Healthy Life Ad
Life Style

ဖေ့စ်ဘွတ်ဟက်ပြီး လိုက်နှောင့်ယှက်နေတယ် ဆရာ . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

နယ်မြို့လေးတစ်မြို့မှာ ၁၀ တန်းအောင်ခဲ့တဲ့ ကြာဖြူဟာ ရန်ကုန်မြို့က အဆောင်တစ်ခုမှာ နေပြီး ကွန်ပျူတာသင်တန်းတက်နေသူပါ။ လူတွေနဲ့ ရောရောထွေးထွေး မနေတတ်တဲ့ ကြာဖြူက အဆောင်မှာ တစ်ယောက်ခန်းကိုသာ ရွေးငှားခဲ့ပါတယ်။ ကွန်ပျူတာသင်တန်းကို တက်နေရာကနေ နှစ်လအကြာမှာတော့ ကြာဖြူသင်တန်းကို မှန်မှန်မသွားတော့ဘဲ အဆောင်မှာပဲ အခန်းထဲတစ်ယောက်တည်းနေခဲ့တယ်။ တကယ်က ကြာဖြူသင်တန်းကို သွားချင် စိတ်မရှိတော့လို့ပါ။ ကြာဖြူရဲ့ အခန်းပြတင်းပေါက် ကနေလှမ်းကြည့်ရင် မြင်ရတဲ့ တိုက်ခန်းတစ်ခန်းက လူတွေဟာ ကြာဖြူ့မကောင်းကြောင်း ပြောလာလို့ပါပဲ။ ဘယ်လောက်အထိ ဆိုးရွားသလဲဆိုရင် ကြာဖြူ ကွန်ပျူတာသင်တန်းသွားတက်နေတာကို မဟုတ်တာတွေ လုပ်စားနေတယ်လို့ မှိုချိုး မျှစ်ချိုး ပြောကြပါတယ်။

‘ဒီအဆောင်မှာနေလို့တော့ မဖြစ်တော့ဘူး’ ဆိုပြီး နောက်အဆောင်တစ်ခုကို ပြောင်းလိုက်ပါတယ်။ နောက်အဆောင် ရောက်ရင်တော့ ဒီလူတွေ လိုက်မနှောင့်ယှက်နိုင်လောက်ဘူးလို့ ကြာဖြူတွေးမိတာကိုး . . အတွေးနဲ့လက်တွေ့ တက်တက်စင်လွဲတာပဲ။ ကြာဖြူပြောင်းနေတဲ့ အဆောင်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ တိုက်ခန်းကို သုံးရက်အကြာမှာ အရင်လူတွေ ရောက်လာပြန်ပါ ရောလား . .

သူတို့ပြောစကားတွေအတွက် ကြာဖြူစိတ်ဆိုးမိတယ်၊ ဝမ်းနည်းတယ် . . ဒါနဲ့ သူတို့ကို ပြန်ချေပဖို့ ကြိုးစားတယ်။ သူတို့က နေ့ဘက်တင်မက ညဘက် တွေမှာပါ ဆိုးဆိုးရွားရွား နှောင့်ယှက်ပြောဆိုလာကြ တယ်။ ဒါနဲ့ ကြာဖြူတစ်ယောက်နေ့ဘက်တင်မက ညဘက်တွေမှာပါ ခွန်းတုန့်ပြန်ပြီး ပြောနေရတော့တယ်။
“ဒုန်း . . .ဒုန်း . . .”

“ကြာဖြူ . .အခုချိန်ထိ မအိပ်သေးဘူးလား၊ မအိပ်ဘဲ တစ်ယောက်တည်း စကားတွေ ပြောနေသံ တွေကြားလို့ . . ဘာဖြစ်နေတာလဲ ကြာဖြူ” ဆိုပြီး ဘေးအခန်းက သူငယ်ချင်းတွေနဲ့ အဆောင်မှူးအစ်မကြီးက တံခါးခေါက်ပြီး မေးကြတယ်။

ကြာဖြူလည်း သူ့ကိုအပုပ်ချနှောင့်ယှက်နေတဲ့ တစ်ဖက်တိုက်ခန်းက လူတွေအကြောင်း ပြောပြပြီး သူတို့ကို ပြန်တုန့်ပြန်နေတာပါဆိုတော့ အဆောင်မှူးအစ်မကြီးနဲ့ သူငယ်ချင်းတွေက-

