Healthy Life Ad
Life Style

ကိုယ်ဝန်ရအောင် ကြံဆောင်နည်း

ဒေါက်တာတင့်ဆွေ

မေး ။ ဆရာ ကျွန်မနာမည်က – – -ပါ။ အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်ကျတာ ၇ လရှိပါပြီ။ ကျွန်မတို့က အတူမနေရပါဘူး။ အလုပ်က တစ်ယောက်တစ်နေရာစီမို့ တစ်လကို ၃ ရက်လောက်ပဲ အတူနေဖြစ်တာပါ။ အိမ်ထောင်သက် ၃ လလောက်ကနေ ကလေးယူဖို့ ကြိုးစာခဲ့ကြပါတယ်။ ဖောလစ်အက်ဆစ်လည်း သောက်ပါတယ်ရှင့်။ ၇လရောက်တဲ့အထိ ကိုယ်ဝန်မရသေးပါဘူး။ ချို့ယွင်းချက်တွေရှိနေလို့လားဆိုတာ စိုးရိမ်နေမိပါတယ်ဆရာ။ ရှေ့လျှောက် ကလေးရဖို့ ဘယ်လိုနေထိုင်ပြင်ဆင်ရမလဲ၊ ဘာဆေးတွေ သောက်ရမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပေးစေချင်ပါတယ်ရှင့်။ အရမ်းကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ ရဲ့အဖြေကို မျှော်နေပါ့မယ်ရှင့်။

ဒီလိုမျိုးမေးကြတာ တော်တော်ကို များတယ်။ တစ်နေ့မှာ ၂-၃ ယောက်မက မေးကြတယ်။ မျိုးဥထွက်ဆေးကို ကြားဖူး၊ ဖတ်ဖူးလို့ ဝယ်သောက်လို့ ရမလားလို့ တစ်နေ့မေးတာ နှစ်ယောက်လောက် ရှိတယ်။ အသက်မသိ၊ ရာသီမသိ၊ အိမ်ထောင်သက်မသိ မေးကြတယ်။ မြန်မာပြည်မှာ လူဦးရေ အလားအလာ စိုးရိမ်မိတယ်။

ကလေးမရသေးတဲ့အတွဲတစ်ခုမှာ ကိုယ်ဝန်မရသေးရင် ဇနီးရောခင်ပွန်းကိုပါကြည့်ရတယ်။ ယောကျာ်း သုက်ရည်စစ်ရင် အရေအတွက်ရော အရည်အသွေးပါမီရမယ်။ သုက်အားနည်းရင် မျိုးဥထွက်ဆေးနည်း နည်းပေးမယ်။ အမျိုးသမီးမှာ သားအိမ်ပြွန်ပွင့်နေရမယ်။ သားအိမ်ပြွန်နှစ်ခုဟာ အဖြူဆင်းတာစတဲ့ ပိုး ဝင်တာခဏခဏဖြစ်ဖူးရင် တစ်ဖက်ဖြစ်ဖြစ်၊ နှစ်ဖက်လုံးဖြစ်ဖြစ် ပိတ်နေနိုင်တယ်။ ပိတ်နေ၊ မနေ ဆေးသွင်းပြီး အာထရာဆောင်း ရိုက်ရတယ်။

ကိုယ်အလေးချိန် များနေရင် လျှော့ပေးမယ်။ ရာသီ မှန်နေရမယ်။ ရာသီမမှန်စေတဲ့အကြောင်းရင်း ရှာရမယ်။ လိုတာလုပ်ရမယ်။ လစဉ်မျိုးဥထွက်နေရမယ်။ မျိုးဥထွက်၊ မထွက် စမ်းရင် သိမယ်။ မထွက်ရင် ဆေးသောက်နိုင်တယ်။

