Healthy Life Ad
Life Style

သံစစ်ကုသိုလ်ဖြစ်ဆေးခန်းကျေးဇူးကြောင့် အသည်းရောင်စီပိုး ပျောက်ကင်းခဲ့ရသူ ဒေါ်ဌေးယုမေ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဝါးခယ်မမြို့နေ ဒေါ်ဌေးယုမေသည် အစိုးရအလုပ်တာဝန်အရ ရန်ကုန်သို့ပြောင်းလာခဲ့ပြီး အစိုးရအလုပ်မှ အနားယူချိန်တွင် ကုမ္ပဏီအလုပ်ကို ဆက်လက်လုပ်ကိုင်နေသူဖြစ်သည်။

“လွန်ခဲ့တဲ့ငါးနှစ်တုန်းက လက်ခွဲစိတ်မှုတစ်ခုလုပ်ရမယ်ဆိုတော့ ဆေးစစ်လိုက်တော့ စီပိုးရှိမှန်းသိခဲ့တယ်။ လက်ခွဲစိတ်မှုကလည်း မလုပ်ဖြစ်ခဲ့ပါဘူး။ အာထရာဆောင်းရိုက်တော့လည်း အသည်းက ဘာမှမဖြစ်သေးဘူး။ ရပ်ကွက်ထဲက ဆရာဝန်နဲ့ပြတော့ သူကအသည်းအားဆေးတစ်မျိုးစားဖို့ အကြံပေးတယ်။ အဲဒီအားဆေးပဲစားတယ်၊ တခြားဘာဆေးမှ မစားဖြစ်ပါဘူး။ အစားအသောက်အနေနဲ့ နဂိုကတည်းက ကြက်သားလောက်ပဲစားတယ်၊ တခြားအသားတွေ သိပ်မစားဖြစ်ဘူး၊ ဟင်းသီးဟင်းရွက်ကြိုက်တော့ ဟင်းသီးဟင်းရွက် များများစားပါတယ်။ ငါးပိ၊ ငါးခြောက်ကို သွေးတိုးဖြစ်မှာစိုးတာနဲ့ရှောင်တယ်။

ဒီလိုပဲ နေနေရင်းနဲ့ ဒီနှစ်ထဲမှာ နှလုံးသွေးကြောကျဉ်းလို့ အာရှတော်ဝင်မှာ သွားပြလိုက်တယ်။ ဒါနဲ့ တစ်ကိုယ်လုံးဆေးစစ်လိုက်တော့ အသည်းအခြေအနေ သိပ်မကောင်းချင်တော့ဘူး။ နည်းနည်းခြောက်ချင်နေပြီဆိုတာတွေ့တာနဲ့ ကုသင့်ပြီ၊ အခုဆိုရင် သိန်း ၂၀လောက်ပဲ ကုန်တော့တယ်လို့ ဆရာဝန်ကြီးတွေက အကြံပေးတယ်။ အဲဒါဆိုလည်း ကျွန်မကြိုးစားပါ့မယ်လို့ ဆရာဝန်ကိုပြောလိုက်တယ်”ဟု အသက် ၆၂နှစ်အရွယ် ဒေါ်ဌေးယုမေက အသည်းရောင်အသားဝါ စီပိုးမကုသမီ အခြေအနေကိုပြောပြခဲ့သည်။

လွန်ခဲ့တဲ့ ၅နှစ်ခန့်က အသည်းရောင်အသားဝါ စီပိုးရှိမှန်းသိခဲ့သော်လည်း ကုသလျှင် ကျပ်သိန်း ၂၀ဝ ခန့်ကုန်မည်၊ အသေအချာပျောက်၊ မပျောက် အာမမခံ၊ တစ်ပတ်လျှင် ကျပ်သိန်း ၅၀ကုန်မည်ဟုသိရသဖြင့် ဒေါ်ဌေးယုမေ မကုသနိုင်ခဲ့ပါ။ ရပ်ကွက်မှ ဆရာဝန်တစ်ဦး၏အကြံပေးချက်အရ အသည်းအားဆေးတစ်မျိုးကိုသာ နေ့စဉ်တစ်လုံးသောက်ခဲ့ကြောင်းနှင့် ၂၀၁၇နှစ် မေလတွင် ပုံမှန်ဆေးစစ်ဆေးမှုများပြုလုပ်ရာမှ အသည်းကိုမကုသပါက အခြေအနေမကောင်းဟု ဆရာဝန်က ပြောကြားကြောင်းဆိုသည်။

