Healthy Life Ad
Life Style

အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူခြင်း……(၄)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

“အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူတတ်တဲ့ ‘အိုစီဒီ’ကို စိုးရိမ်သောကလွန်ကဲ ဝေဒနာတစ်မျိုး လို့ ပြောနိုင်ပါသလား ဆရာ”
“ဟုတ်ပါတယ်။ ‘အိုစီဒီ’ကို စိုးရိမ်သောကလွန်ကဲဝေဒနာ အုပ်စုဝင်ရောဂါတစ်မျိုးလို့ သတ်မှတ်ထားတယ်။ ထပ်တလဲလဲ ပေါ်ပေါက်လာတဲ့၊ လက်ခံလို့မရတဲ့ အတွေးတွေကြောင့် ‘အိုစီဒီ’ရောဂါရှင်ဟာ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေ အစဉ်အမြဲခံစားနေရ လို့ စိုးရိမ်သောကလွန်ကဲဝေဒနာတစ်မျိုးလို့ ဆိုနိုင်တာပေါ့။ နောက်ပြီး အိုစီဒီရောဂါရှိသူမှာ တခြားစိတ်ရောဂါတွေလည်း ပူးတွဲ ဖြစ်ပေါ်လေ့ရှိပါတယ်။ အများအားဖြင့် တွေ့ရှိရတာက စိတ်ကျရောဂါ၊ တစ်ခုခုကို ကြောက်စိတ်လွန်ကဲရောဂါ၊ အထွေထွေ စိတ်သောကလွန်ကဲရောဂါ၊ ဗြုန်းခနဲ့ အကြောင်းမဲ့ ကြောက်ရွံ့ထိတ်လန့်ရောဂါ (Panic Disorder)၊ ပိန်မှာကြောက်လို့ အစားအစာရှောင်လွန်းတဲ့ ရောဂါ စသည်တို့ ဖြစ်တယ်။ ‘အိုစီဒီ’ရောဂါရှိတဲ့ လူနာ ၂၀ ရာခိုင်နှုန်းကျော်မှာ ‘ရုတ်တရက် အကြောရှုံ့ဝေဒနာ’ (Tics)ရှိဖူးတဲ့ ရာဇဝင်ရှိတာ တွေ့ရပါတယ်”

“ဒီတော့ အိုစီဒီရောဂါကို မကုသခင် ပူးတွဲရောဂါတွေ ရှိ၊ မရှိ စစ်ဆေးရမှာပေါ့”
“မှန်ပါတယ်။ ပထမဆုံး အိုစီဒီရောဂါလက္ခဏာလား၊ စိတ္တဇရောဂါလက္ခဏာလား (Psychotic symptom)ဆိုတာကို ခွဲခြားအဖြေရှာရမယ်။ ‘အိုစီဒီ’ရောဂါရှင် ၆၇ ရာခိုင်နှုန်းမှာ စိတ်ကျရောဂါ ပူးတွဲ ပါရှိနေတတ်တယ်။ ၂၅ ရာခိုင်နှုန်းမှာတော့ တစ်ခုခုကို ကြောက်စိတ်လွန်ကဲဝေဒနာကို တွေ့ရှိရတယ်”
“အိုစီဒီရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ကုသပေးဖို့ကော မလိုဘူးလားဆရာ”
_ _ _

“အိုစီဒီရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကို အတိအကျ သိရှိနိုင်ရင် ကောင်းတာပေါ့။ ဒါပေမဲ့ အိုစီဒီရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျမသိရသေးဘူး”
“လေ့လာတွေ့ရှိချက်တွေကိုပြောပြပါဆရာ”
‘အိုစီဒီရောဂါဟာ မျိုးရိုးလိုက်ပြီး ဖြစ်တတ်တယ်ဆိုတာသိရတယ်။ အိုစီဒီရောဂါရှင် ၁၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ ရောဂါမဖြစ်ပွားခင် ‘စည်းကမ်းကြီး အသန့်ကြိုက်ကိုယ်ရည်ကိုယ်သွေး’ (Obsessional Personality)ရှိတာကိုလည်း တွေ့ရှိရတယ်။ ကလေးကြီးထွားရင့်ကျက်လာတဲ့ အဆင့်ဆင့်မှာ “ဝမ်းသွားတာကိုထိန်းချုပ်ဖို့ ကြိုးစားတဲ့ အဆင့်”ဆိုတာရှိတယ်။ ခွဲခြားစိတ်ဖြာစိတ်ပညာရှင် ဖရွိုက်(Freud)က အဲဒီအဆင့်ကို “စအို အဆင့်”လို့ ခေါ်တယ်။ ကလေးငယ်ဟာ “စအို အဆင့်”အချိန်ပိုင်းအတွင်းမှာ စိတ်ဖိစီးမှုဒဏ်ကို ခံရရင် “အိုစီဒီ”ရောဂါဖြစ်ပွားလာနိုင်တယ်လို့ဆိုပါတယ်။ အဲဒါက သီအိုရီတစ်ခုပါ။ အပြုအမူစိတ်ပညာရှင်တွေကတော့ “အိုစီဒီ”ရောဂါဟာ သင်ယူတတ်မြောက်မှုလမ်းလွဲနေလို့ စွဲလန်းတဲ့အကျင့်ပေါ်ပေါက်လာတာလို့ ဆိုကြပါတယ်။ ဦးနှောက်နဲ့ အာရုံကြောအင်္ဂါစုဇီဝဗေဒပညာရှင်တွေ လေ့လာတွေ့ရှိထားတာလည်းရှိတယ်”

