ဆက်တိုက်ဝသွားဖို့ သေချာပါတယ်။ အသက် ၃၀ လောက်အထိတောင် ဝသွားနိုင်ပါတယ်။ ဒါကြောင့် ဝနေတဲ့ ကလေးတွေကို ၁၀ နှစ်၊ ၁၁နှစ်လောက်မှာကတည်းက ကိုယ်အလေးချိန်ချဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာသာ ကိုယ်အလေးချိန် မချခဲ့ဘူးဆိုရင် အသက်၂၀-၃၀ ပေါင်ချိန် ၃၀ဝ လောက်အထိဖြစ်သွားတာမျိုးရှိပါတယ်။

ကလေးအဝလွန်ခြင်း၏ နောက်ဆက်တွဲရောဂါများ

ဒီလိုဖြစ်နေတဲ့ ကလေးတွေမှာဆို ဆီးချိုရောဂါ၊ အင်ဒိုခရိုင်းဂလင်းနဲ့ ဆိုင်တဲ့ရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ ကြွက်သားဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ အာရုံကြောနဲ့ဆိုင်တဲ့ရောဂါတွေအပြင် ကိုယ်တွင်းအင်္ဂါစနစ်တွေမှာ ထိခိုက်မှုဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးစိတ်ရောဂါဖြစ်တာတွေတောင်ရှိပါတယ်။ တချို့ကလေးတွေဆို ဝလာတဲ့အခါ အလိုလို စိတ်ကျရောဂါခံစားရတာမျိုးလည်း တွေ့ရပါတယ်။ တချို့ကျတော့လည်း စိတ်တိုလွယ်ပါတယ်။

ကလေးအဝလွန်ရောဂါဖြစ်စေသည့် အကြောင်းရင်းများ

အခုနောက်ပိုင်းမှာ ဝတဲ့ကလေးတွေ ပိုပြီးများလာတာတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေက ဆီကြော်စာတွေ၊ အချိုမုန့်တွေနဲ့ ကြက်ကြော် (မြန်မာကြက်မဟုတ်တဲ့ အဆီများကြက်ကြော်) တွေကို အစားများလို့ပါ။ ပြီးတော့ ကြက်ဥချောင်းတွေ၊ အကင်တွေကို စားကြပါတယ်။ ကြက်ကြော်တွေစားတယ်၊ အချိုရည် (Soft Drinks) တွေသောက်တယ်။ ဟမ်ဘာဂါတွေ၊ အာလူးချောင်းကြော်တွေစားတယ်၊ ပီဇာလိုမျိုး အဆင်သင့်စာတွေစားတယ်။ ဒီလိုအစားများတဲ့ ကလေးတွေက ငါးတန်း၊ ခြောက်တန်း အရွယ်လောက်လည်းရောက်ရော အဆီတွေများပြီး ခန္ဓာကိုယ်က ဝလာပါတယ်။

ကလေးသူငယ် အဝလွန်ရောဂါမဖြစ်စေရန် ကာကွယ်မှု

ကလေးတွေ အဝလွန်တာမဖြစ်အောင် တာဝန်အရှိဆုံးကတော့ မိဘတွေပါပဲ။ ကလေးတွေကို အလိုမလိုက်ဘဲ အစားအသောက်ကို ဆင်ခြင်ပြီးကျွေးသင့်ပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းပြုလုပ်ခိုင်းဖို့လည်း လိုပါတယ်။

(၁) လေ့ကျင့်ခန်းဆိုတဲ့နေရာမှာလည်း Exercise လုပ်တာမျိုးမဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးဖို့လိုပါတယ်။ ဥပမာ ကလေးဆိုတာ ပြေးရမယ်၊ ဆော့ရမယ်။ လေ့ကျင့်ခန်းကို တကူးတက လုပ်ရတာမျိုးမဟုတ်ဘဲ သဘာဝအရ ပြေးဆော့နေတာမျိုး ပြုလုပ်ဖို့သင့်ပါတယ်။

(၂) အစားအသောက်အနေနဲ့ ကလေးတွေမှာ အဓိကထိန်းပေးဖို့ လိုအပ်တာက အချိုရည်သောက်နှုန်း များတာကိုပါ။ ကလေးတွေက အချိုရည်ဆို အတော်လေးကြိုက်ကြပါတယ်။ ဒီတော့ ကလေးတွေ အချိုရည်မသောက်ဖြစ်အောင် မိဘတွေ ဟန့်တားဖို့လိုပါတယ်။ တကယ်တော့ ဂတ်စ်ပါဝင်မှုများတဲ့ အချိုရည်တွေ၊ ကိုလာစတာတွေဟာ တစ်ပတ်ကို အလွန်ဆုံး တစ်ဗူးလောက်သာ သောက်သုံးသင့်ပါတယ်။

(၃) ထမင်းစားတဲ့နေရာမှာလည်း ကလေးတွေကို ကန့်သတ်ပြီး ကျွေးပေးဖို့လိုပါတယ်။ အများအားဖြင့် ကယ်လိုရီ ၁၅၀ဝ-၁၆၀ဝ ယူနစ်လောက်တော့ လိုအပ်ပါတယ်။ ဒီတော့ ထမင်းအများကြီးစားတာကို ကန့်သတ်ပေးရပါမယ်။ ထမင်းကိုဆို နှစ်ပန်းကန်၊ သုံးပန်းကန်လောက်စားတာတွေကို ဆင်ခြင်ရပါမယ်။ တချို့မိဘတွေက ကလေးတွေကို ဟင်းအနှစ်တွေနဲ့နယ်ပြီး ကျွေးတာရှိပါတယ်။ အဲဒါကလည်း ကလေးတွေကို အဝလွန်စေတဲ့ အကျင့်ဖြစ်တဲ့အတွက် ကန့်သတ်ပေးဖို့ လိုအပ်ပါတယ်။ အကျင့်မလုပ်သင့်ပါဘူး။ ထမင်းကိုဆို ဟင်းချို၊ ဟင်းခါး စတာတွေနဲ့ နယ်ကျွေးသင့်ပါတယ်။

(၄) တစ်ပတ်လုံးနေမှ ပီဇာတစ်ခုလောက်ပဲ ကျွေးတာမျိုး၊ ဟမ်ဘာဂါဆိုလည်း တစ်ခုလောက်၊ အချိုရည်ဆိုလည်း တစ်ဗူးလောက်ပဲဆို လုံလောက်ပါပြီ။

(၅) အခုခေတ်က အလုပ်များတော့ မိဘတွေက ကလေးတွေကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ချက်မကျွေးဘဲ ပြီးစလွယ် ကြက်အူချောင်းတွေ၊ ငါးအူချောင်းတွေကြော်ပြီး ထမင်းချိုင့်ထည့်ပေးလိုက်တာတွေရှိပါတယ်။ မိဘတွေအနေနဲ့ ဟင်းသီးဟင်းရွက်ကြော်တွေ၊ အသီးအနှံတွေကိုလည်း ဖြစ်နိုင်ရင် နေ့တိုင်း တစ်မျိုးလောက်တော့ ထည့်ပေးစေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top