Healthy Life Ad
Life Style

အူမကြီးရောင်ရမ်းခြင်းအကြောင်း သိကောင်းစရာ

ပါမောက္ခဦးအေးမွန် (အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အူမကြီးရောင်ရမ်းတာက ဘာကြောင့်ဖြစ်ရတာလဲ ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတာမှာ အများစုက ကူးစက်ပိုးဝင်ပြီး ဖြစ်တာများပါတယ်။ လွယ်လွယ်ပြောရရင် ဝမ်းကိုက်တာကြောင့် အူမကြီးရောင်တာပါ။ အူမကြီးရောင်တာမှာ Acute (ရုတ်တရက်ဖြစ်တာ)နဲ့ Chronic (နာတာရှည်)ဆိုပြီး နှစ်မျိုးရှိတဲ့အနက် Acute ဆိုရင် ဝေဒနာကခံရတာဆိုးပါတယ်။ Chronic အဆင့်ကတော့ အကြာကြီးဝမ်းကိုက်နေတာမျိုးဖြစ်ပါတယ်။ တချို့လူတွေက အစားအသောက်နဲ့ ဓာတ်မတည့်လို့ အူမကြီးရောင်တာလည်းရှိပါတယ်။

မေး. အူမကြီးရောင်ရမ်းတာက စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာလား ဆရာ။

ဖြေ. အကြမ်းမျဉ်းပြောရရင်တော့ အူမကြီးရောင်တာဟာ သိပ်ပြီးစိုးရိမ်ရတဲ့ ပြဿနာမဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါဖြစ်ပါတယ်။ ဒါပေမဲ့ အူမကြီးရောင်ပြီး သွေးထွက်တာများရင်၊ နာတာရှည် အူမကြီးရောင်နေရင်တော့ စိုးရိမ်ရပါတယ်။ အူမကြီးကင်ဆာနဲ့လည်း လက္ခဏာချင်းရောထွေးတတ်ပါတယ်။

မေး. အူမကြီးရောင်ရမ်းတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတဲ့အခါ ဗိုက်အောင့်၊ ဗိုက်နာ၊ အစာမစားနိုင်၊ အန်တာမျိုးဖြစ်တတ်ပါတယ်။ ဗိုက်နာတဲ့အခါ အများစုက ဗိုက်ရဲ့ဘယ်ဘက်ခြမ်းက နာတတ်ပါတယ်။ ဗိုက်ရဲ့ ညာဘက်ခြမ်းနာတာမျိုးလည်း ရှိတတ်ပါတယ်။ ဗိုက်ရဲ့ညာဘက်ခြမ်းနာတဲ့အခါ အူအတက်ရောင်တာနဲ့ မှားတတ်ပါတယ်။ ရင်ဘတ်နာတဲ့ လက္ခဏာလည်းပြသတတ်ပါတယ်။ နောက်တစ်ခုက ဝမ်းသွားတဲ့အခါ အချွဲပါပြီး ဝမ်းပျက်တတ်ပါတယ်။ ဝမ်းသွားရင်းသွေးပါတာမျိုး၊ အူရောင်ပြီး ဝမ်းကိုက်တဲ့အခါ ဝမ်းထဲမှာ သွေးနဲ့အချွဲပါတာမျိုးလည်း ဖြစ်တတ်ပါတယ်။

မေး. အူမကြီးရောင်ရမ်းတာက ဘယ်လိုအသက်အရွယ်တွေမှာ အဓိကဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတဲ့ ဝေဒနာက အသက် ၂၀ကနေ အသက် ၅၀လောက်ထိဖြစ်တတ်ပါတယ်။ အစားအသောက်အစုံစားတဲ့သူတွေမှာ ပိုဖြစ်တတ်တယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လက်သန့်ရှင်းရေး နည်းတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။