“ဘာတွေလဲ ဆရာ”
“အိုစီဒီရောဂါရှိသူရဲ့ ဦးနှောက်ထဲမှာ အာရုံကြောဆက်သွယ်ရေး ဓာတုပစ္စည်းတစ်ခု ဖြစ်တဲ့ ဆီရိုတိုနင် (Serotonin)ဓာတ်အားနည်းနေတယ်၊ အချိုးမကျ ဖြစ်နေတယ်။ နောက်ပြီး CT,MRI,PET ဓာတ်မှန်ရိုက်နည်းတွေနဲ့ စစ်ဆေးကြည့်တော့ Thalamus ၊ Cingulate ၊ Striatumနဲ့ Prefrontal Cortes စတဲ့ ဦးနှောက်ပိုင်းတွေဟာ အိုစီဒီရောဂါ ဖြစ်ပွားမှုနဲ့ သက်ဆိုင်နေတာကို တွေ့ရှိရတယ်”
“အခုဆွေးနွေးခဲ့တာတွေကတော့ အိုစီဒီရောဂါ ဖြစ်ပွားစေတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သီအိုရီတွေ၊ လေ့လာတွေ့ရှိချက် အနှစ်ချုပ်ပါပဲ”
_ _ _

“အဲဒီသီအိုရီတွေ၊ တွေ့ရှိချက်တွေကို အိုစီဒီရောဂါကုသတဲ့နေရာမှာ အသုံးပြုကြသလား ဆရာ”
“သီအိုရီကို အမှီပြုပြီး စမ်းသပ်ကုသနည်းတွေ ရှိပါတယ်။ ဥပမာ ‘အပြုအမူကုထုံး’(Behavioural Therapy) ဖြစ်တယ်”
“အပြုအမူကုထုံးရဲ့ ကုသနည်းတွေကို ပြောပြပါ ဆရာ”
“အသုံးများတဲ့ကုသနည်းတစ်ခုကတော့ ‘ရင်ဆိုင်ထိတွေ့-တုန့်ပြန်မှုတားဆီးကုထုံး’(Expo­sure and response prevention) ဖြစ်ပါတယ်။ သဘောကတော့ ဒီလိုပါ။ အိုစီဒီအတွေးတွေကို ဖြစ်ပေါ်စေတဲ့ လှုံ့ဆော်မှုနဲ့ လက်တွေ့ထိတွေ့စေတယ်။ အဲဒီတော့ လူနာရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေ ပေါ်ပေါက်လာလိမ့်မယ်။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ်ကို ဖြေဖျောက်တဲ့ အပြုအမူကိုမလုပ်ရဘူး။ ကုသသူပညာရှင်က တားဆီးပေးတယ်”

“နမူနာလေးတစ်ခုနဲ့ ရှင်းပြပေးပါလားဆရာ”
“ဥပမာ ဒေါ်ခင်သက်လို အိုစီဒီဝေဒနာရှင်ဆိုပါတော့ . . (Healthy Life အမှတ် ၆၄)။ သူက တစ်ခုခုကို ကိုင်မိရင် ခြေလက်တွေ ညစ်ပတ်လာပြီ၊ ရောဂါပိုးတွယ်ကပ်နေပြီလို့ထင်မြင်ယူဆတဲ့ အတွေးတွေ ပေါ်ပေါက်လာတယ်။ ဒါကြောင့် ထပ်တလဲလဲ အကြိမ်ကြိမ် လက်ဆေးတဲ့ အကျင့် ဖြစ်ပေါ်လာပါတယ်။ ကုသခန်းထဲမှာ ဒေါ်ခင်သက်ကို ညစ်ပေနေတဲ့ အဝတ်စနဲ့ ထိတွေ့စေတယ်။ သူ့ရှေ့မှာ အဝတ်စကို ကြမ်းပြင်မှာ ပွတ်တိုက်ပြတယ်။ အဝတ်စနဲ့ ဖုန်သုတ်ပြတယ်။ နောက်ပြီး အဲဒီအဝတ်စနဲ့ ဒေါ်ခင်သက်ရဲ့ လက်မောင်းနဲ့ လက်ဖဝါးကို ပွတ်တိုက်ပေးတယ်”

