Healthy Life Ad
Life Style

လည်ပင်းကြီးဟော်မုန်းများနေခြင်း (Toxic goiter Q and A)

ဒေါက်တာတင့်ဆွေ

A1: လည်ပင်းက နဂိုထက် ယောင်ယောင်လေး ပိုကြီးနေလို့ပါဆရာ။ စိတ်ကလည်း အရင်ကထက် ပိုတို တတ်ပါတယ်။ အစားကတော့ ခဏတိုင်း စားတတ်ပါတယ်။ ပိန်တော့ မပိန်သွားပါဘူး။ ဝတောင်လာပါတယ်။ အဲဒါက လည်ပင်းကြီးရောဂါဆိုရင် ဘယ်လိုကုသလို့ ရနိုင်ပါမလဲဆရာ။ လောလောဆယ် ဆေးစစ်ဖို့ မလွယ်ကူသေးလို့ အရေးကြီး၊ မကြီးကို သိပါရစေ။ အကယ်၍ ယခုဆေးမစစ်သေးရင်ကောရနိုင်ပါသလား။

A2: လည်ပင်းကြီးဟော်မုန်း များတဲ့ရောဂါက Grave’s disease ဆိုတဲ့ ရောဂါတစ်မျိုးကြောင့် ဖြစ်ရတယ်။ Thyroid assay (Thyroid Function Test) ဆေးစစ်ရတယ်။ လက်ကောက်ဝတ် သွေးခုန် နှုန်းစမ်းပါ။ လူနာရဲ့ လက်ကောက်ဝတ်ကို သက်သောင့်သက်သာထားပြီး စမ်းတဲ့လူရဲ့ လက်ချောင်းတွေနဲ့ သူ့လက်မ အထက်ကနေရာမှာ သွေးခုန်နေတာကို စမ်းမိအောင်လုပ်ပါ။

တစ်မိနစ်မှာ ပုံမှန်လူတွေက ၇၀-၈၀ခုန်နေမယ်။ လည်ပင်းကြီးဟော်မုန်းများနေရင် ပိုများမယ်။ ၉၀-၁၀ဝ ဖြစ်နိုင်တယ်။ နှလုံးကခုန်နေတာနဲ့ အတူတူပါ။

Propylthiouracil (PTU) ဆေးကို အများဆုံးပေးတယ်။ လူကြီးဆိုရင် တနေ့ကို ၃၀ဝ mg/day ၃ ခါခွဲ သောက်ခိုင်းတယ်။ လိုရင် ၄၀ဝ mg/day ၆၀ဝ to ၉၀ဝ mg/day တိုးပေးမယ်။
သက်သာလာရင် ၁၀ဝ-၁၅၀ mg/day အထိ လျှော့ပေးတယ်။
၁၀ နှစ်အထက်ကလေး ၁၅၀ to ၃၀ဝ mg/day ၃ ခါခွဲ သောက်ခိုင်းတယ်။
၆-၁၀ နှစ်ကလေး ၅၀ to ၁၅၀ mg/day သုံးခါခွဲသောက်ခိုင်းတယ်။ ဒါမှမဟုတ် ၅ to ၇ mg/kg/day ၃ ခါခွဲ သောက်ခိုင်းတယ်။

Methimazole (Tapazole) ၅ to ၂၀ mg TDS ဆေးကိုလည်းပေးနိုင်တယ်။
Carbimazole (NeoMercazole) ၁၀ mg to ၆၀ mg ဆေးကိုလည်း တစ်နေ့တစ်ခါ ပေးနိုင်တယ်။
(Carbamazepine ဆိုတဲ့ဆေးနဲ့မမှားနဲ့ ဒီဆေးက အတက်ရောဂါအတွက်ပေးတာပါ။)

