Healthy Life Ad
Life Style

ရေကူးသူတို့တွင်ဖြစ်တတ်သည့် ရေကူးကန်ကြောင့် မျက်စိနာခြင်း(Swimming Pool Conjuntivitis)

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး ။ ရေကူးရင်း မျက်စိနာတာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဖြေ ။ ရေကူးရင်း မျက်စိနာတတ်ပါတယ်။ မျက်စိရောင်ပြီး နာတာဖြစ်နိုင်တာကတော့ ရေကူးကန်တွေထဲမှာ ပိုးမွှားတွေရှိနေတတ်ပါတယ်။ အဲဒီပိုးမွှားတွေ ကပ်ငြိရာက မျက်စိနာတာဖြစ်ပါလိမ့်မယ်။ ဒါကို Swimming Pool Conjuntivitis ခေါ်ပါတယ်။

မေး ။ ရေကူးရင်း မျက်စိနာတာက ရေထဲမှာခတ်တဲ့ ကလိုရင်းနဲ့ကော ဆက်စပ်မှု ရှိပါသလားဆရာ။
ဖြေ ။ ရေကူးရင်း မျက်လုံးက ရောင်ပြီး နာလာတာက ရေထဲမှာထည့်ထားတဲ့ ကလိုရင်းကြောင့် မဟုတ်ပါဘူး။ ကလိုရင်းကရေကို သန့်သွားအောင် လုပ်ပေးတဲ့အရာပါ။ ကလိုရင်းက မျက်လုံးအတွက် အန္တရာယ် မဖြစ်စေနိုင်ပါဘူး။

မေး ။ ရေကိုသန့်အောင်လုပ်ထားတဲ့ အများသုံး ရေကူးကန်ထဲမှာကော မျက်စိနာလာနိုင်ပါသလား ဆရာ။
ဖြေ ။ ဥပမာပေးရရင် ရာသီအလိုက် စာသင်ကျောင်းတွေမှာ ကလေးတွေက မျက်စိနာတယ်။ မျက်စိနာပိုး ကူးစက်ထားတဲ့ ကလေးက အိမ်ကို ပြန်လာတဲ့အခါ အိမ်မှာ ကလေးတွေနဲ့ လူကြီးတွေကို ကူးစက်တယ်။ ဒီသဘောမျိုးပါပဲ။ ရေကူးကန်ထဲမှာ ရေကူးကြတဲ့အခါ၊

ရေကူးကန်ထဲကို ကလိုရင်း၊ ကြေးချွတ်ပေါင်ဒါ (Bleaching Powder) တွေ ဘယ်လောက်ပဲထည့် ပြီး ရေကိုသန့်စင်အောင် လုပ်ထား၊လုပ်ထား လူ အများစုပေါင်းပြီး ရေကူးကြတဲ့အခါ လူတွေရဲ့ခန္ဓာကိုယ်က ကပ်ပါလာတဲ့ အညစ်အကြေးတွေက ရေ ထဲကိုစိမ့်ဝင်သွားပါတယ်။ ပုံမှန်အားဖြင့် ကြည့်လိုက်ရင်တော့ ရေက ကြည်လင်နေတယ်၊ ဒါပေမဲ့ ရောဂါပိုးက ရှိနေနိုင်ပါတယ်။ အဲဒီ ရေကူးကန်ထဲ စိတ်လွတ်ကိုယ်လွတ် ရေကူးရင်း မျက်စိထဲကို မတော်တဆရောဂါ ပိုးဝင်လာတဲ့အခါ မျက်စိနာလာနိုင်ပါတယ်။

မေး ။ မျက်စိနာတာက ဘယ်လိုအခြေအနေတွေကြောင့် ဖြစ်ရပါသလဲဆရာ။
ဖြေ ။ မျက်စိနာတာကဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်နိုင်သလို ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မေး ။ ရေကူးရင်း မျက်စိနာရင် ဘယ်လို လက္ခဏာတွေ ခံစားရတတ်ပါသလဲ ဆရာ။
ဖြေ ။ မျက်စိနာရင် မျက်စိနီတာ (Red eye)၊ မျက်လုံးထဲက မျက်ဝတ်တွေ ထွက်တာ (Eye discharge)၊ မျက်ရည် ပူကျလာတာ (Lacrimation) နဲ့ အလင်းရောင် ကောင်းကောင်း ကြည့်လို့မရဘဲ မျက်စိကျိန်းတာ (Photophobia) စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

