Healthy Life Ad
Life Style

ဓာတ်မတည့်မှု မကြာခဏ ဖြစ်တတ်သူတို့အတွက် သဘာဝကုထုံးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရာသီအပြောင်းအလဲကာလတွေမှာ အဖြစ်များတတ်တဲ့ ဓာတ်မတည့်မှုပြဿနာကို တွန်းလှန်နိုင်မယ့်နည်းက ဟစ္စတာမင်းတားဆေးတွေကို သောက်သုံးတာ တစ်ခုတည်း မဟုတ်ပါဘူး။ ဓာတ်မတည့်မှု သက်သာစေဖို့ ဆရာဝန်နဲ့ တွေ့ဆုံတာ၊ ဟစ္စတာမင်းတားဆေးသောက်တာနဲ့ ဓာတ်မတည့် မှုဖြစ်တတ်တဲ့ အရာတွေကို ရှောင်ကြဉ်တာ .. စတဲ့ နည်းအားလုံးကိုလိုက်နာဖို့ လိုတာမှန်သလို ဓာတ်မတည့်မှုဖြစ်တတ်တဲ့ လက္ခဏာတွေ သက်သာအောင် အောက်ပါနည်းတွေကိုလည်း လိုက်နာသင့်ပါတယ်။

(၁) အိမ်ကို စနစ်တကျ စစ်ဆေးပြုပြင်ပါ
တစ်ခါတစ်ရံ သင့်အိမ်တွင်းအခြေအနေက ပြင်ပပတ်ဝန်းကျင်ထက် ဓာတ်မတည့်မှုကို ပိုဆိုးစေနိုင်ပါတယ်။ လေ့လာမှုအရ အိမ်တွင်း လေထုညစ်ညမ်းမှုဟာ ပြင်ပလေထုညစ်ညမ်းတာထက် ၁၀ ဆကျော် ပိုများတတ်ကြောင်း၊ လူအများစုက အိမ်နဲ့ အလုပ်ခန်းထဲမှာ အချိန် ၉၀ ရာခိုင်နှုန်းကျော် နေထိုင်ကြတဲ့အတွက် အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် ထိခိုက်မှုကို ပိုခံစားရကြောင်း သိရပါတယ်။ ဒါကြောင့် အိမ်တွင်းရှိကော်ဇော၊ အိပ်ရာခင်း၊ လိုက်ကာနဲ့ ပရိဘောဂမှန်သမျှ သေချာသန့်စင်ထားသင့်ပါတယ်။

(၂) သင့်တော်သော အစားအသောက်များ စားပါ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် တွေစားတာကြောင့် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားပေးရင် ပန်းနာရင်ကျပ်ရောဂါနဲ့ တခြားဓာတ်မတည့်မှုဝေဒနာတွေအပါအဝင် ကျန်းမာရေးပြဿနာ အများစုကို သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် အင်တီအောက်ဆီးဒင့်ပါတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ လက်ဖက်စိမ်းနဲ့ တခြားအစားအသောက်တွေကို စားပေးရင် ကိုယ်တွင်းရောင်ရမ်းမှုကိုလျော့ကျစေပြီး ဓာတ်မတည့်မှု သက်သာစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။(မှတ်ချက်- အစားအစာတချို့နဲ့ ဓာတ် မတည့်တတ်သူတွေအတွက် ဒီအကြံÓဏ်ကို မယူ သင့်ပါ။)

(၃) ကိုယ်အလေးချိန်များနေလျှင် လျှော့ချပါ
အဝလွန်တာနဲ့ ကိုယ်အလေးချိန် များတာဟာ နှလုံးရောဂါကနေ ကင်ဆာရောဂါဖြစ်နှုန်းအထိ ဆက်စပ်မှုရှိပါတယ်။ ကိုယ်အလေးချိန် ပေါင်ပိုနေတာကြောင့် ဓာတ်မတည့်မှုကြောင့် ထိခိုက်မှု ဖြစ်သလိုမျိုး အသက်ရှူရခက်ခဲစေပါတယ်။ ဝမ်းဗိုက်တစ်ဝိုက်က အဆီပိုတွေဟာ အဆုတ်ကို အပြည့်အဝချဲ့တာနဲ့ ရင်ဝမ်းတားကြွက်သားတွေကို အထက် အောက်ရွေ့လျားတာတွေမလုပ်နိုင်အောင် ဟန့်တားပေးပါတယ်။ ဒါကြောင့် အသက်ကောင်း ကောင်းရှူလို့မရတာမျိုး ဖြစ်ရတာပါ။

(၄) စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့တဲ့ အခါတိုင်း ခန္ဓာကိုယ်က စိတ်ဖိစီးမှု ဟော်မုန်းတွေ ထွက်ရှိတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ်အားနည်းရင် ဓာတ်မတည့်မှုကြောင့် တုံ့ပြန်မှုတွေ တိုး စေနိုင်တဲ့အတွက် စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေ ထိန်းချုပ်သင့်ပါတယ်။

(၅) သဘာဝကုထုံး သုံးကြည့်ပါ
ပုံမှန် ဓာတ်မတည့်မှုကုသဆေးတွေကို သုံး ရင်းအောက်ပါ နှစ်ချက်ကို လိုက်နာရင် ဓာတ်မ တည့်မှုဆိုင်ရာ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
၁။ နေ့စဉ် မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ဗီတာမင်စီ၊ ဗီတာမင် အီးနဲ့ တခြားဗီတာမင် ဘီအုပ်စုတွေ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ဖြည့်စွက်ဆေးကို မှီဝဲပါ။
၂။ ညအိပ်ရာမဝင်ခင် ဆေးဖက်ဝင် လက်ဖက်ရည် ကြမ်း(ဥပမာ-လက်ဖက်စိမ်းလက်ဖက်ရည်) တစ်ခွက် သောက်ပါ။

(Ref: RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top