အလွယ်ရှာရတဲ့ဆေးကတော့ Beta-blockers ဖြစ်တယ်။ နာမည် အမျိုးမျိုးရှိတယ်။ Propranolol, Inderal, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol and Biso­prolol တစ်မျိုးကို ၂၀ မီလီဂရမ်ကနေ ၄၀ မီလီ ဂရမ်အထိ၊ တစ်နေ့မှာ ၁-၂ ကြိမ်ပေးနိုင်တယ်။ စိတ်ငြိမ်ဖို့လိုတဲ့အခါ Valium/Diazepam ၅ မီလီဂ ရမ် သောက်စေပါ။ အိပ်ချင်တတ်လို့ အလုပ်မရှိချိန်၊ ဒါမှမဟုတ် ညမှာ သောက်ခိုင်းပါ။

လည်ပင်းကြီးဟော်မုန်းများတာ မှန်ရင် တခြား စားဆေးနဲ့ မရရင် အနုမြူဆေးပေးပြီး ကုမယ်။ ခွဲစိတ် တာကတော့ တချို့လူနာအတွက်သာလိုတယ်။ ပျောက် နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ မျက်စိပြူးလာတဲ့အထိ မစောင့်ပါနဲ့။

Q2: သမီး အသက် ၃၀ ထဲမှာပါ။ အပျိုပါ။ လွန်ခဲ့တဲ့ ၂၀ဝ၂-၂၀ဝ၃ လောက်တုန်းက လည်ပင်းမှာ ဟော် မုန်းများလို့ ဖြစ်တဲ့ ရောဂါ ဖြစ်ဖူးတယ်။ ရောဂါနာမည် ကိုတော့ (သိုင်ရိုတော့(ခ်)စီကိုးစစ်)လို့ တပ်ထားပါတယ်။ အဲဒီတုန်းက တောင်ကြီးမှာ သမားတော်ကြီး ပြပြီး ကုသမှုခံယူခဲ့ပါတယ်။ ဆေး ၁ နှစ်ခွဲလောက် သောက်လိုက်ရပါတယ်။ နာတာရှည်ရောဂါသည်တစ် ယောက်လိုပဲနေနေရပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီရောဂါနဲ့ပတ်သက်လို့ ဘာမှထပ်မဖြစ်တော့ပါဘူး။ ဒါပေမဲ့ နည်းနည်းဆိုလန့်တတ်တယ်။ ဆိတ်ငြိမ် နေရာကနေ အသံလေးဘာလေး ကြားလိုက်ရရင်လန့် လန့်သွားတယ်။ အဲဒီ ရောဂါရဲ့ဘေးထွက် ဆိုးကျိုး အဖြစ်နဲ့ မျက်လုံးပြူးပြီး ကျန်ခဲ့ပါတယ်။ အရမ်းကြီး ပြူးထွက်တာမျိုးမဟုတ်ဘဲ ဒေါသထွက်တဲ့ အခါတို့၊ အာရုံစိုက်တဲ့အခါတို့မှာ မျက်စိ ပိုပြူးတတ်ပါတယ်။

၂၀ဝ၈လောက်တုန်းက အူအတက်ခွဲဖူးပါတယ်။ အရင်တုန်းက ဒေါသကြီးလာတဲ့အခါတို့၊ အရမ်းဝမ်း နည်းတဲ့အခါတို့မှာ ရင်ဘတ်တွေအောင့်ပြီး အသက်ရှူကြပ်ပါတယ်။ မျက်နှာနဲ့လက်တွေ၊ ခြေထောက် တွေကျင်လာပါတယ်။ သတိလည်း လစ်သွားတတ်ပါတယ်။ အဲလိုအချိန်ဆို ဆေးရုံကိုပို့ပြီး အောက်ဆီဂျင် ပေးကြပါတယ်။ ဒိုင်ယာစီပန်ကိုလည်း အကြောထဲ ထိုးပေးပါတယ်။ အဲလိုဖြစ်တာတွေက လည်ပင်းကြီး ရောဂါမဖြစ်ခင် ၂၀ဝ၀ နဲ့ ၂၀ဝ၂ ကြားလောက်မှာထင်ပါတယ်။