မေး ။ ရေကူးရင်း မျက်စိနာတဲ့အခါ ဘယ်လိုကုသမှု ပေးရပါသလဲ ဆရာ။
ဖြေ ။ ကုသမှုကတော့ တခြား မျက်စိနာတာတွေနဲ့ အတူတူပါပဲ။ ဘာမှမကွာခြားပါဘူး။ မျက်စိနာတာကို ကုသတာက လွယ်ပါတယ်။ မျက်ကြည်လွှာ(Comea) ကို ဘာမှထိခိုက်မှုမရှိဘူးဆိုရင် ပဋိဇီဝပိုးသတ်ဆေးနဲ့ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးကို ပေးလေ့ရှိတယ်။ အဲဒီမျက်စဉ်းဆေးကို တစ်ခါထည့်ရင် တစ်စက်နဲ့ တစ်နေ့လေးကြိမ်၊ တစ်ပတ်လောက်ထည့်ရပါတယ်။ အချိန်နှစ်ပတ်လောက်နေရင် သက်သာသွားပါတယ်။

မျက်စိနာနေတဲ့အချိန်မှာ အလင်းတန်းကို ကောင်းကောင်းမကြည့်နိုင်ဘဲ မျက်စိကျိန်းတတ်ပါတယ်။ အဲဒီအချိန်မှာ နေကာမျက်မှန်တပ်လိုက်ရင် မျက်စိမကျိန်းတော့ပါဘူး။ အလင်းတန်းကို ကောင်း ကောင်းကြည့်နိုင်သွားတယ်။ ဒါပေမဲ့ ဒါက အများထင်သလို မျက်စိနာရောဂါကို သက်သာသွားစေတာ မဟုတ်ပါဘူး။ မျက်စိနာတာရဲ့ ရောဂါလက္ခဏာ တစ်ခုဖြစ်တဲ့ မျက်စိကျိန်းတာကိုပဲ သက်သာသွားစေတာပါ။ မျက်စိနာတာ သက်သာချင်ရင်တော့ မျက်စိကို ရေများများနဲ့ အားရပါးရဆေးကြောပြီး ပဋီဇီဝပိုးသတ်ဆေးနဲ့ စတီးရွိုက်ရောထားတဲ့ မျက်စဉ်းဆေးကို တစ်ခါထည့်တစ်စက်နဲ့ တစ်နေ့လေးကြိမ်ခတ်ရမှာ ဖြစ်ပါတယ်။

မေး ။ မျက်စိနာတာက ဆေးမထည့်ဘဲနဲ့ကော သူ့အလိုလို ပျောက်နိုင်ပါသလား ဆရာ။
ဖြေ ။ မျက်စိနာတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ (Viral Conjuntivitis ) ဆိုရင်တော့ ကိုယ်ခံအားကောင်းရင် ဆေးမထည့်ဘဲနဲ့ သူ့အလိုလိုပျောက်သွားနိုင်ပါတယ်။
ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ မျက်စိနာတာဆိုရင်လည်း မျက်စိကို ရေနဲ့ စင်ကြယ်အောင် ဆေးပေးရုံနဲ့ ဓာတ်မတည့်တာတော့ လျော့သွားပြီး သက်သာသွားနိုင်ပါတယ်။ နောက်ထပ် ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေနဲ့ မထိတွေ့တော့ဘူးဆိုရင် မျက်စိနာတာ ပျောက်သွားနိုင်ပါတယ်။
ဘက်တီးရီးယားကြောင့် မျက်စိနာတာဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးပါတဲ့ မျက်စဉ်းဆေးမထည့်ဘဲနဲ့ မပျောက်နိုင်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top