Healthy Life Ad
Q & A

သဘာဝအိပ်ဆေး သုံးစွဲလို့ရနိုင်သလား . . .

မေး. ကျွန်တော်က အသက်ကြီးသူတစ်ဦးဖြစ်ပြီး ညနှစ်ခြိုက်စွာအိပ်ပျော်အောင် ဆရာဝန်ညွှန်ကြားချက်မပါဘဲ သဘာဝအိပ်ဆေးတစ်မျိုးကို ဝယ်ယူသုံးစွဲချင်ပါတယ်။ အဲဒီဆေးကို ဝယ်ယူသုံးစွဲလို့ရပါသလား။ အဲဒီဆေးကိုသုံးစွဲတာကြောင့် ဘယ်လိုဆိုးကျိုးတွေရရှိပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သဘာဝကပဲထုတ်ထုတ်၊ ဓာတုဗေဒနည်းနဲ့ပဲထုတ်ထုတ် ခန္ဓာကိုယ်ထဲမှာ ဆေးသောက်လိုက်ရင် ဓာတ်အပြောင်းအလဲတွေဖြစ်စေတာပေါ့။ နာမည်ကိုမပြောထားတဲ့အတွက် ဘယ်ဆေးဆိုတာတော့မသိပါဘူး။ မေးခွန်းအရအကြမ်းအားဖြင့် ပြောရမယ်ဆိုရင် အိပ်ဆေးအုပ်စုမှာ အများဆုံးအသုံးပြုနေတာက စိတ်ပူပင်သောကပျောက်တဲ့ အင်္ဂလိပ်ဆေးတွေ၊ Diazepam ဆေးအုပ်စုတွေသုံးတာများတယ်။ နောက်ပိုင်းထွက်လာတာက မယ်လတိုနင်ဆိုတဲ့ဆေးဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သဘာဝအရ မယ်လတိုနင်ဟော်မုန်းထွက်ရှိပြီး ညမှောင်လာရင် အိပ်ချင်လာပါတယ်။ အိပ်မပျော်တဲ့သူတွေမှာ ပုံမှန်အိပ်ချိန်ထက် တစ်နာရီလောက်စောပြီး မယ်လတိုနင်ဆေးကိုမှီဝဲပေးရင် အိပ်စက်တဲ့စည်းချက်နာရီ (Sleep Rhythm)ကို မှန်သွားစေပါတယ်။ ဒါကို လပိုင်းလောက်စွဲသောက်ပြီး အိပ်စက်တဲ့ စည်းချက်နာရီမှန်သွားလို့ ဆေးရပ်လိုက်ရင် နောက်ပိုင်း သိသိသာသာ အိပ်ပျော်စေပါတယ်။

အိပ်မပျော်တဲ့ပြဿနာက လူအများစုဘဝမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့ရတဲ့ အခက်အခဲပဲဖြစ်ပါတယ်။ ဆရာတို့ကတော့ အိပ်မပျော်တဲ့လူနာတွေလာပြရင် ဘာကြောင့်အိပ်မပျော်တာလဲဆိုတာကို မေးပါတယ်။ အများစုကတော့ အကြောင်းရင်းရှာမရဘူးလို့ပြောပါတယ်။ အကြောင်းရင်း ရှာမရဘူးဆိုပေမယ့် တွေးတောစရာတွေ များနေတယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။ အများစုက စိတ်ပူပင်သောက များစရာလေးတွေရှိတဲ့အခါမှာ မိမိရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို စိတ်ပူတာပဲဖြစ်ဖြစ်၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ ပြင်ပဆိုင်ရာကိစ္စတွေမှာ စိတ်ပူတာပဲဖြစ်ဖြစ် အိပ်မပျော်တတ်ကြပါဘူး။

သူတို့ကို စိတ်ပူပင်မှုနဲ့ ဖိစီးမှုသောကလျော့ကျအောင် လျှော့ချဖို့ နှစ်သိမ့်ဆွေးနွေးအကြံပြုပေးပါတယ်။ ယာယီအနေနဲ့ကတော့ အိပ်ဆေးတွေကို ခဏပေးပါတယ်။ ဆေးတောက်လျှောက်စွဲစားတာကို အားမပေးပါဘူး။ ကြားထဲ ခဏပဲထိန်းထားပြီး နောက်ပိုင်းမှာ သဘာဝအတိုင်းအိပ်ပျော်အောင် အကျင့်လုပ်ခိုင်းပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဆေးပဲဖြစ်ဖြစ်၊ သဘာဝဆေးပဲဖြစ်ဖြစ် ဆေးကိုရေရှည်မှီခိုနေရတဲ့သဘောမျိုး မဖြစ်စေချင်ပါဘူး၊ ယာယီအနေနဲ့ သုံးချင်သုံးပါ၊ ကိုယ်အဓိက အိပ်မပျော်ရတဲ့အကြောင်းရင်းက ဘာလဲဆိုတာကိုရှာဖွေပြီး ဖယ်ရှားပါလို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top