(၁) အဲဒီ ရောဂါတွေ ဖြစ်ဖူးတဲ့အတွက် သမီး အိမ်ထောင်ပြုတဲ့အခါ ကလေးရနိုင်ပါ့မလား ဆရာ။
(၂) နောက်ပြီး ကလေးရခဲ့ရင်တောင်မှာ အဲဒီရောဂါ တွေရဲ့ဆိုးကျိုးတွေက ကလေးကို ထိခိုက်နိုင်ပါသလား ဆရာ။
(၃) သမီးကိုယ် သမီးလည်း ကလေး မမွေးနိုင်လောက်ဘူးလို့ ထင်နေပါတယ်။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ချို့ယွင်းချက်ရှိတယ်လို့ ထင်နေပါတယ် ဆရာ။

A2: (၁)လည်ပင်ကြီးဟော်မုန်းများရောဂါ (Thy­rotoxicosis) ကို ကုသနည်း အမျိုးမျိုးရှိပါတယ်။
စားဆေးနည်း၊ ခွဲစိတ်နည်းနဲ့ အနုမြူဆေးနည်းတွေဖြစ်တယ်။ ဘယ်နည်းဖြစ်ဖြစ် ရောဂါကိုထိန်းနိုင်တယ်။ ပျောက်နိုင်ပါတယ်။ မပြောမဖြစ်တာပါ ပြောပါရစေ။ ခွဲစိတ်ပြီး ပြောင်းပြန် (ဟော်မုန်းနည်းလွန်း သွားတာ)ဖြစ်သွားလို့ မေးတဲ့သူတစ်ဦးရှိတယ်။ တစ်နေ့ကလာလည်တဲ့ မိတ်ဆွေတစ်ဦး ဥရောပမှာ ခွဲတာပါ။ အဲဒီလိုဖြစ်လို့ ဟော်မုန်းဆေး နေ့တိုင်းသောက် နေရပါတယ်။ အိန္ဒိယမှာ ဆရာ့လူနာတွေ အနုမြူ ဆေးကုဌာနလွှတ်တယ်။ ပျောက်သွားတယ်။

(၂) နှလုံးခုန်နှုန်း မြန်တာ၊ စိတ်တိုတာ၊ အပူမခံနိုင်တာ၊ ဒေါသကြီးတာ ဒါတွေ သက်သာရင် ကောင်းတယ်။ သွေးစစ်တာတော့ တိကျပါတယ်။ ဒီတော့ အိမ်ထောင် မကျခင်၊ ကျရင်လည်း ကိုယ်ဝန်မဆောင် ခင် ပျောက်အောင်ကုပါ။ Propranololလို ဆေးက လက္ခဏာသက်သာစေတယ်။ ပျောက်စေတာတော့ မဟုတ်ဘူး။

(၃) Thyrotoxicosis နဲ့ ကိုယ်ဝန် ဆက်စပ်ပါတယ်။ လူနာတစ်ယောက် ကိုယ်ဝန်ဆောင်တုန်းက လာပြတယ်။ ဆရာက မြင်တာနဲ့ ဒီရောဂါ သံသယရှိတယ်။ ကံမကောင်းလိုက်တာက ကလေးကအထဲမှာ ဆုံးလို့ ကုပေးလိုက်ရတယ်။ နေကောင်းမှ သွားစစ်ခိုင်းတော့ ရောဂါသေချာတယ်။ အခု အနုမြူဆေးနဲ့ ရောဂါ အခြေအနေကောင်းနေပါတယ်။ ကိုယ်ဝန်ဆောင်နေတုန်း ရောဂါကုဆေးတွေက ကလေးကို ထိခိုက်မှုအနည်း ငယ်ရှိတာကို သုတေသနလုပ်ထားတယ်။ အကြံပေးရရင် ကိုယ်ဝန်မဆောင်ခင် ရောဂါကို ကုထားတာ အကောင်းဆုံးပါ။ အနုမြူဆေးကို ကိုယ်ဝန်ရှိချိန်၊ နို့တိုက်ချိန်မှာ မပေးရပါ။