မိန်းကလေးတစ်ယောက်ဟာ အပျိုဖြစ်ချိန်ကစပြီး လစဉ်တစ်ဥကျထုတ်ပေးတာ တစ်သက်တာမှာ စုစုပေါင်း ၃၀ဝ-၄၀ဝ ရှိမယ်။ ကိုယ့်ရာသီ ကိုယ်သိရမယ်။ ရာသီတစ်လကို သွေးစဆင်းနေ့က စတွက်ရတယ်။ တစ်လဆိုတာ ၂၈ ရက်ကနေ ၃၂ ရက်အထိ ရှိနိုင်တယ်။ မျိုးဥထွက်တာ လလည်ရက်မှာ (၁၁ ရက်ကနေ ၂၁ ရက်အတွင်း) မှာ ဖြစ်နိုင်တယ်။
ရာသီဆင်းတဲ့နောက် ၂ ရက်ကနေ ၁၄ ရက်အ တွင်းမှာ FHS ဟော်မုန်းထွက်လာလို့ မျိုးဥအိမ်မှာရှိတဲ့ (ဖော်လီကယ်လ်) တွေကို နှိုးဆွပေးတယ်။ သားအိမ်အတွင်းဆုံးအလွှာကိုလည်း ထူထဲလာစေတယ်။ မျိုးဥကို တွယ်ကပ်ဖို့ ပြင်ဆင်ပေးတာ ဖြစ်တယ်။ LH ခေါ်တဲ့ နောက်ဟော်မုန်းတစ်မျိုးလည်း ထွက်လာမယ်။ မျိုးဥထွက်၊ မထွက်စစ်တယ်ဆိုတာ အဲဒါကို စစ်တာ။ သူကနေ အရင့်မှည့်ဆုံးဥကို (ဖော်လီကယ်လ်)ထဲကနေ ထွက်လာစေတယ်။ သားအိမ်ဝမှာရှိတဲ့ အကျိအချွဲကလည်း ချောကျိကျိပိုဖြစ်လာပြီး (ဗဂျိုင်းနား)ကနေ ဝင်လာမယ့် သုက်ပိုးဝင်လာနိုင်အောင် ရေလာမြောင်းပေးလုပ်ပေးတယ်။

မျိုးဥကလည်း မျိုးဥအိမ်ကနေထွက်၊ သားအိမ်ပြွန်အပေါက်ဝထဲကိုဝင်၊ သားအိမ်ပြွန်တလျှောက်ဝင်လာမယ်။ လမ်းမှာတင် အဖိုသုက်ပိုးနဲ့ မ-မျိုးဥတွေ့ဆုံပေါင်းစပ်မှုဖြစ်မယ်။ မ-မျိုးဥဟာ မျိုးဥအိမ်ကထွက်ပြီးတဲ့နောက် အဲဒီလိုသုက်ပိုးနဲ့ မတွေ့ ရရင်တော့ ၁၂-၂၄ နာရီထက်ပိုပြီး ဆက်ရှင်မနေဘူး။ သုက်ပိုးကတော့ ကိုယ်ထဲမှာ ၃-၅ ရက်အထိ ရှင်နိုင်တယ်။
မ-မျိုးဥရှင်သန်နေတဲ့ ၂၄ နာရီနဲ့အံကိုက် သုက်ပိုးနဲ့တွေ့အောင် စီမံချက်ချတတ်ဖို့လိုတယ်။ အဲဒီရက်တွေမှာသာ အတူနေမယ်ဆိုတာလည်း သိပ်ကောင်းမယ်မဟုတ်ပါ။ နောက်ပြီး ယောကျာ်းမှာ သုက်လွှတ်တာ ဆက်တိုက်များရင် သုက်ကောင်ရေ အရေအတွက်ကို နည်းစေနိုင်တယ်။

မျိုးဥထွက်ရက် အသေအချာသိချင်ရင် Ovulation Kits ဝယ်သုံးပါ။ LH ဟော်မုန်း များများ လာတာဟာ မျိုးဥထွက်တာမို့ ဆီးထဲပါနေတဲ့ LH တိုင်းနိုင်တယ်။ ကောင်းတဲ့ ကိရိယာနဲ့ဆို နေ့တိုင်း စစ်နိုင်လို့ ၉၉ ရာခိုင်နှုန်း မှန်နိုင်တယ်။

