Healthy Life Ad
Life Style

အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူခြင်း . . . (၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

“အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူတတ် တဲ့ အိုစီဒီရောဂါကိုကုသတဲ့ စိတ်ကုထုံးကိုဆက်ပြောပါ ဆရာ”
“အတွေးအခေါ် ပြုပြင်ပေးတဲ့ ကုထုံး (Cognitive Therapy)ကိုလည်း အသုံးပြုကြပါတယ်။ ဒီကုထုံးမှာ လူနာကို အိုစီဒီအတွေးတွေနဲ့ ဆန့်ကျင်တဲ့ စိတ်လေ့ကျင့်ခန်းဆောင်ရွက်ဖို့ သင်ကြားပေးတယ်။ ဒီကုထုံးကို “အန္တရာယ်ရှိတယ်လို့ ထင်မြင် ယူဆတဲ့ အတွေးလျော့နည်းစေတဲ့ကုထုံး” (Danger Ideation Reduction)လို့ ခေါ်ပါတယ်။

“ကုသတဲ့နည်းပရိယာယ်ကို ရှင်းပြပေးပါ”
“ဒေါ်ခင်သက်လိုတစ်ခုခုကို ထိတွေ့ကိုင်တွယ် မိရင် ရောဂါပိုးတွေ တွယ်ကပ်နေပြီလို့ စွဲလန်းစိတ်ပေါ်လာတဲ့ ရောဂါမျိုးဆိုပါတော့။ စွဲလန်းတဲ့ အတွေးတွေ လျော့နည်းအောင် အသုံးပြုတဲ့နည်းတွေ ရှိပါတယ်။

ခြောက်လလောက်ကြာတော့ ဈေးတန်းတစ်ခုထဲမှာ ဒေါ်ခင်သက်နဲ့ ရင်ဆိုင်တွေ့တယ်။ ဆရာက ‘ခင်ဗျား ဘယ်ရောက်နေလဲ၊ အဆက်အသွယ်ပြတ်သွားလို့ ကျွန်တော် စိုးရိမ်နေတာ’လို့ မေးတော့ ဒေါ်ခင်သက် က ရယ်ရယ်မောမောနဲ့ အဖြေပေးတယ်။
‘ကျွန်မ ပျောက်သွားတာက တရားစခန်းတစ်ခုမှာ သုံးလကျော် လေးလလောက် တရားထိုင်ဖြစ်လို့ပါ။ အကျိုးရှိတယ်ဆရာ၊ ကျွန်မရဲ့ အိုစီဒီရောဂါ အခု ပျောက်သွားပြီ။ အဲဒီအတွေးတွေ မရှိတော့ဘူး’တဲ့။

(က) ဘာကြောင့် ရောဂါပိုးတွေ တွယ်ကပ်နေ တယ်လို့ ထင်မြင်ယူဆသလဲလို့ လူနာကို မေးပါတယ်။ လူနာက သူ့အမြင်နဲ့ အကျိုးအကြောင်း ဆင်ခြေဆင် လက်တွေကို ပြောပြလိမ့်မယ်။ လူနာ ဆင်ခြေတက်တဲ့ အချက်အလက်တွေထဲမှာ သဘာဝမကျတာ၊ ယုတ္တိမတန်တာ၊ မမှန်ကန်တာပါရှိတယ်။ ကုသသူပညာရှင်က အဲဒီအချက်တွေကို ထောက်ပြပြီး လူနာနဲ့အပြန်အလှန် ဆွေးနွေးပါတယ်။ အစွဲအလမ်းကြီးတဲ့အတွေးတစ်ခု ပေါ်လာရင် အဲဒီအတွေးကို လက်ခံပြီး တစ်ခုခုကို ထပ်တလဲလဲ မလုပ်နဲ့။ ‘နောက်တစ် လှမ်းဆုတ်’ပြီး ဆင်ခြင်စဉ်းစားကြည့်ဖို့ သင်ကြားပေးတယ်။ လူနာကိုယ်တိုင် အိမ်မှာလေ့ကျင့်ဖို့ အားပေးတိုက်တွန်းပါတယ်။