“ဒီတော့ ဘယ်လိုဖြစ်လာသလဲ”
“ဒေါ်ခင်သက် စိတ်ထဲမှာ ‘ငါ့ကို ရောဂါပိုးတွေ ကူးစက်နေပြီ’လို့ ထင်မြင်လာတာပေါ့၊ ခြေလက် တွေညစ်ပတ်နေပြီ စတဲ့ အစွဲအလန်းကြီးတဲ့ အတွေးတွေပေါ်ပေါက်လာတာပေါ့၊ စိတ်ထဲမှာ အလွန်အမင်း ကြောက်ရွံ့လာတာပေါ့၊ လက်ဆေးချင်စိတ်တွေ ပေါ်ပေါက်လာတာပေါ့”
“အဲဒီတော့ ဆရာက လက်ဆေးခွင့် ပြုသလား”
“ခွင့်မပြုပါဘူး။ လက်ဆေးချင်တဲ့ တုန့်ပြန်မှုကို တားဆီးထားပါတယ်။ ညစ်ပေနေတဲ့ လက်မောင်း၊ လက်ဖဝါးနဲ့ မိနစ် ၉၀ လောက် ထိုင်နေဖို့ တွန်းအား ပေးတယ်။ တစ်နာရီခွဲကျော်အချိန်အတွင်းမှာ ဒေါ်ခင်သက်ရဲ့ ခံစားမှုတွေကို ပြောဆိုဆွေးနွေးခွင့် ပေးတယ်။ ဒါမှမဟုတ် တခြားကိစ္စတွေကို မေးမြန်းတယ်၊ လက်ဆေးခွင့်တော့ မပေးဘူး”
“လူနာကြောက်စိတ်ဝင်အောင်လုပ်ထားတော့ ဒဏ်ပေးရာ မကျဘူးလား”
“ဒဏ်ပေးတာ မဟုတ်ပါဘူး၊ ဆေးကုတာပါ”

“ရှင်းပြပါ ဆရာ”
“ခြေလက် ညစ်ပတ်နေတယ်လို့ ထင်မြင်ယူဆပြီး ပေါ်ပေါက်လာတဲ့ ကြောက်စိတ်က စိတ်ခံစားတုန့်ပြန်မှု (Emotion)တစ်ခု ဖြစ်တယ်။

ဘယ်စိတ်ခံစားမှုမျိုးမဆို “အတက်”ရှိရင် “အဆင်း”ရှိစမြဲ ဖြစ်တယ်။ ခင်ဗျား ဒေါသထွက်လာရင် ပထမ ဒေါသအရှိန်တက်မယ်။ ကြာလာရင်မိနစ်ပိုင်းအတွင်း တဖြည်းဖြည်းစိတ်တိုနေတာ ပျောက်သွားမှာပဲ။ အပျော်ကြီး ပျော်နေရင်လည်း ခဏပဲ၊ ပျော်ရွှင်နေတဲ့ စိတ်ဟာ အချိန်ကြာလာရင် အရှိန်ကျသွားမှာပဲ။ ဒီအတိုင်းပဲ ဒေါ်ခင်သက်ခံစားလာရတဲ့ ကြောက်စိတ်ဟာလည်း အချိန်ကြာလာရင် လက်မဆေးပေမယ့် အလိုလို သက်သာလာမှာပဲ”