“မဖြစ်လောက်ပါဘူးဟယ်၊ သူတို့က ဘာမှ မပြောလောက်ပါဘူး”လို့ ဖြေကြတယ်။ ကြာဖြူ သိလိုက်ပါပြီ. . အော် . . အဆောင်မှူးအစ်မကြီးနဲ့ သူငယ်ချင်းတွေက ငါ့ဘက်က မဟုတ်ဘဲ ငါ့ကို မကောင်းပြောနေတဲ့ သူတွေဘက်ကကိုး။

အဲဒီအဆောင်မှာ တစ်ပတ်-နှစ်ပတ်လောက် အအိပ်ပျက်၊ အစားပျက်ခံနေရပြီးနောက်ပိုင်းမှာ “ဒီအဆောင်မှာ နေလို့တော့ မဖြစ်တော့ဘူး” ဆိုပြီး နောက်အဆောင် တစ်ခုကို ပြောင်းလိုက်ပါတယ်။ နောက်အဆောင် ရောက်ရင်တော့ ဒီလူတွေ လိုက်မနှောင့်ယှက်နိုင်လောက်ဘူးလို့ ကြာဖြူတွေးမိတာကိုး . . အတွေးနဲ့ လက်တွေ့ တက်တက်စင်လွဲတာပဲ။ ကြာဖြူပြောင်းနေတဲ့ အဆောင်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ တိုက်ခန်းကို သုံးရက်အကြာမှာ အရင်လူတွေ ရောက်လာပြန်ပါရောလား . . ကြာဖြူ ဒီအဆောင်မှာနေတယ်ဆိုတာကို သူတို့ ဘယ်လိုလုပ်ခြေရာခံ မိသွားပါလိမ့်လို့ စဉ်းစားကြည့်တဲ့အခါ သူတို့ ကြာဖြူနေတဲ့အခန်းမှာရှိတဲ့ မှန်ပေါက်လေးကနေ ချောင်းကြည့်ကြပြီး သိတာပဲဖြစ်မယ်လို့ တွေးလိုက်မိတယ်။ တစ်ရက်-နှစ်ရက်နေမှ သေသေချာချာ ပြန်စဉ်းစား ကြည့်လိုက်တဲ့အခါ ကြာဖြူကွန်ပျူတာ Password ရိုက်ထည့်တာကို အဲဒီမှန်ပေါက်ကနေ မြင်သွားလို့ ကြာဖြူရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်၊ Viber အကောင့်နဲ့ Beetalk အကောင့်တွေအားလုံးအားလုံးသော အကောင့်တွေ Hack ခံရတယ်၊ သူတို့ကိုယ်တိုင်လည်း ကြာဖြူအနီးက တိုက်ခန်းကို ပြောင်းလာကြပဲဖြစ်မယ်။ အဲဒီလို အကောင့်တွေ အဟက်ခံရပြီးတဲ့အခါ အပြင်မှာ ပြောကြ၊ ဆိုကြ၊ ဝေဖန်ကြရုံတင်မက ရှိသမျှ အကောင့်တွေကနေပါ သူ့ကို အမျိုးမျိုး ဝေဖန်တိုက် ခိုက်လာကြပြန်တယ်။

တဖြည်းဖြည်းနဲ့ ကြာဖြူ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ ဒီလိုအပြင်မှာတစ်မျိုး အင်တာနက်နဲ့ တစ်သွယ်နှောင့်ယှက်နေတာ နှစ်လပြည့်တဲ့အခါ သူ့အခန်းထဲမှာရှိတဲ့ တုတ်တစ်ချောင်းကို ဆွဲပြီး အဲဒီလူ တွေကို “မိန်းကလေးဆိုပြီး ဒီလိုအနိုင်မကျင့်နဲ့၊ မိန်းကလေးဆိုပေမယ့် ငါက ပျော့ပျော့နွဲ့နွဲ့ မဟုတ်ဘူး၊ ငယ်ငယ်ကတည်းက အဖေက သိုင်းသင်ပေးထားတာ၊ မကျေနပ်ရင် လေးယောက်နဲ့ တစ်ယောက်လည်း ချရဲတယ်. . လာခဲ့ကြ” ဆိုပြီး တုတ်ဆွဲရင်း အော်ဟစ်ပြီး အပြင်ထွက်လာခဲ့ပါတော့တယ်။