(ခ) မသန့်ရှင်းတဲ့ ပစ္စည်းနဲ့ အညစ်အကြေးတွေကို နေ့စဉ် ကိုင်တွယ်လုပ်ကိုင်နေရသူတွေရဲ့ ဓာတ်ပုံ၊ ဗီဒီယိုကိုကြည့်ခိုင်းတယ်။ ဥပမာ- ကူးစက်ရောဂါရှိသူကို ထိတွေ့ပြုစုနေတဲ့သူနာပြု၊ အိမ်သာ သန့်ရှင်းရေးလုပ်နေတဲ့ သန့်ရှင်းရေးလုပ်သား၊ ငွေစက္ကူဟောင်းတွေကို နေ့စဉ်ကိုင်တွယ်နေရတဲ့ ဘဏ်ဝန်ထမ်းစတာတွေဖြစ်တယ်။ အဲဒီသူတွေဘာကြောင့် ရောဂါမရရှိတာလဲဆိုတာကို အကြောင်းရှာခိုင်းတယ်၊ ဆင်ခြင်စဉ်းစားခိုင်းတယ်။

(ဂ) မကြာခဏ ထပ်ပြန်တလဲလဲ လက်ဆေးရင် ဖြစ်ပေါ်လာနိုင်တဲ့ မကောင်းကျိုးတွေကို ဆင်ခြင်စဉ်း စားစေတယ်။ ဥပမာ- လက်ဖဝါး အရေခွံကွာခြင်း၊ အရေပြားရောင်ရမ်းခြင်း)။

အဲဒီလို သင်ကြားပေးပြီး လူနာကိုယ်တိုင် လေ့ ကျင့်စေပါတယ်။ အတွေးအခေါ်ကို ပြုပြင်ပေးခြင်း ကုထုံးမှာ အသုံးပြုတဲ့ နည်းပရိယာယ်တချို့ပါပဲ။

အစွဲအလန်းကြီးတဲ့ အတွေးတွေကို ထိန်းချုပ်တဲ့ နည်းပရိယာယ်တစ်ခုရှိသေးတယ်။

“ပြောပြပါ ဆရာ”
“တစ်စုံတစ်ခုကို အာရုံစူးစိုက်ခြင်း (Attention Focusing) လို့ ခေါ်တယ်။ အစွဲအလန်းကြီးတဲ့ အတွေးတွေ ပေါ်ပေါက်လာရင် စိတ်အာရုံကို တခြား အတွေးတစ်ခုခုနဲ့ အစားထိုးလိုက်တာ ဖြစ်တယ်။ အိုစီဒီအတွေးတွေကို ဖျောက်ပစ်ဖို့ ကြိုးစားမယ့်အစား တခြားအတွေးတစ်ခုခုမှာ အာရုံပြုလိုက်တာဖြစ် တယ်။ ဥပမာ- ကမ္မဋ္ဌာန်းတရားထိုင်သလို ဝင်သက် ထွက်သက်ကို အာရုံပြုလိုက်တာဖြစ်တယ်”

“အဲဒီကုသနည်းကို လူနာတွေ ပိုပြီး နှစ်ခြိုက် မယ်ထင်ပါတယ်”
“ဟုတ်မယ် ထင်တယ်။ ကျွန်တော့်ဆေးခန်းကို မလာတော့တဲ့ ဒေါ်ခင်သက်ကို သိတယ်မဟုတ်လား၊ ခြောက်လလောက်ကြာတော့ ဈေးတန်းတစ်ခုထဲမှာ ဒေါ်ခင်သက်နဲ့ရင်ဆိုင်တွေ့တယ်။ ဆရာက ‘ခင်ဗျား ဘယ်ရောက်နေလဲ၊ အဆက်အသွယ်ပြတ်သွားလို့ ကျွန်တော်စိုးရိမ်နေတာ’လို့ မေးတော့ ဒေါ်ခင်သက် က ရယ်ရယ်မောမောနဲ့ အဖြေပေးတယ်။