‘နည်းနည်း ထပ်ပြီး ရှင်းပြမယ်”
“အိုစီဒီရောဂါရဲ့ သဘောကို ခင်ဗျားသိတယ် မဟုတ်လား၊ စွဲလန်းတဲ့ အတွေး …. စိုးရိမ်စိတ် ကြောက်စိတ်ဖြစ်ပေါ်… ကြောက်စိတ်ပြေပျောက်အောင် တစ်ခုခုပြုလုပ်…. စိုးရိမ်စိတ်၊ ကြောက်စိတ် သက်သာသွား … မကြာခင် စွဲလန်းတဲ့အတွေး ပြန်ပေါ်လာ”
“ရောဂါအရှိန်မပြတ်နိုင်တဲ့ သံသရာလည်ပုံကို ပြောတာလား ဆရာ”
“ဟုတ်ပါတယ်။ ဒေါ်ခင်သက်ကို လက်မဆေးဖို့ တားမြစ်လိုက်တော့ ဘယ်လို ဖြစ်လာသလဲ၊ ‘စွဲလန်းတဲ့ အတွေး … စိုးရိမ်စိတ်၊ ကြောက်စိတ်ပေါ်လာ …. (လက်မဆေးနဲ့)ထိုင်နေ… ကြာလာတော့ (စိတ်ခံစားမှုရဲ့သဘာဝအတိုင်း)စိုးရိမ်စိတ်၊ ကြောက်စိတ်ဟာ အလိုအလျောက်အရှိန်ကျသွားမယ်၊ သက် သာလာမယ်၊ ဒီတော့ ရောဂါသံသရာလည်နေတာကို ဖြတ်တောက်ပစ်ရာရောက်တာပေါ့”

“အထပ်ထပ် လက်ဆေးတဲ့ အပြုအမူအလေ့အထတွေ လျော့နည်းလာတဲ့ သဘောလား”
“မှန်ပါတယ်။ နောက်ပြီး အဲဒီလိုကုသမှုကို အကြိမ်ကြိမ်ခံယူရင် ခြေလက်တွေ ညစ်ပတ်နေတယ်လို့ထင်တဲ့ အတွေးတွေလည်း လျော့နည်းလာနိုင်တယ်။ အားပျော့လာနိုင်တယ်”
“ဘာကြောင့်လဲ ဆရာ”
“ကလေးငိုတိုင်း ချော့မော့ပြီး မုန့်ကျွေးရင် ငိုတတ်တဲ့ အပြုအမူကို အားပေးသလို ဖြစ်တယ်။ ငိုတတ်တဲ့ အကျင့်ပိုပြီး ကဲလာမယ်။ အလားတူပဲ၊ မသန့်ရှင်းဘူးလို့ ထင်တဲ့ အတွေး ပေါ်လာတိုင်း လက်ဆေးရင် အဲဒီအတွေးကို အားပေးရာ ရောက်တယ်၊ “ဆုပေး”သလိုဖြစ်မယ်၊ လက်မဆေးဘဲ တင်းခံနေရင် “ဒဏ်ပေး”သလို ဖြစ်တဲ့အတွက် အတွေးတွေ လျော့နည်းသွားနိုင်တယ်”

“ရင်ဆိုင်ထိတွေ့. . တုန့်ပြန်မှုတားဆီးကုထုံး” က ထိရောက်မှုရှိသလား ဆရာ”
“လူနာက စွဲစွဲမြဲမြဲလေ့ကျင့်ရင်၊ ကုသမှု ပြီးဆုံးတဲ့အထိ လက်ခံပြီး ပါဝင်ဆောင်ရွက်ရင် ၇၅ ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိပါတယ်”
“ကုသမှုကို မလိုက်နာနိုင်တာ ရှိပါသလား ဆရာ”
“အတော်များများ တွေ့ရတယ်၊ အပြောလွယ်ပေမယ့် လက်တွေ့လုပ်ရတာ ခက်တဲ့ ကိစ္စပါ။ လူနာက နည်းအမျိုးမျိုးနဲ့ လက်ဆေးဖို့ ကြိုးစားတယ်၊ အပေါ့သွားချင်တယ်ဆိုပြီး အိမ်သာထဲမှာ လက်ဆေးနေတာ ရှိမယ်။ ရေသောက်ချင်ယောင်ဆောင်ပြီး မသိမသာ လက်ကို ပွတ်တိုက်ဆေးမယ်၊ တချို့လူနာတွေကတော့ ကုသမှုကို လက်မခံချင်တော့ဘူး”
“အဲဒီလို လူနာတွေကို ဘယ်လိုကုသမလဲ”

“လူနာတွေပိုမိုလက်ခံတဲ့ ကုထုံးတစ်ခုကတော့ ‘အတွေးအခေါ်ပြုပြင်ပေး ကုထုံး’(Cognitive Restructuring))ဖြစ်ပါတယ်။ ဒေါ်ခင်သက်ကို အဲဒီကုထုံးနဲ့ စတင်ကုသဖို့ စီစဉ်နေတုန်း သူပျောက်သွားတယ်”
“ရောဂါပျောက်ကင်းသက်သာသွားတာလား”
“မဟုတ်ပါဘူး။ လူပျောက်သွားတာပါ။ ဆေးခန်းရက်ချိန်း ပေးထားတဲ့အတိုင်း မလာတော့ဘူး၊ ဆက်သွယ်လို့လည်း မရတော့ဘူး”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top