Healthy Life Ad
Life Style

အချစ်တို့ မြစ်ဖျားခံရာ ဟော်မုန်းများ

၊ ကိုထက် ၊

သင်ဟာ သူစိမ်းတစ်ယောက်ကို စိတ်ဝင်စားနေပြီလား။ သူ့အကြောင်းကိုပဲ ထပ်ခါတလဲလဲတွေးတောပြီး စိတ်ကူးယဉ်နေတတ်သလား။ လူတစ်ယောက်ကို ချစ်မေတ္တာသက်ဝင်တဲ့အခါ ဦးနှောက်ထဲက ဓာတ်တွေ အပြောင်းအလဲဖြစ်လာသလို ချစ်စိတ်ကြောင့် ကြည်နူးမှုဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာမှာလည်း ပန်းနုရောင် သမ်းနေတတ်ပါတယ်။ သင်က သူစိမ်းတစ်ယောက်ကို ချစ်ကြိုက်နေသလား၊ မကြိုက်ဘူးလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ လေးမိနစ်နဲ့ ၉၀ စက္ကန့်ပဲ အချိန်ယူရတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။
ချစ်ခြင်းမေတ္တာဖြစ်ပေါ်ဖို့ရာအတွက် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အပြုအမူကတစ်ဆင့် ၅၅ ရာခိုင်နှုန်း၊ အသံအနိမ့်အမြင့်နဲ့ ပြောဆိုပုံက တစ်ဆင့် ၃၈ ရာခိုင်နှုန်းနဲ့ပြောတဲ့ စကားက တစ်ဆင့် ၇ ရာခိုင်နှုန်း လေ့လာအကဲခတ်ပြီး ဆုံးဖြတ်လေ့ရှိပါသတဲ့။

အဆင့် သုံးဆင့်
ချစ်စိတ်ဖြစ်ပေါ်ဖို့ရာအတွက် စတင်ငြိတွယ်တဲ့အဆင့်၊ ဆွဲဆောင်တဲ့အဆင့်နဲ့ တွယ်တာမှုဖြစ် ပေါ်တဲ့အဆင့်ဆိုပြီး အဆင့်သုံးဆင့်ရှိရာမှာ အဆင့်တစ်ခုချင်းစီအပေါ် သက်ရောက်နေတဲ့ ဟော် မုန်းတွေကတော့ မတူညီပါဘူး။ မတူညီတဲ့ ဟော်မုန်း သက်ရောက်မှုတွေကို လေ့လာကြည့်ကြရအောင် . . . ။

အဆင့်(၁) စတင်ငြိတွယ်ခြင်း
ချစ်ခြင်းမေတ္တာ စတင်ဖြစ်ပေါ်တဲ့ အဆင့်ပါ။ ဒီအဆင့်မှာ အမျိုးသားရော အမျိုးသမီးပါ လိင်ဟော်မုန်းတွေဖြစ်တဲ့ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင် ဟော်မုန်းတွေက ဦးဆောင်နေပါတယ်။

အဆင့်(၂) ဆွဲဆောင်ခြင်း
ဆန့်ကျင်ဘက်လိင်နှစ်ဦးတွေ့ဆုံပြီး တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်နေတဲ့ အဆင့်ပါ။ ဒီအဆင့်မှာ အဒရီနယ်လင်၊ ဒိုပါမင်းနဲ့ ဆီရိုတိုနင်ဆိုတဲ့ ဟော်မုန်းသုံးမျိုး အဓိကထွက်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

– အဒရီနယ်လင်ဟော်မုန်း
ကိုယ်တကယ်ချစ်တဲ့သူနဲ့ စတင်တွေ့ခါစမှာ ကတုန်ကယင်တွေဖြစ်၊ စိတ်ဖိစီးမှုတွေများ၊ ပူပင်မှုတွေပေါ်ပြီး သွေးထဲမှာ အဒရီနယ်လင်နဲ့ ကော်တီစောဟော်မုန်းတွေ အထွက်များလာပါတယ်။ ဒါကြောင့် သင်ချစ်တဲ့သူနဲ့ စတင်တွေ့ခါစမှာ ချွေးစေးပြန်တာ၊ နှလုံးခုန်ရင်တုန်တာနဲ့ အာခြောက်တာတွေ ဖြစ်ပေါ်ရတာပဲ ဖြစ်ပါတယ်။

