Healthy Life Ad
Child

ရေကျောက် (Chicken Pox)

ဒေါက်တာသီရိ (MBBS,MPH,DCH)

ရေကျောက်ပေါက်တာကို အင်္ဂလိပ်လို Chicken pox လို့ ခေါ်ပါတယ်။

ရောဂါလက္ခဏာများ
အများအားဖြင့် ဖျားမယ်၊ အရည်ကြည်ဖုပါတဲ့ အနီကွက်တွေပေါ်မယ်၊ ကလေးအတွက် အခံရအ ခက်ဆုံးကတော့ အရမ်းယားတာပါပဲ။ ကလေးကနေမထိ ထိုင်မသာ ဖြစ်နေနိုင်ပါတယ်။ ယားလို့ ကုတ်ရင်း ဘက်တီးရီးယားပိုးထပ်ဝင်နိုင်ပါတယ်။
ကူးစက်နည်း
ရေကျောက်က တစ်ယောက်ကနေ တစ်ယောက် အရမ်းကူးစက်လွယ်ပါတယ်။ ကလေးရော လူကြီးမှာ ပါဖြစ်နိုင်ပါတယ်။ ကလေးတွေမှာဖြစ်တာပိုများပါတယ်။
ရေကျောက်ဖြစ်နေတဲ့ တခြားကလေး/လူကြီး နဲ့ အသားချင်းထိမိတာ၊ ရေကျောက်အရည်ပြည်ဖုက အရည်နဲ့ ထိမိတာ၊ ချောင်းဆိုးရင်း ထွက်လာတဲ့ သလိပ်အမှုန်အစလေးတွေကို ကလေးကရှူမိတာ စတာတွေကြောင့် ကူးပါတယ်။

အရေးကြီးတဲ့ အချက်က ကလေးဟာ ရေကျောက်ဗိုင်းရပ်စ် ကူးစက်ခံစားထားရပြီး ၁၀-၂၁ ရက်လောက်ကြာမှ ဖျားတယ်၊ အနီစက်တွေ ပေါ်လာတတ်ပါတယ်။ အရည်ကြည်ဖုတွေ ရှိနေသေးသရွေ့ တခြားလူတွေကို ကူးနိုင်ပါတယ်။

အရည်ကြည်ဖုတွေ ချပ်ပြီး ခြောက်သွားတော့မှ မကူးနိုင်တော့တာပါ။ အဲဒီအချိန်မှာ မူကြို/ကျောင်း ပြန်သွားလို့ ရပါပြီ။
ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ့်ကိုယ်ကိုယ် ရေကျောက်ကူးခံရတယ်လို့ သံသယရှိရင် ဆရာဝန် နဲ့ သေချာတိုင်ပင်ဆေးစစ်လုပ်ရပါမယ်။ ဗိုက်ထဲက ကလေးလေးကို ဒုက္ခပေးနိုင်လို့ပါ။
ဘာတွေ လုပ်ပေးမလဲ

Varicella Zoaster ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ပိုးသတ်ဆေးပေးလို့မပျောက်နိုင်ပါဘူး။ ဗိုင်းရပ်စ်တွေရဲ့ ထုံးစံအတိုင်း ကလေးခံစားနေရတာတွေ သက်သာအောင်ပဲ လုပ်ပေးဖို့လိုပါတယ်။

အများအားဖြင့် အိမ်မှာပဲ ကုပေးလို့ရပါတယ်။ အဓိကကတော့ ကလေးက မလန်းတော့ အစားအသောက် ပျက်ပါတယ်။ သူကြိုက်တတ်တဲ့ ဂျယ်လီ၊ စွပ်ပြုတ်ရည်၊ ရေခဲမုန့် အစာပျော့ပျော့လေးတွေ ကျွေးပါ။ ရေဓာတ်ခမ်းတာ မဖြစ်အောင် ရေကို နည်းနည်းစီ ကြိုးစားတိုက်ပေးပါ။ ဖျားတာ၊ ကိုက်လက်မ အီမသာဖြစ်တာအတွက် ပါရာစီတမောအရည် ခြောက်နာရီခြားတိုက်ပါ။ ယားတာအတွက် Calam­ine Lotion လိမ်းပေးပါ။
တကယ်လို့ ရေကျောက်ကွက်တွေနားမှာ ပိုပြီး နီရဲနာလာမယ်၊ ကလေးက အရမ်းနုံးနေမယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။ အပေါ်မှာ ပြောခဲ့တဲ့ ဘက်တီးရီးယားပိုးထပ်ဝင်သွားရင် စိုးရိမ်ရလို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top