ကလေးအမေဖြစ်ချင်သူ
အသက် ၃၀အရွယ် ကျန်းမာတဲ့အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဖို့အခွင့်အလမ်း ၂၀ရာခိုင်နှုန်း ရှိတယ်။ အသက် ၂၀ အရွယ် ကျန်းမာတဲ့အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဖို့အခွင့်အလမ်း ၅ ရာခိုင်နှုန်းရှိတယ်။ ဖောလစ်အက်စစ်များတဲ့အစားအစာစားပါ။Folic-acidဆေးသောက်ပါ။ သြဂဲနစ် အစားအသောက်ရွေးချယ်စားသောက်ပါ။ ပလပ်စတစ်ထုပ်ပိုးတာမျိုး ရှောင်ရှားပါ။ အစားအသောက်ဆင်ခြင်တာနဲ့ ကိုယ်လက်လေ့ကျင်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းပါ။ အရက်၊ ကေဖင်း-ဆေးလိပ်ရှောင်ကြဉ်ပါ။

ကလေးအဖေဖြစ်ချင်သူ
အသက် ၄၅ ကျော်ရင် အခွင့်အလမ်း နည်းနည်းလာမယ်။ စိတ်ဖိအားလျှော့ချနည်း လုပ်ပါ။ အရက်၊ ဆေးလိပ်ရှောင်ပါ၊ လျှော့ပါ၊ ဖြတ်ပါ။ ကိုယ်အလေးချိန်ထိန်းပါ။ Zinc(ဇင့်)ဓာတ်ပါတဲ့ အသား၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ ပင်လယ်စာနဲ့ ဥတွေစားပါ။ Selenium ပါတဲ့ အသား၊ ပင်လယ်စာ၊ မှို၊ ဖြူဖွေးနေအောင်ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ အစေ့အဆံတွေစားပါ။ (ဗီတာမင်အီး)သောက်ပါ။ ကျား-အစိ (တက်စ်တိစ်)ကို အေးနေအောင် သတိထားပါ။

အတူနေအပြီး သုက်ရည်ပြန်ထွက်ခြင်း၊ သားအိမ် (ဖိုက်ဘရွိုက်) အကျိတ်၊ (အင်ဒိုမီထရီယိုး ဆစ်ရောဂါ)နဲ့ မျိုးဥအိမ်အကျိတ်ရောဂါတွေကိုလည်း လိုရင်စစ်ရမယ်။ အနည်းဆုံး အထရာဆောင်းရိုက်ရင်သိမယ်။ အမျိုးသားမှာ သုက်ပိုး လုံးဝမထွက်တာလည်းရှိတယ်။ ရောဂါတစ်ခုစီအတွက် စာတွေ ရေးထားပါတယ်။ ကလေး၊ ကိုယ်ဝန်တစ်ခါရဖူးသူ နောက်ထပ် ရနိုင်တဲ့အခွင့်အလမ်း ကောင်းတယ်။ ပျက်ဖူးသူပိုဂရုစိုက်ရတယ်။ တားဆေး-တားနည်း တွေက ရာသက်ပန်ကလေးမရမဖြစ်ပါ။ သုံးလခံ ထိုးဆေး ရပ်လိုက်ပေမယ့် ကိုယ်ဝန်ရဖို့ စောင့်ရတာ အတော် မတူကြပါ။

အရေးပေါ်တားဆေးခဏခဏသောက်ထားရင် ဟော်မုန်းတွေနဲ့ ရာသီပြောင်းမယ်။ ရေရှည်ဘာဖြစ်မလဲ ဆေးသုတေသနနည်းတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ရဖို့ ပြင်ဆင်စရာမလိုပါ။ အမျိုးသမီးရာသီ မှန်နေရမယ်။ မမှန်ရင် စစ်ဆေးပြုပြင်ရမယ်။ လစဉ် မျိုးဥထွက်နေရမယ်။ ထွက်၊ မထွက်စစ်လို့ရတယ်။ အဲဒါသာ အကြောင်းခံဆိုရင် မျိုးဥထွက်ဆေးသောက်နိုင်တယ်။ စစ်နည်းနဲ့သောက်နည်း ဘလော့မှာတင်ထားတယ်။ သားအိမ်နဲ့ မျိုးဥအိမ်မှာ အကျိတ် + အိတ်မရှိရ။ ရှိ၊ မရှိ အာထရာဆောင်းနဲ့သိမယ်။ ရှိရင် ကုသမှုခံယူရမယ်။ အမျိုးသားသုက်ရည် အရေအတွက် + အရည်အသွေးမီရမယ်။ စစ်လို့ရတယ်။