(၄) ကလေးမမွေးနိုင်လောက်ဘူးလို့ ထင်မနေပါနဲ့။ ကိုယ်ဝန်ဆောင်ရင်း လည်ပင်းခွဲတာ ကလေး-လူကြီး ဘာမှမဖြစ်ပါ။

Q3: Thyrotoxicosis ရောဂါ ဖြစ်တုန်းကတော့ Propranolol သောက်ရပါတယ်။ တခြားဆေးတွေတော့ မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက လည်ပင်းကို လိုအပ်ရင်ခွဲမယ်လို့ ပြောပါတယ်။ ဆေးအရင်သောက် ကြည့်ပါဆိုပြီး ကြည့်ခိုင်းပါတယ်။ ၁ နှစ်ခွဲလောက် သောက်ပြီးတော့ နားလိုက်တာ။ အခု ပြန်စစ်ချင်ပါတယ်။ ဘယ်လိုပြောစစ်ရမလဲ ဆရာ။
A3: လည်ပင်းကြီး ဟော်မုန်းများရောဂါ ဆေးတွေက Antithyroid drugs (Propylthiouracil, Methimazole)တွေဖြစ်တယ်။ Propranolol ဆေးက ထိန်းဖို့သက်သက်သာရတယ်။ မျက်လုံးအထိ လက္ခဏာပြရင် Propranolol ဆေးတစ်ခုနဲ့ မရဘူး။ ဒါပေမဲ့ ဆရာက Specialistမဟုတ်ပါ။

Serum thyroid hormone levels (T3, T4) စစ်ပါ၊ များနေမယ်၊
Serum TSH (thyroid stimulating hormone) စစ်ပါ၊ နည်းနေမယ်၊
Thyroid scan လုပ်ရမယ်။

Q4: လည်ပင်းကြီးနေတိုင်း လည်ပင်းကြီးရောဂါဖြစ် နေတာဟုတ်ပါသလား။ လည်ပင်းကြီးရောဂါမှန်းဘယ် လိုသိနိုင်ပါသလဲ။

A4: လည်ပင်းကြီးနေရင် Goitre လည်ပင်းကြီး ရောဂါလို့ ခေါ်ပါတယ်။ Thyroid gland လူတိုင်း မှာရှိတဲ့လည်ပင်းကြီးအကျိတ်ကြီးနေတာပေါ့။ လည်ပင်းကြီးနေတာကို မမြင်ရဘဲနဲ့လည်း လည်ပင်းကြီး နဲ့ဆိုင်တဲ့ရောဂါတွေရှိနိုင်သေးတယ်။ လည်ပင်းကြီး အကျိတ်(သိုင်းရွိုက်-ဂလင်း)ကနေ လူတိုင်းမှာ(သိုင်းရွိုက်-ဟော်မုန်း)ထုတ်ပေးနေတာ။ အဲဒီ ဟော်မုန်းတွေ လိုတာထက်များနေရင်ဖြစ်တဲ့ Toxic Goitre (တောက်ဆစ်ဂွိုက်တာ)၊ လည်ပင်းကြီးဟော်မုန်းများ ရောဂါ(Hyperthyroidism)၊ နည်းနေရင်လည်ပင်း ကြီးဟော်မုန်းနည်းရောဂါ (Hyperthyroidism) ဖြစ်မယ်။