“ဝါးခယ်မမြို့နယ်အသင်းမှာ တွေ့ဆုံစကားပြောဖြစ်ရင်း စီပိုးရှိကြောင်းပြောပြလိုက်တော့ အန်တီအလုပ်လုပ်နေတဲ့ မြေနီကုန်းမှာပဲ သံစစ်ကုသိုလ်ဖြစ်ဆေးခန်းရှိတယ်လို့ ဦးသန့်ဇော်တိုးက ပြောတယ်” ဟု ဒေါ်ဌေးယုမေကဆိုသည်။

သို့နှင့် ဝါးခယ်မမြို့နယ်အသင်းမှ အသင်းအမှုဆောင်ဦးသန့်ဇော်တိုး၏ကူညီမှုကြောင့် အမှတ် (၃၃-၃၅)၊ ပုသိမ်လမ်း၊ ကျွန်းတောအလယ်ရပ်၊ စမ်းချောင်းမြို့နယ်ရှိ သံစစ်ကုသိုလ်ဖြစ်ဆေးခန်း ဖုန်း ဝ၉ ၉၆၄၄၈၂၈၂၀၊ ဝ၉ ၉၆၄၅၈၂၈၂၀ သို့ ဆက်သွယ်ပြီး ၂၀၁၇ စက်တင်ဘာလတွင် စတင်ကုသမှုခံယူဖြစ်ခဲ့ကြောင်းသိရသည်။

“သံစစ်ကုသိုလ်ဖြစ်ဆေးခန်းကိုဖုန်းဆက်ပြီး စာရင်းပေးလိုက်တော့ ဘယ်နေ့မှာ ဘိုကင်နံပါတ် ဘယ်လောက်ဆိုပြီးပြောတာနဲ့ အဲဒီနေ့မှာ အန်တီသွားပြလိုက်ပါတယ်။ လူနာများတော့ ဖုန်းဆက်ပြီး တစ်လကျော်ကျော်တော့ စောင့်ရပါတယ်။

သံစစ်ကုသိုလ်ဖြစ်ဆေးခန်းမှာပဲ ဘီပိုးထပ်စစ်ပေးတယ်။ ဘီပိုးမရှိတာ သေချာတယ်၊ စီပိုးရှိတယ်ဆိုတာနဲ့ သွေးတွေစစ်ခိုင်းတယ်။ ကိုယ်နေတဲ့နေရာနဲ့နီးတဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ခိုင်းတာနဲ့ အန်တီက ကမာရွတ်မှာနေတော့ ရုံးနဲ့လည်းနီးတဲ့ စမ်းချောင်းမှာရှိတဲ့ လူထုဓာတ်ခွဲခန်းမှာ သွားစစ်လိုက်တယ်။ အာထရာဆောင်းကို သံစစ်ကုသိုလ်ဖြစ်ဆေးခန်းမှာပဲ အခမဲ့ရိုက်ပေးပါတယ်။ ဆေးစစ်ချက်အဖြေတွေစုံတာ စောင့်နေတာနဲ့ နှစ်ပတ်-သုံးပတ်လောက်အကြာမှာ သံစစ်ကုသိုလ်ဖြစ်ဆေးခန်းမှာ ပြန်ဖုန်းဆက်လိုက်တယ်။ စနေ ဒါမှမဟုတ် တနင်္ဂနွေ လာပါဆိုတာနဲ့ တနင်္ဂနွေနေ့မှာ သွားပြလိုက်တယ်။ အဲဒီမှာ အသည်းအထူးကု ဆရာဝန်ကြီးက ကြည့်ပေးတယ်။ ဆေးဖိုးစုစုပေါင်း အလွန်ဆုံး ၁၅ သိန်းလောက်တော့ ကုန်မယ်၊ တစ်ပြိုင်တည်းကုန်တာတော့ မဟုတ်ပါဘူး။ ကုသင့်ပါတယ်ဆိုပြီး အကြံပေးတာနဲ့ ကုလိုက်ပါတယ်”ဟု ဒေါ်ဌေးယုမေက စီပိုးကုသမှုအကြောင်း ပြောပြခဲ့သည်။

ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ စသည့် နာတာရှည်ရောဂါမရှိသဖြင့် ဆေးနှစ်မျိုးကို တစ်လတိတိသောက်ရကြောင်း၊ ဆေးကုန်ခါနီး ငါးရက်အလိုတွင် ပိုးကောင်ရေပြန်စစ်ရန် မှာလိုက်ကြောင်း သိရသည်။

“ဆေးကို နေ့တိုင်း အချိန်မှန် မပြတ်သောက်ရတယ်။ ဒါနဲ့ နေ့လယ် ၁၂ နာရီသောက်တယ်။ ဆေးကလည်း ဘာဘေးထွက်ဆိုးကျိုးမှ မခံရဘူး။ ဆေးမကုန်ခင် ငါးရက်အလိုမှာ SML ဓာတ်ခွဲခန်းမှာ ပြန်စစ်လိုက်တော့ ပိုးကောင်ရေက ကျသွားတယ်။ အဲဒါနဲ့ သံစစ်ကုသိုလ်ဖြစ်ဆေးခန်းကို ပြန်သွားပြတယ်။ အခြေအနေကောင်းတာနဲ့ ဆေးဆက်သောက်ပါဆိုတာနဲ့ တစ်လစာပေးတယ်။ ဒီတစ်ခါမှာလည်း ငါးရက်အလိုမှာ ပိုးကောင်ရေပြန်စစ်ရတယ်။ သံစစ်ကုသိုလ်ဖြစ်ဆေးခန်းနဲ့ ချိတ်ထားတဲ့ SML ဓာတ်ခွဲခန်း၊ နီနီဓာတ်ခွဲခန်းစတာတွေမှာစစ်ရင် ဈေးကတော်တော်သက်သာတယ်။

အဲဒါနဲ့ SML မှာ စစ်ပြီး သွားပြန်ပြတော့ အခြေအနေကောင်းတယ်။ နောက်ဆုံးတစ်လမှာတော့ ဆေးကုန်ပြီး နောက်တစ်နေ့ကျမှ ဆေးစစ်ပေးပါလို့ မှာလိုက်တယ်။ အဲဒီအတိုင်း ပိုးကောင်ရေစစ်လိုက်တော့ ပိုးကောင်ရေရှာမတွေ့တော့ဘူးလို့ အဖြေပြတယ်။ သံစစ်ကုသိုလ်ဖြစ်ဆေးခန်းကို ပြန်ပြတော့ သုံးလနေရင် အကောင်ရေ ပြန်စစ်ပေးပါလို့ပြောတယ်။ ဒီလိုမျိုး နှစ်ခါလောက်စစ်လို့ ပိုးကောင်ရေ လုံးဝမရှိတော့ဘူးဆိုရင် ထပ်စစ်စရာမလိုတော့ဘူးလို့ ပြောပါတယ်”

စီပိုးကုသမှုခံယူချိန်တွင် သောက်လက်စအားဆေးကို ဆက်သောက်ဖြစ်ပြီး ဆေးခန်းစပြချိန်တွင် ငါးယောက်တစ်ဖွဲ့၊ ၁၀ ယောက်တစ်ဖွဲ့ကို အခန်းတစ်ခုထဲခေါ်ကာ ဆောင်ရန်၊ ရှောင်ရန်များကို မှာကြားကြောင်းသိရသည်။

စီပိုးရှိသူတွေကို ငရုတ်ဆီ၊ ဆော့စ်စတဲ့ အရောင်ပါတဲ့ အစာတွေ၊ ဆော်ဒါပါတဲ့ အချိုရည်တွေ၊ ခေါက်ဆွဲ၊ ပေါင်မုန့်တွေ၊ သံဓာတ်များတဲ့ ဟင်းနုနယ်ရွက်လို အစိမ်းရင့်ရောင်အရွက်တွေ၊ သံပရာသီး၊ ရှောက်သီးစတဲ့ အချဉ်တွေ ရှောင်ခိုင်းပါတယ်။ ငါးပိ၊ ငါးခြောက်နဲ့ လက်လုပ်ချဉ်တွေကို ဆင်ခြင်ခိုင်းပါတယ် . . .