မေး. အူမကြီးရောင်ရမ်းတာက ဘယ်လိုလူတွေမှာ အဓိကဖြစ်တတ်ပါသလဲ ဆရာ။ မျိုးရိုးလိုက်တတ်ပါသလား ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတာက အပြင်စာအစားများတဲ့သူ၊ ယင်နားစာစားတဲ့သူ၊ တစ်ချိန်တည်းမှာ အစားအစုံစားတဲ့သူတွေ ဖြစ်တတ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင်တော့ မျိုးရိုးမလိုက်တတ်ပါဘူး။ အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ Ulcerative Colitis ဆိုရင်တော့ မျိုးရိုးလိုက်တတ်ပါတယ်။

အူမကြီးရောင်ရမ်းတဲ့အခါ အစာကြမ်း၊ အစာမာ စားလို့မရပါဘူး။ အပြင်စာတွေမစားဘဲ ခပ်ပျော့ပျော့အစာတွေ၊ သန့်သန့်ရှင်းရှင်းပြုလုပ်ထားတဲ့ အစားအစာတွေပဲ စားပေးရပါတယ်။ ဗိုက်ညာဘက်အောင့်ရင် အူအတက်ရောင်တာနဲ့ မှားတတ်ပါတယ်။ ဆရာဝန်နဲ့ သေချာပြသစစ်ဆေးဖို့ လိုအပ်ပါတယ် . . .

မေး. အူမကြီးရောင်ရမ်းတဲ့အခါ ရှောင်သင့်တဲ့အစားအသောက်၊ ဆေးဝါးနဲ့ အနေအထိုင်တွေရှိပါသလား ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတဲ့အခါ အစာကြမ်း၊ အစာမာ စားလို့မရပါဘူး။ အပြင်စာတွေမစားဘဲ ခပ်ပျော့ပျော့အစာတွေ၊ သန့်သန့်ရှင်းရှင်းပြုလုပ်ထားတဲ့ အစားအစာတွေပဲ စားပေးရပါတယ်။ ဗိုက်ညာဘက်အောင့်ရင် အူအတက်ရောင်တာနဲ့ မှားတတ်ပါတယ်။ ဆရာဝန်နဲ့ သေချာပြသစစ်ဆေးဖို့လိုအပ်ပါတယ်။ အူမကြီးရောင်ရင် ဝမ်းမချူရပါဘူး။ ဗိုက်မနှိပ်ရပါဘူး။

မေး. အူမကြီးရောင်ရမ်းတာဟာ တခြားရောဂါတစ်ခုခုရဲ့ လက္ခဏာရပ်ဖြစ်နေနိုင်ပါသလား ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတာဟာ တခြားရောဂါတစ်ခုခုရဲ့ လက္ခဏာရပ်ဖြစ်နေနိုင်ပါတယ်။ အူအတက်ရောင်တာ ဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့သူတွေ အူမကြီးရောင်ရင် ကင်ဆာဖြစ်နေနိုင်တဲ့အတွက် သတိထားရပါမယ်။

မေး. အူမကြီးရောင်ရမ်းခြင်းနဲ့တွဲပြီး တခြားဘယ်လို လက္ခဏာတွေခံစားရရင် ခွဲစိတ်ကုသဖို့လိုအပ်ပါသလဲ ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတာကို ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး။ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးစားပြီး အစားအသောက်ဆင်ခြင်လိုက်ရုံနဲ့ သက်သာတာများပါတယ်။

မေး. အူမကြီးရောင်ရမ်းခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတဲ့ ဝေဒနာမဖြစ်အောင် သန့် ရှင်းလတ်ဆတ်တဲ့အစားအသောက်တွေ စားဖို့လိုပါတယ်။ အစားအသောက်ထည့်တဲ့ ပန်းကန်သန့်ရမယ်။ အစားအသောက်ကိုင်တွယ်တဲ့ လက်သန့်ရမယ်။ ကိုယ်နဲ့မတည့်ဘူးထင်တဲ့ အစားအသောက်တွေကိုမစားပါနဲ့။ တစ်ချိန်တည်းမှာ အစားအသောက် အစုံမစားမိပါစေနဲ့။

