Healthy Life Ad
Life Style

သားအိမ်နဲ့ အစာဟောင်းအိမ်ကင်ဆာ နှစ်ကြိမ်တိုင်ခံစားခဲ့ရသော်လည်း နှစ် ၂၀ကျော်ကြာတဲ့ အခုအထိ ကျန်းမာနေသူ ၉၃ နှစ်အရွယ် အဘွားဒေါ်ထွေးတင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အဘွားအသက် ၈၀ ကျော်ချိန်တွင် ဆရာဝန်က ကောင်းနေပြီဖြစ်၍ ပြန်မချိန်းတော့သဖြင့် သွားမပြတော့ကြောင်းသိရသည်။ နှစ်ကြိမ်တိုင် ကင်ဆာကုသအောင်မြင်ထားသည့် အဘွားဒေါ်ထွေးတင်သည် အသက် ၈၀ ကျော်အရွယ်အထိ အိမ်တွင် ထမင်း၊ ဟင်းများကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ခဲ့သူဖြစ်သည်။

အဘွားက အသန့်သိပ်ကြိုက်တော့ ဟင်းချက်ရင် ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို သေချာဆေးကြောတယ်။ အစားအသောက်ကို အိမ်မှာချက်သမျှ အကုန်စားတယ်။ ထမင်း၊ ဟင်း၊ ချဉ်ဟင်းစသဖြင့် အစုံစားတယ်။ အပြင်စာကတော့ အရင်ကတည်းက စားလေ့စားထမရှိဘူး။ စားခဲပါတယ်။ သရေစာမုန့်ဆိုလည်း ဗမာမုန့်ပဲစားတာများတယ်။

“အဘွားက အသန့်သိပ်ကြိုက်တော့ ဟင်းချက်ရင် ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို သေချာဆေးကြောတယ်။ အစားအသောက်ကို အိမ်မှာချက်သမျှ အကုန်စားတယ်။ ထမင်း၊ ဟင်း၊ ချဉ်ဟင်း စသဖြင့် အစုံစားတယ်။ အပြင်စာကတော့ အရင်ကတည်းက စားလေ့စားထမရှိဘူး။ စားခဲပါတယ်။ သရေစာမုန့်ဆိုလည်း ဗမာမုန့်ပဲစားတာများတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ ရောဂါတွေကတော့ တစ်ခုမှမရှိဘူး။ ဝမ်းကလည်း တစ်နေ့သုံးကြိမ်လောက် အိတ်ကလေးနဲ့သွားတော့ ပုံမှန်သန့်ရှင်းရေး လုပ်ပေးရတယ်။ အရင်က ကိုယ်တိုင်သန့်ရှင်းရေးလုပ်တယ်။ နောက်ပိုင်း မျက်စိသိပ်မကောင်းလို့ သမီးတွေက သန့်ရှင်းရေးလုပ်ပေးပါတယ်”

လက်ရှိတွင် ကျောက်မြောင်း၌နေထိုင်သည့် အဘွားဒေါ်ထွေးတင်တွင် သားသမီး ၁၁ ဦး၊ မြေး ၂၁ ဦး၊ မြစ် ၁၀ ဦးရှိသည်။

“အဘွားမှာ သားသမီး ၁၁ ယောက်ရှိတယ်။ ငယ်ငယ်ကတည်းက ခင်ပွန်းမရှိတော့ မုဆိုးမဘဝနဲ့ သားသမီး ၁၁ ယောက်စလုံးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တာ။ အခုနေတဲ့အိမ်ကိုလည်း ကိုယ့်ဘာသာပန်းရံလုပ်ပြီး ဆောက်ခဲ့တာ . . ငယ်ငယ်တုန်းကတော့ သားသမီးတွေလူလားမြောက်အောင် နည်းမျိုးစုံနဲ့ရှာကြံပြီး လုပ်ကျွေးခဲ့ရတာ။