“အန်တီတို့လို စီပိုးရှိသူတွေကို ငရုတ်ဆီ၊ ဆော့စ် စတဲ့ အရောင်ပါတဲ့အစာတွေ၊ ဆော်ဒါပါတဲ့ အချိုရည်တွေ၊ ခေါက်ဆွဲ၊ ပေါင်မုန့်တွေ၊ သံဓာတ်များတဲ့ ဟင်းနုနယ်ရွက်လို အစိမ်းရင့်ရောင်အရွက်တွေ၊ သံပရာသီး၊ ရှောက်သီးစတဲ့ အချဉ်တွေရှောင်ခိုင်းပါတယ်။ ငါးပိ၊ ငါးခြောက်နဲ့ လက်လုပ်ချဉ်တွေကို ဆင်ခြင်ခိုင်းပါတယ်။ စာရွက်လေး တစ်ရွက်ထုတ်ပေးပြီး အဲဒီအထဲက ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာခိုင်းပါတယ်။ အခုထက်ထိလည်း အန်တီရှောင်ပါတယ်။ အခုလောလောဆယ်မှာ အသည်းအားဆေးပဲသောက်နေပါတယ်” ဟု ဒေါ်ဌေးယုမေက ပြောသည်။

ကုသိုလ်ဖြစ်ဆေးခန်းဖြစ်သော်လည်း ဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများ၏စေတနာကြောင့် ၂၀၁၇ စက်တင်ဘာလမှ စတင်ကုသမှုခံယူခဲ့ရာ ၂၀၁၇ ဒီဇင်ဘာ ၄ရက်နေ့နောက်ဆုံးဆေးစစ်ချက်အရ အသည်းစီပိုးမရှိတော့သဖြင့် သတ်မှတ်ချိန်အတွင်း ပျောက်ကင်းခဲ့ရခြင်းဖြစ်ကြောင်း၊ အသည်းရောင် စီပိုးအားစေတနာဖြင့် ကုသပေးပါသော သံစစ်ကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန်၊ ဆရာမများနှင့် ဝန်ထမ်းများအား အထူးကျေးဇူးတင်ပါကြောင်းနှင့် ဆေးခန်းလိပ်စာကူညီရှာဖွေပေးပါသော ဦးသန်းဇော်တိုးကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒေါ်ဌေးယုမေကပြောသည်။

“အန်တီကတော့ ကိုယ်လိုပဲ သူများတွေကို စီပိုးကုစေချင်ပါတယ်။ အရင်က စီပိုးကုရင် သိန်း ၂၀ဝလောက် ကုန်တယ်ဆိုတာနဲ့ မတတ်နိုင်ဘူးလေ။ အခုကျတော့ သံစစ်ကုသိုလ်ဖြစ်ဆေးခန်းက ဆေးခန်းပြခမပေးရဘူး။ ဆရာဝန်၊ ဆရာမ၊ ဝန်ထမ်းတွေကလည်း အကုန်သဘောကောင်းတယ်။ ဆေးစစ်ဖို့ သူတို့ဆီမှာအဆင်ပြေရင် အခမဲ့စစ်လို့ရတယ်။ အပြင်မှာ ပိုးကောင်ရေစစ်တာကလည်း သူတို့နဲ့ချိတ်ထားတဲ့ ဓာတ်ခွဲခန်းဆိုရင် အများကြီးသက်သာတယ်။ ဆေးဖိုးပဲကုန်တယ်။ အန်တီပြန်တွက်ကြည့်လိုက်ရင် ကုန်တာမှ ၁၃ သိန်းဝန်းကျင်ပဲ ကုန်တာ။ ဒါကြောင့် ကုသင့်ပါတယ်။ ကုကြပါလို့ အကြံပြုလိုက်ပါတယ်”ဟု အခြားအသည်းရောင်အသားဝါ စီပိုးရှိနေသူအားလုံးသို့ အကြံပြုစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top