‘ကျွန်မ ပျောက်သွားတာက တရားစခန်းတစ်ခု မှာ သုံးလကျော် လေးလလောက် တရားထိုင်ဖြစ်လို့ ပါ။ အကျိုးရှိတယ်ဆရာ၊ ကျွန်မရဲ့ အိုစီဒီရောဂါ အခု ပျောက်သွားပြီ။ အဲဒီအတွေးတွေ မရှိတော့ဘူး”တဲ့။

“ဒေါ်ခင်သက်က တရားထိုင်လို့ အိုစီဒီရောဂါ သက်သာပျောက်ကင်းသွားတယ်လို့ ဆရာ ယူဆသလား”

“တစ်စုံတစ်ခုကိုအာရုံစူးစိုက်တဲ့ စိတ်လေ့ကျင့်ခန်း (Meditation)ဟာ စိတ်ကျန်းမာရေးအတွက် အကျိုးရှိပါတယ်”

“အိုစီဒီရောဂါကို ကုသတဲ့ တခြား အပြုအမူ ကုထုံးရှိသေးလား ဆရာ”
“ရှိပါတယ်။ လူနာ လေ့ကျင့်နိုင်တဲ့ နည်းတစ်ခုကတော့ အိုစီဒီအတွေးတွေကို မိမိကိုယ်တိုင် အရွဲ့တိုက်ပြီး တွေးတောခိုင်းတဲ့ ကုထုံးဖြစ်တယ်။ အဲဒါ မိမိကြောက်ရွံ့တဲ့ အရာနဲ့ ထိတွေ့စေတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်ပအရာဝတ္ထုနဲ့ ထိတွေ့ခိုင်းတာမဟုတ်။ စိတ်ကူးထဲမှာ ထိတွေ့စေတာဖြစ်တယ်၊ ဆေးပညာမှာ အဲဒီနည်းကို Implosion Therapy လို့ခေါ်တယ်။ “စိတ်ထဲမှာ ကြောက်စရာအတွေးတွေ နဲ့လောင်ကျွမ်းစေတဲ့ ကုထုံး”လို့ဆိုရမယ်။ “အရွဲ့ တိုက်တဲ့ကုထုံး”လို့ ခေါ်နိုင်တယ်။

သဘောကတော့ ဒီလိုပါ။ အိုစီဒီအတွေးတွေဟာ လူနာက မတွေးချင်ပေမယ့် လူနာရဲ့ စိတ်ထဲကို အလိုအလျောက် တိုးဝင်လာတဲ့ အတွေးမျိုး ဖြစ်ပါတယ်။ အရွဲ့တိုက်တဲ့ ကုထုံးမှာ အိုစီဒီအတွေးတွေကို လူနာရဲ့ အသိစိတ်နဲ့ စဉ်းစားတွေးတောခိုင်းတယ်။ ‘လာစမ်းဟာ၊ တွေးစမ်းဟာ’ပေါ့။ စိတ်ထဲမှာ စဉ်း စားတွေးတောတာအပြင် စာရွက်ပေါ်မှာလည်း အဲဒီ အတွေးတွေကိုရေးချခိုင်းတယ်။ စိတ်ထဲမှာ အိုစီဒီ အတွေးတွေနဲ့ ဗလောင်ဆန်နေအောင် အရွဲ့တိုက်ပြီး စဉ်းစားခိုင်းတာဖြစ်တယ်”

“ဒီလိုလုပ်တော့ ရောဂါပိုပြီး ဆိုးမလာဘူးလား ဆရာ”
“ပိုပြီး ဆိုးရွားမလာပါဘူး။ ကြောက်စရာ ကောင်းတဲ့အရာနဲ့ ထိတွေ့ပါများရင် အဲဒီအရာကို ကြောက်တဲ့ စိတ်ကလျော့နည်းလာတတ်ပါတယ်။ ခံစားတုန့်ပြန်မှု လျော့နည်းလာခြင်း (Desensitisation) လို့ ခေါ်ပါတယ်။ မြွေအလမ္မာယ်ဆရာက မြွေမကြောက်တော့သလိုပေါ့။ အိုစီဒီအတွေးတွေနဲ့ အရွဲ့တိုက်ပြီး ရင်ဆိုင်ပေးရင် အဲဒီအတွေးတွေဟာ လူနာအဖို့ “ရိုး”လာတယ်။ ကြောက်စရာ မကောင်းတော့ဘူး။ ဒီတော့ ထပ်တလဲလဲ ပြုလုပ်တဲ့ အလေ့အထလည်း သက်သာလာတာပေါ့”
_ _ _

