Healthy Life Ad
Life Style

ဒီခေတ်ထဲ ရှာမှ ရှားသည့် ဦးဖိုးစီလို လူသား

♦ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

”ညီမလေးဆီ ဆေးဖိုးအကြွေးပေးချင်လို့”ဆို တဲ့ စကားကြားတော့ ဘယ်သူ့ကိုမှလည်း ဆေးမရောင်းဖူးပါဘူးဆိုပြီး ဇဝေဇဝါဖြစ်သွားသည်။ လူချင်း တွေ့ပြီး ပြောပြချင်တယ်၊ လိပ်စာပေးပါ ဆိုကာ အစ်မ တစ်ဦးရောက်လာသည်။

”အစ်မက ဦးဖိုးစီ သမီးပါ”

အဲဒီလိုပြောတော့လည်း ကျွန်မ နားမလည်။ ဦးဖိုးစီဆိုသော နာမည်ကို ကျွန်မ မှတ်သားဉာဏ်ထဲမှ ပြန်ခေါ်ကြည့်သော်လည်း လုံးဝ ထွက်မလာ။
”မှန်ပါတယ်။ ညီမလေးကတော့ မှတ်မိတော့မှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ အစ်မ အဖေရဲ့ အကြွေးစာရင်း စာအုပ်ထဲမှာတော့ ညီမလေး နာမည်နဲ့ ပေးရန် တစ်သောင်းခွဲကျပ်ဆိုပြီး သေချာမှတ်ထားပါတယ်။ ဒါကြောင့် အစ်မက အဖေ့ကိုယ်စား ညီမလေးကို မရမက အဆက်အသွယ်ရအောင် ရှာပြီး အကြွေးလာဆပ်တာပါ”

ဟိုတုန်းက ဦးဖိုးစီသည် – -လမ်းကြားတစ်ခုမှာ ဆေးဆိုင်ဖွင့်ထားသူ ဖြစ်ကြောင်း၊ ဆေးဆိုင်နာမည်ပင် မရှိဘဲ ကုန်စုံဆိုင်နှင့် တွဲလျက် ဆေးပစ္စည်းလေးများ တင်ကာ ရောင်းချသူဖြစ်ကြောင်း ထိုအစ်မဖြစ်သူက ကျွန်မကို ပြန်လည် ပြောပြမှ ကျွန်မမှတ်ဉာဏ်ထဲ ခပ်ရေးရေး ပြန်ပေါ်လာတော့သည်။

”အော် . .ညီမ မှတ်မိပြီ အစ်မ”

– – – – – – – – – – – – – –

ကျွန်မ ဆေးဝါးတက္ကသိုလ် ကျောင်းပြီးစက ရရာ ဆေးကုမ္ပဏီတစ်ခုသို့ အလုပ်ဝင်ခဲ့သည်။ ရရာဟု ပြောရခြင်းမှာ နယ်ကျောင်းသူဖြစ်သည့် ကျွန်မအတွက် ဘွဲ့ရပြီးမှ မိဘထံက လက်ဖြန့်ပြီး ငွေတောင်းရန် ရှက်ရွံ့သဖြင့် စီဗီဖောင်တစ်စောင် တင်လိုက်ရာ ထိုကုမ္ပဏီက ခန့်လိုက်သဖြင့် ဘာမှစဉ်းစားမနေဘဲ အလုပ်ဝင်လိုက်ခြင်းပင်။

သို့ရာတွင် ကျွန်မ အလုပ်ရွေးချယ်ပုံ အမှားကြီး မှားခဲ့သည်။ ကျွန်မသည် ကိုယ်နှင့် မည်သို့မှ မအပ်စပ်သော အလုပ်ကို ဝင်ခဲ့မိခြင်းပင်။ ကုမ္ပဏီကလည်း အလုပ်ခန့်အပ်စဉ်က ကျွန်မတို့ကို ရှင်းပြသည့် တာဝန်ဝတ္တရားများအတိုင်း လုပ်ခိုင်းသည်မဟုတ်ဘဲ ဆေးဘူးများကို ကိုယ်တိုင် ယူသွားပြီး ဆေးဆိုင်များသို့ လိုက်စပ်စေခြင်းမျိုး၊ ဆေးရောင်းရငွေ ကောက်ခိုင်းခြင်းမျိုးတို့ကိုပါ လုပ်ခိုင်းတတ်သည်။