တိုက်တိုက်ဆိုင်ဆိုင် အခုတလော ဒုက္ခသည် ဆေးခန်းလေးကိုလာပြသူတွေထဲမှာ ချင်းအမျိုးသမီး ၃-၄ ယောက် အဲဒါမျိုး လာတွေ့နေရတယ်။ သူတို့ လည်ပင်းက သိသိသာသာကြီးမနေလို့၊ အသေအချာစမ်းမှ သိနိုင်တယ်။
တစ်ယောက်က မေးတယ်။ “ကျွန်မ လည်ပင်း ကြီးနေသလား”။ နောက်တစ်ယောက်က လည်ပင်းအကြောင်း ဘာမှမပြောဘူး။ ရင်တုန်တယ်သာ ပြောတယ်။ မျက်စိက လည်ပင်းကြည့်၊ လက်က လက်ကောက်ဝတ် သွေးခုန်တာစမ်း။ သံသယဝင်လာတော့ ဆက်မေးရတယ်။
စိတ်တိုတတ်သလား။ “တိုတယ်”
ဘေးလူတွေကို မေးရပြန်တယ်။ အလုပ်လုပ်တာမှာ အရင်ကထက်၊ သူများတွေထက် သွက်သွက် လက်လက်လား။”ဟော့ဟော့ဒိုင်းဒိုင်း လုပ်တယ်” (သွက်တိုင်းလည်း မကောင်းတာ သတိထားပါ။) အ ရင်ကထက် စိတ်တိုတယ်။ သူများထက် ပိုပြီးအိုက် တတ်တယ်။ ပိုစားတယ်။ လင်မယားမှာ ယောကျာ်း လုပ်သူကနေ အရင် သတိထားမိမယ်။ တစ်ယောက်က ပြတင်းပေါက် ဖွင့်ပြီး အိပ်ချင်၊ တစ်ယောက်က ပိတ်ပြီးအိတ်ချင်။
နောက်တစ်ယောက်ကိုတော့ တခြားရောဂါလာပြတုန်း မြင်တာနဲ့ ဆရာဝန်က သံသယရှိတယ်။ သူ့ မျက်လုံးကပိုပြီးသိသာနေ၊ ပြူးချင်နေတယ်။ Exo­ph­thalmos ခေါ်တယ်။ (သမင်မထက် မျက်လုံး ပိုပြူးရင် သတိထား။)

အမျိုးမျိုးတော့ ရှိတယ်။ အများဆုံးဖြစ်ကြတာက အိုင်အိုဒင်းဓာတ်ဆားနည်းလို့ လည်ပင်းကြီးနေတာကို အဝေးကတောင် မြင်နေရတာမျိုး ဖြစ်ရတယ်။ တောင်ပေါ်ဒေသ၊ တောင်ကုန်းရှိရာ အရပ်တွေမှာ ဖြစ်တာမျိုး။ ပုလဲမြို့နယ်ထဲက ယောသားတွေနေတဲ့ တောင်ပေါ်ကို တစ်ခါက နယ်လှည့်ဆေးကုတယ်။ တစ်ရွာမှာ လက်ညှိုးထိုးမလွဲ လည်ပင်းကြီးတွေ တွေ့ခဲ့ရတယ်။ ရွာလုံးကျွတ်ဖြစ်တာမျိုး။ စိတ်မကောင်းစရာက ကလေးလေးတွေက အရပ်ပုပြီး ဦးနှောက်၊ ဉာဏ်ရည်နည်းနေကြတာတွေက မျက်စိနဲ့ကြည့်တာနဲ့ သိတယ်။

လည်ပင်းကြီးဟော်မုန်းက ကြီးထွားမှုကို လုပ်ပေးတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ ဒီဟော်မုန်းနည်းနေရင် သူကမွေးတဲ့ကလေးတွေ အဲလိုတွေဖြစ်ကြတယ်။ အဲဒီမဆလခေတ်မှာ ဆားကအစရှားလို့(အိုင် အိုဒင်းဆား)ဆိုတာ လူကြီးတွေသာ ဝယ်ခွင့်ရတဲ့ဆိုင်မှာသာရတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top