“အိုစီဒီရောဂါကို ကုသရင် စိတ်ကုထုံးကိုပဲ အသုံးပြုသလား၊ စားဆေး မသုံးဘူးလား ဆရာ”
“အသုံးပြုပါတယ်။ လူနာကို လက်တွေ့ကုသတဲ့အခါ စားဆေးနဲ့ စိတ်ကုထုံးကို ပူးတွဲ အသုံးပြုတာ များပါတယ်”
“အိုစီဒီရောဂါကုသဖို့ အသုံးပြုတဲ့ ဆေးတစ် မျိုးကတော့ Chlomipramine ဆေး ဖြစ်ပါတယ်”

“အဲဒါ စိတ်ကျရောဂါ ကုသဆေး မဟုတ်ဘူးလား ဆရာ”
“ဟုတ်ပါတယ်။ ဦးနှောက်ထဲမှာ ဆီရိုတိုနင် ဓာတ်များအောင် ဒါမှမဟုတ် သမအောင် လုပ်ပေးနိုင်တဲ့ ဆေးတွေကို အိုစီဒီရောဂါ ကုသရာမှာ အသုံးပြုပါတယ်။ ထိရောက်မှုရှိတာလည်း တွေ့ရှိရတယ်”

“အိုစီဒီရောဂါရှင်များ ပူးတွဲခံစားရတဲ့ စိတ်ကျ ဝေဒနာသက်သာလာလို့လား”
“မဟုတ်ပါဘူး။ အိုစီဒီအတွေးတွေကို လျော့နည်းစေတဲ့ သီးခြား အာနိသင်ရှိလို့ပါ။ ဝေဒနာရှင် ၄၀ ရာခိုင်နှုန်းကျော်ဟာ ဆေးကြောင့် သိသိသာသာ ရောဂါ သက်သာလာတာတွေ့ရပါတယ်။ ဆေးအချိန် အတွယ်ကို စိတ်ကျရောဂါမှာ ကုသတာထက် ပိုမို သုံးစွဲရပါတယ်။ ဒါကြောင့် နှလုံးဒဏ်ထိတာ၊ မှတ် ဉာဏ်အားနည်းတာ၊ လိင်ဆက်ဆံတဲ့အခါ ချို့ယွင်းမှု ရှိတာစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရရှိနိုင်တယ်”

“အစားထိုး အသုံးပြုနိုင်တဲ့ တခြားဆေးတွေ ရှိသလား”
“ရှိပါတယ်။ စိတ်ကျန်းမာရေးဆေးပညာဂျာနယ်တွေထဲမှာ ရှာကြည့်ရင် အိုစီဒီရောဂါအတွက် အသုံးပြုတဲ့ ဆေး ၃၁ မျိုးကို တွေ့ရှိရတယ်။ အခုအခါ အသုံးများတဲ့ ဆေးတွေကတော့ Fluoxetine၊ Fluovoxamine၊ Sertraline၊ Paroxetine၊ Citalopram၊ Venlafaxineစတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ဒီဆေးတွေဟာ ဦးနှောက်ထဲမှာ ဆီရိုတိုနင် ဓာတ်များအောင် ဒါမှမဟုတ် သမအောင် ပြုလုပ်ပေးပါတယ်။ ဒီဆေးတွေကလည်း စိတ်ကျရောဂါကုသ ဆေးတွေဖြစ်ပါတယ်။ အိုစီဒီရောဂါ ကုသရာမှာ Clomipramineလိုပဲ အာနိသင်ရှိတယ်။ ဒါပေမဲ့ နှလုံးဒဏ်ထိတဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်နည်းပါးလို့ ဒီဆေးတွေကို အသုံးများလာပါတယ်”