– ဒိုပါမင်းဟော်မုန်း
တစ်ဦးနဲ့ တစ်ဦး ချစ်ကြည်နူးနေချိန်မှာ ချစ်သူ နှစ်ဦးစလုံးရဲ့ ဦးနှောက်ထဲမှာ စိတ်ကြည်နူးမှုပြင်းပြင်း ထန်ထန်ဖြစ်စေတဲ့ ဒိုပါမင်းဟော်မုန်း မြင့်တက်လာပါတယ်။ ဒါကြောင့် စွမ်းအင်မြင့်တက်တာ၊ အိပ်ဖို့စားဖို့ သတိမရလောက်အောင် သိပ်မစားဘဲ၊ သိပ်မအိပ်ဘဲ အလိုလိုအားအင်ပြည့်ဝနေတာ၊ အာရုံစူးစိုက်နိုင်တာနဲ့ အလိုလို ပျော်ရွှင်နေတာစတဲ့ ခံစားချက်တွေ ဖြစ် ပေါ်နေတတ်ပါတယ်။

– ဆီရိုတိုနင်ဟော်မုန်း
ချစ်စိတ်ကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းကို ရှင်းပြနိုင်တဲ့ အရေးကြီးဆုံး အချစ်ဟော်မုန်းတစ်မျိုးက ဆီရိုတိုနင်ပါ။ တစ်ယောက်တည်း ရှိချိန်မှာ ချစ်သူရဲ့အကြောင်း တွေးတော စိတ်ကူးယဉ်နိုင်ဖို့ လှုံ့ဆော်ပေးတဲ့ ဟော်မုန်းပါ။

အဆင့်(၃) တွယ်တာမှု သံယောဇဉ်ဖြစ်ပေါ်ခြင်း
တွယ်တာမှုဆိုတာ စုံတွဲနှစ်ဦးထာဝရ ချစ်ခင်ဖို့နဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်ဖို့ရာအတွက် ချည်နှောင်ပေးတဲ့ သံယောဇဉ်ဖြစ်ပါတယ်။ တွယ်တာမှုဟော်မုန်းမှာ အောက်ဆီတိုစင်နဲ့ ဗေဆိုပရက်စင်ဆိုပြီး အဓိက နှစ်မျိုးပါဝင်ပါတယ်။

– အောက်ဆီတိုစင် – ပွေ့ဖက်မှုဟော်မုန်း
အောက်ဆီတိုစင်ဟာ ဇနီးမောင်နှံတွေအတူနေပြီး ချစ်ကျွမ်းဝင်ချိန်၊ ပွေ့ဖက်နမ်းရှုံ့ချိန်တွေမှာ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဒီဟော်မုန်းဟာ ဇနီးမောင်နှံတွေကို တွယ်တာမှုနဲ့ ချစ်ခင်ရင်းနှီး မှုပိုမိုဖြစ်ပေါ်စေပါတယ်။ အောက်ဆီတိုစင်ဟာ ကလေးမွေးဖွားချိန်နဲ့ မိခင်နို့ချိုတိုက်ကျွေးချိန်မှာလည်း ထွက်တတ်ပြီး မိခင်နဲ့ကလေးကြား ခိုင်မာတဲ့သံယောဇဉ်ကိုဖြစ်စေပါတယ်။

– ဗေဆိုပရက်စင်- လိင်ဟော်မုန်း
တာရှည်တွယ်တာမှုဖြစ်ပေါ်စေတဲ့ နောက်ထပ်အရေးကြီးဟော်မုန်းတစ်မျိုးပါ။ အောက်ဆီတိုစင်လိုပဲ လင်မယားအတူနေပြီးချိန်မှာ ထွက်ရှိတတ်ပါတယ်။ ဗေဆိုပရက်စင်ဟာ ရေဆာတာကို ထိန်းချုပ်ဖို့ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း ပါဝင်နေပါတယ်။ ဗေဆိုပရက်စင်ရဲ့ အာနိသင်ကိုထိန်းချုပ်တဲ့ ဆေးပေးလိုက်တဲ့အခါ အမျိုးသားတွေဟာ သူတို့ရဲ့ အဖော်ကို စိတ်ကုန်သွားပြီး ချစ်စိတ် ကုန်ခမ်းသွားတတ်ပါသတဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top