ကြာဖြူ့အော်ဟစ်ရိုက်နှက်သံတွေ ကြားတော့ အဆောင်မှူးနဲ့ အခန်းနီးချင်းတွေက ‘ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ’ဆိုပြီး မေးပါတော့တယ်။

ကြာဖြူက အကြောင်းစုံရှင်းပြလိုက်တဲ့အခါ သူ့ကို နှောင့်ယှက်တယ်ဆိုတဲ့ တိုက်ခန်းက လူတွေ ဆီသွားစုံစမ်းကြတယ်။ ဒါပေမဲ့ အဲဒီတိုက်ခန်းမှာ ကြာဖြူပြောတဲ့ ယောကျာ်းနှစ်ယောက်၊ မိန်းမနှစ် ယောက်ကိုလည်း မတွေ့ရဘူး။ အဲဒီအိမ်မှာ အဘိုး၊ အဘွားလင်မယားနှစ်ယောက်တည်း နေတယ်၊ သူ တို့ကလည်း မသိပါဘူးလို့ ဆိုတယ်။ ရိုးရိုးအေးအေးကြီးတွေဖြစ်တဲ့အပြင် ရန်ပြုဖို့ နေနေသာသာ . . အိုကြီး အိုမအဘိုးအဘွားနှစ်ယောက် တစ်ဦးနဲ့ တစ်ဦး အမှီသဟဲပြုနေကြရတာကို တွေ့ရပါတယ်။၊ ဖေ့စ်ဘွတ်ခ်နဲ့ Viber ဟက်ဖို့ဆိုတာ ဝေလာဝေး . . အိမ်မှာ ကွန်ပျူတာလည်း မရှိဘူး၊ စမတ်ဖုန်းလည်း မရှိဘူး၊ ရိုးရိုးကြိုးဖုန်းလေးပဲ ရှိတယ်ဆိုတာ တွေ့ရပါတယ်။

“နင် စိတ်က ထင်လို့ နေမှာပါ၊ အိပ်ရေး ပျက်တာနဲ့ အစားပျက်တာကြောင့် စိတ်ဂယောက်ဂယက် ဖြစ်တာနေမယ်”ဆိုပြီး အားလုံးက ဝိုင်းပြောကြ၊ ဖျောင်းဖျကြပါတယ်။

ကြာဖြူ့စိတ်ထဲမှာ “အော် . . သူတို့က ငါ့ကို စိတ်မကောင်းဘူး၊ ရူးနေတယ်လို့ထင်ကြတာပေါ့. . ငါက ဘာမှမဟုတ်ဘဲနဲ့ ပြောပါ့မလား၊ ကွန်ပျူတာနဲ့ ရှိသမျှ အကောင့်တွေလည်း အဟက်ခံရသေးတယ်၊ အပြင်မှာရော အွန်လိုင်းမှာပါ အမျိုးမျိုး စော်ကားနေကြတာကို ငါ့ဘက်က မကူညီတဲ့အပြင် ရောဂါ ရှိသလိုလို လာပြောကြတယ်” လို့ တွေးပြီး ကြာဖြူ ကိုယ်တိုင် ရဲစခန်းသွားတိုင်ပါတော့တယ်။

ရဲစခန်းက အသေးစိတ်နားထောင်ပြီး “အဆင်ပြေအောင် လုပ်ပေးပါ့မယ်” ဆိုကာ အဆောင်မှူးကို ခေါ်မေးပါတယ်။ အဆောင်မှူးကလည်း အကျိုးအ ကြောင်းရှင်းပြရင်း “ဒီလိုထားလို့တော့ မဖြစ်တော့ဘူး၊ နယ်က သူ့မိဘတွေကိုပါ လှမ်းအကြောင်းကြားပြီး စိတ်ကျန်းမာရေး ကုသပေးမယ့် ဆရာဝန်ကြီး တစ်ယောက်ယောက်နဲ့ သွားပြမှဖြစ်မယ်”လို့ ဆုံး ဖြတ်ကြပြီး ဆရာ့ဆီ ခေါ်လာကြခဲ့ပါတော့တယ်။

