Healthy Life Ad
Life Style

မျက်တောင် ကျဲပါးလာသလား . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မျက်တောင်ရှည်ပြီး ထူထဲလှပတာက နုပျိုမှုရဲ့ သင်္ကေတတစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးတွေဟာ အသက်ကြီးလာတဲ့အခါမှာ မျက်တောင်အထူနဲ့ အရှည်က တဖြည်းဖြည်းလျော့နည်းလာပါတယ်။

မျက်တောင် ရှည်ထွက်လာမှုကို လေ့လာခြင်း

မျက်တောင်တွေက ဘယ်လိုရှည်ထွက်လာတယ်ဆိုတာကို သိနားလည်ရင် မျက်တောင်တွေဘယ်အချိန်မှာ စတင်ပြောင်းလဲလာတယ်ဆိုတာကိုလည်း သိနားလည်လာပါလိမ့်မယ်။ မျက်တောင်တွေက အဆင့်လေးဆင့်နဲ့ ပေါက်လာပါတယ်။ မျက်တောင်တွေကကြီးထွားမှု၊ အနားယူမှု၊ ကျွတ်မှုနဲ့ ပြန်ပေါက်မှု စတဲ့ အဆင့်လေးဆင့်နဲ့ သံသရာလည်နေပါတယ်။ လူတွေမွေးလာချိန်မှာ မျက်တောင်အိတ် တိကျတဲ့ပမာဏပါလာပါတယ်။ မျက်တောင်အိတ်တွေကနေ အမွှေးတွေထွက်လာတာကို မျက်တောင်လို့ခေါ်ပါတယ်။ အိုမင်းလာတဲ့အခါ မျက်တောင်အိတ်ဟာ မျက်တောင်ထွက်နှုန်းရပ်တန့်သွားတာ ဒါမှမဟုတ် မျက်တောင်ရှည်ထွက်နှုန်း နှေးသွားတာတို့ ဖြစ်တတ်ပါတယ်။

မျက်တောင်ကျဲပါးရခြင်း အကြောင်းရင်းများ

မျက်တောင်ပါးရတဲ့ အဓိကအကြောင်းရင်းက အသက်ကြီးလာတာကြောင့်ပါ။ ဒါ့အပြင် မျက်လုံးကိုပွတ်တာ၊ မျက်တောင်တွေကို ကုတ်တာတွေကြောင့် မျက်တောင်တွေကျွတ်ရတတ်ပါတယ်။ ဥပမာ ရေစိုခံမျက်တောင်ကော့ ဆေးဆိုးပြီး အဲဒီမျက်တောင် ကော့ဆေးကို ဖယ်ရှားဖို့ ကြေးချွတ်ဆေးကို သုံးရတတ်ပါတယ်။ အဲဒီအခါမျိုးမှာ မျက်တောင်တွေ ကျွတ်ရတတ်သလို မျက်လုံးကိုသန့်စင်တဲ့ အဝတ်စနဲ့ သန့်စင်ပြီးချိန်မှာလည်း မျက်တောင်တစ်ချောင်း-နှစ်ချောင်းခန့် ကျွတ်ပါလာတာကို တွေ့ရပါတယ်။

လူတွေကပင်ပန်းပြီး အိပ်ငိုက်နေတဲ့အခါ၊ မျက်စိယားတဲ့အခါ မျက်စိကို ခပ်ကြမ်းကြမ်း ပွတ်မိတတ်ပါတယ်။ ဒီအကြောင်းကြောင့် မျက်တောင်ကျွတ်နှုန်းများတတ်သလို တချို့ဆေးဝါး၊ မျိုးရိုးဗီဇနဲ့ ကျန်းမာရေးအခြေအနေတချို့ကြောင့်လည်း မျက်တောင်ကျွတ်တတ်ပါတယ်။

မျက်တောင်ကျွတ်နှုန်း နည်းပါးစေရန်

အရင်ဆုံး သင့်မျက်စိမှာ ကျန်ရှိနေသေးတဲ့ မျက်တောင်တွေကို တတ်နိုင်သမျှမကျွတ်အောင် ကာကွယ်ရပါမယ်။

– မျက်တောင်ကော့တံနဲ့ ကော့တဲ့အခါနဲ့ မက်စ်ကာရာ ဆိုးတဲ့အခါတွေမှာ မျက်တောင်တွေကို ညင်ညင်သာသာ ထိတွေ့ဖို့လိုပါတယ်။ မက်စ်ကာရာကို သုံး လ-၆လတစ်ကြိမ် အသစ်သုံးပါ။

– မျက်တောင်တု တပ်မယ်ဆိုရင် အထူးသတိထားရပါမယ်။ မျက်တောင်တုကို သဘာဝနဲ့တူတဲ့ အရှည်နဲ့အထူရှိတဲ့ အမျိုးအစားရွေးတပ်ပါ။ တကယ်လို့ တပ်ရခက်နေရင် ကျွမ်းကျင်သူရဲ့ အကူအညီနဲ့ တပ်ဆင်ပါ။ မျက်တောင်လိုင်းတစ်လျှောက်မှာ မျက်တောင်တုတပ်ရတာဖြစ်တဲ့အတွက် တပ်တဲ့အခါမှာရော၊ ဖြုတ်တဲ့အခါမှာပါ အထူးဂရုစိုက်ပေးဖို့လိုပါတယ်။

– မျက်တောင်ကျဲပါးတာက အလွန်အမင်းဆိုးနေရင် အရေပြားအထူးကုနဲ့ပြပါ။ သင့်အတွက် သင့်တော်တဲ့ မျက်တောင်စိုက်နည်းကို ညွှန်ကြားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top