သူများတွေပြောတာတော့ သားသမီးတွေ အများကြီးမွေးထားလို့ သားအိမ်ကင်ဆာဖြစ်တယ်လို့ပြောတာပဲ။ ကလေးမွေးတိုင်း အုတ်ပူ၊ သွေးခွဲ စသဖြင့်လည်းလုပ်ခဲ့တော့ အဲဒီဒဏ်တွေကြောင့်လို့ ပြောကြတာပဲ။ အဘွားကတော့ ဘာကြောင့်ဖြစ်မှန်းမသိပါဘူး”ဟု အဘွားက ရိုးသားစွာပြောပြခဲ့သည်။ ယခုအခါ အဘွားသည် တစ်ခါတစ်ရံ သတိမေ့တတ်သည်ကလွဲပြီး ပုံမှန်ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။

“အဘွား အိပ်လို့လည်းကောင်းတယ်၊ စားလို့လည်းကောင်းတယ်၊ ဘုရားလည်း မှန်မှန်ရှိခိုးတယ်။ ကင်ဆာဖြစ်တုန်းကလည်း ဆေးကိုမှန်မှန်သောက်တယ်။ သောက်ရမယ့်ဆေးကို မှန်မှန်သောက်တယ်။ ဆရာဝန်ညွှန်ကြားတာကို အကုန်လုံးလိုက်နာတယ်။ တခြားဟာကိုတော့ ဘာမှမလုပ်ဘူး။ ဓာတ်ကင်၊ ဓာတ်အပ်စိုက်တော့လည်း မှန်မှန်မပျက်မကွက်သွားပြတယ်။ ကိုယ်ကဝေဒနာသည်ဆိုတော့ ဒုက္ခခံရမှာပဲဆိုပြီး သွားလိုက်တာပဲ။ ကင်ဆာနှစ်ကြိမ်ဖြစ်တုန်းကလည်း မကြောက်ဘူး။ ကံတရားပဲလို့ တွေးလိုက်တယ်။ ဖြစ်ချိန်တန်ဖြစ်မှာပဲလို့ တွေးလိုက်တယ်။ စအိုပိတ်ပြီး ဗိုက်ဖောက်တော့လည်း အစပိုင်းမှာ နည်းနည်းတော့ စိတ်ညစ်တယ်။ နောက်တော့ နေသားကျသွားပါတယ်”ဟု အဘွားဒေါ်ထွေးတင်က ကင်ဆာခယောင်းလမ်း ဖြတ်သန်းအောင်မြင်ခဲ့ရခြင်း အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။ အဘွားဒေါ်ထွေးတင်က သတ္တိကောင်းသူ၊ စိတ်ဓာတ်ခိုင်မာသူဖြစ်ကြောင်း အဘွား၏ သမီးများကပြောသည်။

“အမေက စိတ်ဓာတ်မာတယ်၊ အခုအထိ တစ်ယောက်တည်းအပြင်ကို လှစ်ခနဲထွက်သွားတတ်လို့ အမြဲစောင့်ကြည့်နေရတယ်။ ကင်ဆာဖြစ်တုန်းကလည်း ဆရာဝန်ချိန်းရင် ချိန်းတဲ့အတိုင်း မှန်မှန်သွားပြတယ်။ အန်တီတို့က အလုပ်များလို့ မေ့နေရင်တောင် အမေက ဒီနေ့ဆရာဝန်နဲ့ ပြရမယ့်ရက်ရောက်ပြီဆိုပြီး အမြဲသတိပေးတတ်တယ်”ဟု သမီးများကပြောပြသည်။