“ဆေးစသောက်ပြီး ရက်ပိုင်းအတွင်း ရောဂါ သက်သာလာနိုင်သလားဆရာ”
“အိုစီဒီရောဂါ ကုသဆေးသောက်ရင် ရောဂါ စတင်သက်သာဖို့ ရက်သတ္တပတ်နှစ်ပတ်ကျော် လေး ပတ်အထိစောင့်ရတယ်။ တစ်ပတ်-နှစ်ပတ်အတွင်း အခြေအနေမထူးခြားလို့ စိတ်ပျက်ပြီး ဆေးသောက် ရပ်ပစ်တာ မလုပ်သင့်ဘူး။ ရောဂါ သက်သာလာရင်လည်း အနည်းဆုံး နှစ်နှစ်လောက် ဆက်တိုက် ဆေး သောက်ဖို့ လိုအပ်တယ်”

“ဆေးမတိုးတဲ့ လူနာတွေရှိသလား ဆရာ”
“အိုစီဒီလူနာ ၃၀ ရာခိုင်နှုန်းခန့်ဟာ အပြုအမူ ကုထုံးနဲ့လည်း မသက်သာဘူး၊ ဆေးနဲ့လည်း မသက်သာဘူး”
“အဲဒီလို လူနာတွေကို အိုစီဒီရောဂါကုဆေးနဲ့ တခြားဆေးတစ်မျိုးမျိုး ပူးတွဲကုသတာ ရှိပါတယ်။ ဥပမာ- Lithium၊ Buspirone၊ L-tryptophan၊ Olanzapine စတဲ့ ဆေးတွေ ဖြစ်ပါတယ်”

“ဘယ်လိုနည်းနဲ့မှ ကုသလို့ မရတဲ့ လူနာတချို့ ရှိတယ်။ သူတို့ကို ဦးနှောက်ခွဲစိတ်ကုသနည်းနဲ့ ကုသပေးတာ ရှိပါတယ်။ ဦးနှောက်ထဲမှာ အတွေးနဲ့ ဆိုင်တဲ့အပိုင်းနဲ့ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ အပိုင်းရှိတယ်။ အဲဒီဦးနှောက်အင်္ဂါပိုင်းနှစ်ခု ဆက်သွယ်မှုကို ဖြတ် တောက်ပေးတဲ့ ခွဲစိတ်ကုသနည်းတွေ ဖြစ်ပါတယ်။ အခုခေတ်မှာ ဓားနဲ့မခွဲတော့ဘဲ ဦးနှောက်ထဲ အပ် ချောင်းကလေးထိုးသွင်းပြီး လိုအပ်တဲ့ အပိုင်းကို ဖျက်ဆီးပေးတဲ့ ခွဲစိတ်နည်းတွေကို အသုံးပြုတယ်။ နောက်ဆုံးပေါ်နည်းကတော့ လိုအပ်တဲ့ ဦးနှောက်အ တွင်းသားတစ်နေရာကို လျှပ်စစ်ဓာတ်နဲ့ လှုံ့ဆော်ပေးတာ (Deep Brain Stimulation) ဖြစ်ပါတယ်”

“အောင်မြင်မှုရှိရဲ့လား ဆရာ”
“တခြားကုသနည်းတွေနဲ့ မပျောက်ကင်းနိုင်တဲ့ လူနာတချို့အတွက်အကျိုးရှိပါတယ်။ ဒါပေမဲ့ ရောဂါ သက်သာလာပုံက စိတ်ဝင်စားစရာကောင်းတယ်”

“ဘယ်လိုလဲဆရာ။ အစွဲအလန်းလွန်ကဲတဲ့ အိုစီဒီအတွေးတွေရှိတုန်းပဲ။ ဒါပေမဲ့ အဲဒီအတွေးတွေကြောင့် လူနာမှာစိုးရိမ်စိတ်၊ ကြောက်စိတ်ပေါ်ပေါက် မလာတော့ဘူး။ ဒီတော့ ထပ်တလဲလဲပြုလုပ်တဲ့ အပြုအမူတွေလည်း သက်သာလာတာပေါ့”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top