Healthy Life Ad
International

လူနာရဲ့ဦးနှောက်ထဲမှ လေးလက်မအရွယ် တုတ်ပြားကောင်ကို ဆွဲထုတ်ခဲ့ရ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၁၉နှစ်အရွယ် ဝန်ရှောင်လီဟာ ခေါင်းအပြင်းအထန်ကိုက်တာကြောင့် ဆေးရုံတက် ခဲ့ရပါတယ်။ ဦးခေါင်းဓာတ်မှန်ရိုက်ကြည့်ရာမှာ တုတ်ပြားကောင်ကူးစက်မှုဖြစ်ပွားနေတာကို တွေ့ရှိခဲ့ပါတယ်။

ကပ်ပါးကောင်က ကောင်းစွာဖွံ့ဖြိုးနေရုံသာမက ဦးနှောက်ဆဲလ်တွေအနားမှာ သက်သောင့်သက်သာ အသက် ရှင်နေတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဆရာဝန်တွေကအန္တရာယ်များတဲ့ ဦးခေါင်းခွဲစိတ်မှုကိုပြုလုပ်ခဲ့ရပြီး တုတ်ပြားကောင် ကို နှစ်မိနစ်ကြာ ညင်ညင်သာသာအပြင်သို့ ဆွဲထုတ်ခဲ့ရပါတယ်။ တုတ်ပြားကောင် အရှည်ဟာ ၄ ဒသမ ၃၃ လက်မ ရှိနေပြီဖြစ်ပြီး အပြင်ရောက်တဲ့အထိ အသက်ရှင်နေသေး ကြောင်းသိရပါတယ်။

ကပ်ပါးပိုးမွှားကူးစက်တာက အလွန်ရှားပါးလေ့ရှိပြီး ကပ်ပါးသားလောင်းဘဝမှာ ကူးစက်တာ အဖြစ်များလေ့ရှိပါတယ်။ သားလောင်းတွေက ခန္ဓာကိုယ်အတွင်း လှုပ်ရှားသွားလာနိုင်ကာ ဦးနှောက်သို့ရောက်တဲ့အခါ ဦးနှောက်ဆဲလ်တွေစားရင်း အသက်ရှင်လေ့ရှိပါတယ်။ တုတ်ကောင်ရဲ့ မစင်တွေက အဆိပ်အတောက် ဖြစ်စေကာ ဦးနှောက်ထိခိုက်တတ်ပြီး အာရုံကြောပျက်စီးမှု၊ ဦးနှောက်ဆဲလ်ပျက်စီးမှုတို့ ဖြစ်ပွားတတ်ပါတယ်။

အဆိုးဆုံးအခြေအနေမှာ တက်တာ၊ သွက်ချာပါဒလိုက်တာ၊ မှတ်ဉာဏ်ပျောက်ဆုံးတာနဲ့ စကားမပြောနိုင်တာတို့တောင် ဖြစ်ပွားတတ်ပါတယ်။ ဝန်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က ဖားအရေခွံခွာရင်း လက်ရှမိကာ (spirometra erinaceieuropaei larvae) ပိုးကူးစက်ခံခဲ့ရတယ်လို့ ဆရာဝန်တွေက ယူဆနေကြပါတယ်။ အခုအခါ ဝန်ဟာ နာလန်ထသက်သာလာနေပြီလို့ သိရပါတယ်။

(Ref;MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top