သမီးအပျိုကြီးသုံးဦးနှင့် အတူနေထိုင်လျက်ရှိသည့် အဘွားဒေါ်ထွေးတင်က –

“အခုကတော့ စိတ်ချမ်းသာနေပြီ။ သားသမီး မြေးတွေကလည်း ပညာတတ်တွေဖြစ်ပြီး သူတို့အိမ်ထောင်ဖက်တွေကလည်း ကိုယ့်အိုးကိုယ့်အိမ်နဲ့ အတည်တကျဖြစ်နေပြီ။ တစ်ယောက်မှယောကျာ်းဆိုး၊ မိန်းမဆိုးမပါတော့ အဘွားစိတ်ချမ်းသာရတယ်။ သားသမီးတွေကလည်း သေချာပြုစုစောင့်ရှောက်တယ်။ အခုနောက်ပိုင်း ဘုရားရှိခိုးတယ်၊ ပုတီးမှန်မှန်စိပ်တယ်၊ အိပ်ရာထဲမှာမအိပ်ခင် ဘုရားရှိခိုးရင်းအာရုံပြုတယ်။ ပုတီးကအမြဲစိပ်တယ်။ လက်တွေကို နာနေအောင်ပုတီးစိပ်တယ်။ အရဟံရွတ်ပြီး ပုတီးစိပ်တာများတယ်။ အဘွားက ဘယ်လောက်ပဲ တုန်တုန်ချိချိဖြစ်နေပါစေ၊ ဘုရားကတော့ မမေ့ဘူး။

ကင်ဆာနဲ့ပတ်သက်ပြီး ဘာဘေးထွက်ဆိုးကျိုးမှ မခံစားရဘူး။ အသက်ကြီးလာတော့ မေ့တတ်လို့သာ ဆေးခန်းပြရတာမျိုးရှိတယ်”ဟု သူ၏နေထိုင်မှုပုံစံကိုပြောပြခဲ့ပြီး အခြားကင်ဆာဖြစ်နေသူများ၊ ကင်ဆာကုသမှု ခံယူနေသူများအား-

“ဆေးမှန်မှန်သောက်ပါ၊ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း မှန်မှန်လိုက်နာပါ၊ နောက်ပြီး အဘွားကင်ဆာဖြစ်ပြီး ပျောက်ထားတယ်မလား၊ အဘွားလိုကင်ဆာပျောက်ထားသူက သူ့အတွေ့အကြုံကိုပြောရင် အဲဒီဗဟုသုတကိုယူပြီး ဂရုစိုက်နေထိုင်ပါ။ ဒါကအကောင်းဆုံးပါပဲ။

ဒီရောဂါက ကြောက်စရာမဟုတ်ဘူး။ ဘဝကံအရဖြစ်လာတာ။ ကြောက်စရာ ဘာမှမလိုဘူး။ မကြောက်နဲ့၊ ဆေးမှန်မှန်သောက် . . ဘာမှမဖြစ်ဘူး။ အဘွားဆို ကင်ဆာကုသအောင်မြင်တာ နှစ် ၂၀ ကျော်ပြီ၊ အသက် ၉၃ နှစ်တောင် မသေသေးပါဘူး။ အဘွားသန်သေးတယ် . . .

အဘွားကတော့ အကြံပေးတဲ့အတိုင်း လုပ်လိုက်တာပဲ။ သားသမီး၊ မြေးတွေကလည်းများတော့ သူတို့ကို ဘာလုပ်ပေး၊ ဘာလုပ်ပေးဆိုပြီး ပြောတယ်၊ ကိုယ့်ဘာသာလုပ်နိုင်ရင်လည်းလုပ်တယ်။ ပြီးတော့ ဒီရောဂါက ကြောက်စရာမဟုတ်ဘူး။ ဘဝကံအရဖြစ်လာတာ။ ကြောက်စရာဘာမှမလိုဘူး။ မကြောက်နဲ့၊ ဆေးမှန်မှန်သောက် . .ဘာမှမဖြစ်ဘူး။ အဘွားဆို ကင်ဆာကုသအောင်မြင်တာ နှစ် ၂၀ ကျော်ပြီ၊ အသက် ၉၃နှစ်တောင် မသေသေးပါဘူး။ အဘွားသန်သေးတယ်”ဟု သူ၏ အတွေ့အကြုံကိုအခြေခံပြီး အကြံပြုအားပေးစကား မျှဝေလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top