_ _ _

ပိန်လှီဖျော့တော့နေတဲ့ ကြာဖြူ့ကို အသေးစိတ် စစ်ဆေးမေးမြန်းရပါတယ်။ ကွန်ပျူတာ၊ ဖေ့စ်ဘွတ်ခ်၊ Viber နဲ့ Beetalk အကောင့်တွေကို ဘယ်လို Hack ပါတယ်ဆိုတဲ့အကြောင်း၊ အဲဒီလို Hack ပြီးတာနဲ့ ငယ်ကျိုးငယ်နာတွေကို ဖော်ကြောင်းနဲ့သူ့ကိုနေ့စဉ်အချိန်နဲ့အမျှ အပြစ်တင်နှောင့်ယှက်နေကြောင်း. . ဘယ်သွားသွား၊ ဘယ်လာလာလိုက်ပြီး နှောင့်ယှက်နေတဲ့အကြောင်း၊ အပြင်မှာရော အွန်လိုင်းမှာပါနှောင့် ယှက်နေတဲ့အကြောင်း၊ အဲဒါကြောင့် သူ့မှာ မအိပ်နိုင်၊ မစားနိုင်ဖြစ်နေတာကြာပြီဖြစ်ကြောင်း၊ ဘယ် လိုမှသည်းမခံနိုင်တော့ကြောင်း အသေးစိတ်ရှင်းပြပါတယ်။

“သမီး မအိပ်တာ ကြာပြီလား”လို့ မေးတော့-

“ကြာပြီဆရာ၊ သမီး မအိပ်ချင်လို့ မဟုတ်ပါဘူး၊ သူတို့ လာနှောင့်ယှက်နေလို့ ညည ကောင်းကောင်းမအိပ်ရတာကြာပါပြီ”လို့ ဖြေပါတယ်။

အတူပါလာတဲ့ အခန်းနီးချင်းက”သူ မအိပ်တာ တစ်လ- နှစ်လလောက်ကို ရှိနေပြီ ဆရာ၊ တခြားအဆောင်မှာတုန်းကလည်း ကောင်းကောင်း မအိပ်၊ မစားဘူးလို့ သိရတယ်”လို့ ဝင်ပြောပါတယ်။

တကယ်တော့ ကြာဖြူမှာ လှုံ့ဆော်မှုမဲ့အာရုံမှား တွေရှိနေတာပါ။ သူ့ကို အပြင်မှာ နှောင့်ယှက်တယ် လို့ထင်နေတဲ့ အတွေးတွေ၊ ဖေ့စ်ဘွတ်ခ်အကောင့်၊ Viber အကောင့် . . ရှိသမျှအကောင့်တွေအဟက်ခံ ရတယ်လို့ ထင်နေတဲ့ အတွေးတွေ အကုန်လုံးဟာ သွေးအားနည်းတာရော၊ အိပ်ရေးပျက်တာရော၊ အ စားပျက်တာရောတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ပေါ်ပေါက်လာတာပဲ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ လိုအပ်တဲ့ ဆီး၊ ဝမ်း၊ သွေးစစ်ဆေးမှုတွေ လုပ်ပြီး –

“အခုချိန်မှာ အစားအသောက်တွေကို အာဟာရ မျှမျှတတရအောင် စားဖို့လိုတယ်၊ သမီးအားရှိလာမှ သမီးကိုနှောင့်ယှက်နေတာတွေကို ပြန်ပြီး ကောင်းကောင်းတုန့်ပြန်နိုင်မယ်၊ ခံနိုင်ရည်ရှိမယ်၊ အိပ်ရေး ဝ၀အိပ်ပြီး ကောင်းကောင်း အနားယူဖို့လိုတယ်၊ ဆေးရုံမှာ လုံခြုံရေးတွေနဲ့ ဝန်ထမ်းတွေက သမီးကို ဘယ်သူမှ မနှောင့်ယှက်နိုင်အောင် စောင့်ရှောက် ကာကွယ်ပေးထားကြမယ်၊ သမီးရဲ့ ကွန်ပျူတာနဲ့ ဖုန်းတွေထဲက အကောင့်တွေကိုလည်း Password တွေပြောင်းပြီး ဘယ်သူမှ အဟက်မခံရအောင် လုံခြုံရေးတွေနဲ့ သေသေချာချာစီစဉ်ပေးထားပါ့မယ်”ဆိုပြီး ကြာဖြူ့ကိုဆေးရုံမှာတင်ကာ ကုသမှုပေးနေရပါတော့တယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top