မေး. အူမကြီးရောင်ရမ်းတာကို ဆေးဝါးနဲ့ ကုသရုံနဲ့ ပျောက်ကင်းနိုင်ပါသလား ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတာကို ဆေးဝါးနဲ့ကုသရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။

မေး. အူမကြီးရောင်ရမ်းတာနဲ့ အူရောင်တာမှာ ဘာကွာခြားမှုရှိပါသလဲ ဆရာ။

ဖြေ. အူမကြီးဆိုတာက Large Intestin တစ်ခုပဲ ရောင်တာဖြစ်ပြီး Colitis လို့ခေါ်ပါတယ်။ အူရောင်တယ်ဆိုတာက Large Intestine နဲ့ Small Intestine နှစ်ခုလုံးရောင်တာဖြစ်ပြီး Endocolitis ခေါ်ပါတယ်။ အူရောင်တာက အူတစ်ခုလုံးရောင်တာဖြစ်တဲ့အတွက် ပိုပြီးဆိုးပါတယ်။ ဝမ်းပျက်၊ ဝမ်းလျှော၊ အန်တာတွေဖြစ်တတ်ပါတယ်။ အူမကြီးရောင်တဲ့အခါ အပေါ်ပိုင်းအူကကောင်းပြီး အလုပ်လုပ်နေတဲ့အတွက် သိပ်ပြီးတော့ မဆိုးရွားပါဘူး။

မေး. အူမကြီးရောင်ရမ်းတာနဲ့ လွဲမှားတတ်တဲ့ တခြားရောဂါတွေကိုလည်း ပြောပြပေးပါ ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတာနဲ့ လွဲမှားတတ်တဲ့ရောဂါတွေကတော့ ဗိုက်ရဲ့ညာဘက်ခြမ်းအောင့်ရင် အူအတက်ရောင်တာနဲ့မှားတတ်ပါတယ်။ နောက်တစ်ခုက အူရောင်ငန်းဖျားတိုက်ဖွိုက်နဲ့ မှားတတ်ပါတယ်။ သေချာသိအောင် သွေးနဲ့ဝမ်းကိုစစ်သင့်ပါတယ်။ အူမကြီးရောင်တာ သေချာမှသာကုသသင့်ပါတယ်။ နောက်တစ်ခုက ကင်ဆာနဲ့မှားတတ်ပါတယ်။ အသက် ၄၀ကျော်တဲ့သူတွေ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ရင်၊ သွေးဝမ်းသွားရင် ကင်ဆာဖြစ်နိုင်တဲ့အတွက် သေချာစစ်ကြည့်ဖို့လိုပါတယ်။

မေး. အူမကြီးရောင်ရမ်းခြင်းနဲ့ပတ်သက်ပြီး ဆရာ ပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းခြင်းနဲ့ပတ်သက်ပြီး ဆရာ ပညာပေးလိုတာကတော့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို စားပေးရမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လက်သန့်ရှင်းရေး ဂရုစိုက်ဖို့လိုတယ်။ အူမကြီးရောင်ရမ်းခဲ့ရင်တောင် စိတ်ပူဖို့မလိုဘူး။ စနစ်တကျ ဆေးကုသမှုခံယူလိုက်ရင် ပျောက်သွားပါလိမ့်မယ်။ ဆေးကုသမှုကို မခံယူဘဲနေရင် အူမကြီးကျဉ်းသွားတာမျိုး၊ ကိုယ်ခံအားနည်းသွားမျိုးဖြစ်တတ်ပါတယ်။ အူမကြီးရောင်တာကိုဆေးပေးပြီး ကုသရင် အလွန်ဆုံးနှစ်ပတ်ကြာမှာ ပျောက်ကင်းသက်သာလာနိုင်ပါတယ်။ ဆေးသောက်လို့ တစ်လအထိမပျောက်ဘူးဆိုရင်တော့ စနစ်တကျ ဆေးစစ်ကြည့်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top