ကျောင်းပြီးစ တက်ကြွနေသော ကျွန်မ အလုပ်လုပ်သည့်အခါ စေတနာပါပါဖြင့် ဆေးဆိုင်ကြီးများသာမက လမ်းကြိုလမ်းကြားက ဆေးဆိုင်ငယ်များပါမကျန် လိုက်စပ်ပါတော့သည်။ ဤသို့ဖြင့် ဦးလေး ဦးဖိုးစီနှင့် ဆုံခဲ့လေသည်။

အဲဒီနေ့က ဆေးဆိုင်များက (အခြားနာမည်တူ ဆေးများရှိနေသဖြင့်) ဆေးတစ်ဘူးမှ တင်ခွင့်မပြုသဖြင့် စိတ်ဓာတ်ကျနေသော ကျွန်မကို ဦးလေးဦးဖိုးစီက စိတ်ဓာတ်မြှင့်တင်ပေးခဲ့သည်။

”နှစ်ဘူးထားခဲ့လေ မိန်းကလေး၊ တစ်ပတ်ကြာရင် ဆေးဖိုးလာယူပေါ့”

ကျွန်မ တော်တော် အားတက်သွားသည်။ ဒီအလုပ်နှင့် ကံမစပ်ဟု တွေးနေသော စိတ်ဓာတ်မှုန်မှိုင်းခြင်းများ လုံးဝ ကင်းစင်သွားသည်။ ကျွန်မ မျက်နှာ ဝင်းပသွားသည်ကို ဦးလေး ဦးဖိုးစီ သိလိမ့်မည်ဟု ကျွန်မ ထင်သည်။ ဦးလေး မျက်နှာ ပြုံးနေတာကိုး။
ဆေးဘူး တင်လိုက်၊ ရောင်းရငွေ သိမ်းလိုက်၊ နောက်ထပ် ပြန်တင်လိုက်နှင့် အခြားဆေးဆိုင်ငယ်များနည်းတူ ဦးလေးဦးဖိုးစီ ဆေးဆိုင်တွင်ပါ လုပ်ဖြစ်ခဲ့သည်။

သို့ရာတွင် အလုပ်လုပ်ရင်း လေးလကျော်ကြာတော့ ကျွန်မ အလုပ်ရှင် သူဌေးသည် ဝင်ဝင်ချင်း အစမ်းခန့်ကာလ သုံးလပြီးပါက သူ ကတိပေးထားသည့် လစာတိုးပေးပါမည်ဆိုသော စကားလည်း မတည်၊ အပြင်သွားလျှင် ဆေးဆိုင်တင်ရန် ဆေးဘူး တစ်ဘူး-နှစ်ဘူး သယ်သွားပေါ့ ဆိုသည့်အဆင့်မှ တစ်နိုင်သယ်ပါဟု ဖြစ်လာရုံမက မနိုင်ဝန် သယ်ခိုင်းတော့သည်။ ကျွန်မ ဘယ်နည်းနှင့်မျှ သည်းမခံနိုင်တော့။ လမကုန်ခင် ထွက်စာတင်ပြီး အလုပ်ထွက်ခဲ့တော့သည်။
ကိုယ်ယူထားသည့် ဆေးဘူးဖိုးများကို ကုမ္ပဏီထံ အကုန်ရှင်းခဲ့ပြီး ပေါ့ပါးသည့် စိတ်ဖြင့် ထွက်လာခဲ့ရာ အလုပ်သစ်ရှာဖို့သာ ဆုံးဖြတ်ခဲ့ပါသည်။