မျိုးဥထွက်ရက် ပြက္ခဒိန်
(Ovulation Calculator)

အမျိုးသမီးတိုင်း အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့အရွယ်အထိ မျိုးဥတစ်ခုလတိုင်း ထွက်တယ်။ ကိုယ်ဝန်ရနိုင်ဖို့ ဒီမျိုးဥထွက်၊ မထွက်အပေါ် မူတည်တယ်။ ရာသီကို ရက်တွက်ရင် သွေးစဆင်းတဲ့နေ့ဟာ ပဌမနေ့။ နေ့နံပါတ် (၁) ဖြစ်တယ်။ အမျိုးသမီးအများစုဟာ ၂၈ ရက်ကနေ ၃၂ ရက်မှာ တစ် ကြိမ်ရာသီလာကြတယ်။ ရာသီစဆင်းတဲ့နေ့ ကနေ ၁၁ ရက် မြောက်နေ့ကနေ ၂၁ ရက်အတွင်း (ပျမ်းမျှ ၁၄ ရက်)နေ့မှာ မျိုးဥထွက်မယ်။ မျိုးဥမထွက်မီ ၁ ရက်အလိုကနေစပြီး အတူနေသင့်တယ်။
မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ကိရိယာကို Ovulation Test နဲ့ စမ်းနိုင်တယ်။ ရာသီလအလယ် ရက်ဝန်းကျင်မှာ (LH) ဟော်မုန်း ပိုထွက်လာရတယ်။ အဲဒါကို စမ်းရတာဖြစ်တယ်။ မျိုးဥဟာ မျိုးဥအိမ်ကနေထွက်ပြီး ၂၄ နာရီ ခံတယ်။ ၃၀ရာခိုင်နှုန်းသော အမျိုးသမီးတွေက လလယ်ရက်အတိအကျမှာ မျိုးဥထွက်တယ်။ ၆၀ရာခိုင်နှုန်းက လလယ်ရက်ထက် ၁ ရက် စောထွက်တယ်။ ၇၈ ရာခိုင်နှုန်းက ၂ ရက် စောထွက်တယ်။

ရာသီလာပြီး ၈ ရက်မြောက်နေ့ကနေ ၁၉ရက်အတွင်းဟာ ကိုယ်ဝန်အရနိုင်ဆုံးရက်တွေဖြစ်တယ်။

မျိုးဥထွက်ရက်အတိမှာ အတူနေရင် ၈-၁၀ ရာခိုင်နှုန်း ကိုယ်ဝန်ရကြတယ်။

မျိုးဥမထွက်ခင် ၅ ရက်အလိုမှာ အတူနေရင် ၄ ရာခိုင်နှုန်း ကိုယ်ဝန်ရကြတယ်။

မျိုးဥမထွက်ခင် ၄ရက်အလိုမှာ အတူနေရင် ၁၅ ရာခိုင်နှုန်း ကိုယ်ဝန်ရကြတယ်။

မျိုးဥမထွက်ခင် ၂ ရက်အလိုမှာအတူနေရင် ၂၅-၂၈ ရာခိုင်နှုန်း ကိုယ်ဝန်ရကြတယ်။

မျိုးဥထွက်ရက်၊ ကိုယ်ဝန်ရနိုင်တဲ့ရက်တွေနဲ့ ကလေးမွေးမယ့်ခန့်မှန်းရက်တွက်နည်း

၂၈ ရက်တစ်ကြိမ် ရာသီလာသူများ ဥပမာ ၆- ၁-၂၀၁၇ နေ့မှာ ရာသီစလာရင် ၁၅-၁-၂၀၁၇ ကနေ ၂၀-၁-၂၀၁၇ အတွင်း အတူနေသင့်တယ်။ ၁၃-၁၀-၂၀၁၇ နေ့ မွေးနိုင်တယ်။

၃၀ ရက်တစ်ကြိမ် ရာသီလာသူများ ဥပမာ ၆- ၁-၂၀၁၇ နေ့မှာ ရာသီစလာရင် ၁၇-၁-၂၀၁၇ ကနေ ၂၂-၁-၂၀၁၇ အတွင်း အတူနေသင့်တယ်။ ၁၃-၁၀-၂၀၁၇နေ့ မွေးနိုင်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top