– – – – – – – – – – – –

အခုတော့ ၁၀ နှစ်ကျော် ကြာခဲ့ပြီ။ ကျွန်မအဖို့ ဆေးကုမ္ပဏီတွင် လုပ်ခဲ့ဖူးသည်ကိုပင် မေ့သွားပြီ။ စာဖတ်ပရိသတ်တို့၏ မေးခွန်းများ၊ အင်တာဗျူးရန် ကိစ္စ များ၊ ပွဲတက်ဖိတ်စာများ၊ ဂျာနယ်ထုတ်ဝေရေး ကိစ္စ များသာ ကျွန်မ ခေါင်းထဲ ရှိတော့သည်။

”အဲဒီတုန်းက ညီမလေးကို အဖေက ပေးဖို့ ဆေးဘူးဖိုးအကြွေးကျန်တယ်ဆိုပြီး စာရင်းစာအုပ်ထဲ မှတ်ထားတာ။ ညီမလေးမရှိတဲ့ နောက်ပိုင်း ညီမလေးတို့ ကုမ္ပဏီကလည်း မလာတော့ဘူးလေ။ အဖေ့ ဆိုင်ကလည်း ပိတ်လိုက်တာကြာပြီ ညီမ၊ အခုတော့ အဖေက မရှိတော့ဘူး”

အဖေက မရှိတော့ဘူး။ ထိုစကားကြားသည့်အခါ ကျွန်မ စိတ်ဓာတ်အကြီးအကျယ်ကျနေချိန် စိတ်ဓာတ်မြင့်တက်စေခဲ့သော ဦးလေး၏ အပြုံးအား မျက်စိထဲ မြင်ယောင်ရင်း စိတ်မကောင်းဖြစ်သွားသည်။

”အဖေကလေ သူ့အကြွေးစာရင်းတွေကို ဆပ်ပေးပါလို့ မှာခဲ့တာနဲ့ ညီမလေးကို မရမက ဆက်သွယ်ပြီး အစ်မ ပိုက်ဆံလာပေးတာပါ”

ထိုအစ်မ ပေးသည့် ငွေတစ်သောင်းခွဲကို ကျွန်မ ခပ်တွေတွေ ကြည့်နေမိသည်။

”မဟုတ်ဘူး အစ်မ၊ ဦးလေးက ကျွန်မဆီက အကြွေးယူထားတာ မဟုတ်ပါဘူး။ ကျွန်မကသာ အဲဒီအလုပ် မလုပ်တော့လို့ မတောင်းတော့တာပါ”

”ဘယ်လိုပဲဖြစ်ဖြစ် အဖေမှာခဲ့တာ ဖြစ်လို့ ယူလိုက်ပါ ညီမလေး”

ဦးလေး သမီးပီသလှသော အစ်မက ဦးလေး ဆုံးတာ သုံးနှစ်တောင် ရှိတော့မည်ဖြစ်၍ ကူငွေလည်း လက်မခံတော့ဟု ဆိုသည်။

အကြွေးယူပြီးလျှင်တောင် မသိကျိုးကျွံပြုနေသော ဒီခေတ်ကြီးထဲ ဦးလေး ဦးဖိုးစီလို လူသားမျိုးက ရှာမှရှားပါလား။

ဘွဲ့ရခါစ အလုပ်အကိုင် အဆင်မပြေဖြစ်ကာ စိတ်ဓာတ်ကျနေရှာသည့် ကျွန်မကို အား ဖြစ်စေရန် ကူညီပေးခဲ့သူ ဦးလေးတစ်ယောက် ကောင်း ရာဘုံဘဝရောက်မည်မလွဲဟု အခိုင်အမာ တွေးမိရင်း ငွေတစ်သောင်းခွဲကို ဦးလေးအတွက် ရည်စူးပြီး လှူဒါန်းမှု တစ်ခုခု လုပ်ပေးမည်ဟု ဆုံးဖြတ်လိုက်မိပါသည်။

Most Popular

Healthy Life Ad
To Top