Healthy Life Ad
Health Tips

လိပ်ခေါင်းဖြစ်စေနိုင်ကြောင်း သင်ထင်မှတ်မထားသည့် အကျင့် ရှစ်ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အရွယ်ရောက်သူ လေးဦးမှာ သုံးဦးဟာ ဘဝရဲ့ တစ်ချိန်ချိန်မှာ လိပ်ခေါင်းယားယံတာ၊ ပူစပ်ပူလောင် ဖြစ်တာနဲ့သွေးထွက်တာတွေဖြစ်ကြပါတယ်။ အဲဒီလို လိပ်ခေါင်းဖြစ်ရတဲ့ အကြောင်းရင်းတွေမှာ သင်ထင် မှတ်မထားတဲ့ အမူအကျင့်တွေလည်း ပါဝင်နေပါတယ်။

(၁) လေးလံသော ပစ္စည်းများ သယ်မခြင်း
လေးလံလွန်းတဲ့ ပစ္စည်းတွေ သယ်မတဲ့အခါ အစာဟောင်းအိမ်ပေါ် ဖိအားသက်ရောက်ပြီး သွေးကြောတွေ ဖောင်းကာ ရောင်ရမ်းလာပါတော့တယ်။ ဒီလိုမဖြစ်အောင် ပစ္စည်းသယ်မမယ်ဆိုရင် ထိုင်ချပြီး နည်းလမ်းတကျ သယ်မသင့်ပါတယ်။

(၂) အားကစားခန်းမတွင် ပြင်းထန်စွာ လေ့ကျင့်ခြင်း
အားကစားခန်းမမှာ လေးလံလွန်းတဲ့ အလေးတုံးတွေကို သယ်မလေ့ကျင့်ရင်လည်း ဒဏ်သက်ရောက်ပြီး လိပ်ခေါင်းဖြစ်ဖို့ အားပေးလှုံ့ဆော်တတ်ပါတယ်။

(၃) အိမ်သာထဲ အကြာကြီး ထိုင်ခြင်း
လိပ်ခေါင်းဖြစ်စေတဲ့ အကြောင်းတွေကို စဉ်းစားတဲ့အခါ အိမ်သာတက်တဲ့အချိန်ကို ပြန်တွေးပါ။ ဖုန်းကလိရင်း အိမ်သာတက်တဲ့အခါ အိမ်သာတက် ချိန်ပိုကြာတတ်ပါတယ်။ ဘိုထိုင်အိမ်သာပေါ် အကြာကြီးထိုင်ရင် စအိုဝသွေးပြန်ကြောတွေပေါ် ဖိအားသက်ရောက်စေပြီး လိပ်ခေါင်းထွက်ဖို့ အားပေးပါတယ်။

(၄) အဆင်သင့်အစာများ စားခြင်း
အဆင်သင့်အစာတွေကို အစားများတဲ့အခါ အမျှင်ဓာတ်ကို အလုံအလောက် မရရှိနိုင်တော့ပါဘူး။ အမျှင်ဓာတ်ဟာ မစင်ကို ပျော့ပျောင်းစေပြီး အစာ အိမ်အူလမ်းကြောင်းကနေ ချောချောမွေ့မွေ ထွက်ရှိ စေပါတယ်။ ဆီကြော်စာနဲ့ အဆင်သင့်အစာတွေက ဝမ်းချုပ်စေနိုင်ပါတယ်။

(၅) ဝမ်းသွားချင်စိတ်ကို အောင့်အည်းခြင်း
တစ်ပတ်မှာ သုံးကြိမ်အောက်ပဲ ဝမ်းသွားနေရင် ယေဘုယျအားဖြင့် သင်ဝမ်းချုပ်နေပြီလို့ ဆိုရပါလိမ့်မယ်။ ဒါဆိုရင် နေထိုင်မှုပုံစံကို ပြန်ဆန်းစစ် ကြည့်ပါ။ အလျင်လိုပြီး အမြဲတမ်း အလုပ်များနေရင် ဝမ်းသွားချင်စိတ်ကို အောင့်အည်းထားတတ်ပါတယ်။

(၆) ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
မကြာခဏ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်လည်း အိမ်သာထဲမှာ အချိန်ကြာကြာ ကုန်ဆုံးရတတ်ပါ တယ်။ အဲဒီအတွက် အစာဟောင်းအိမ်မှာ ဒဏ်ပိပြီး လိပ်ခေါင်းထွက်ဖို့ လှုံ့ဆော်နိုင်ပါတယ်။

(၇) ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ရှိတဲ့အခါ ပိုလှပြီး ကြည့်ကောင်းလာတာ မှန်ပေမယ့် ဝမ်းဗိုက်ပေါ် ဖိအားသက်ရောက်မှု၊ ဟော်မုန်းအပြောင်းအလဲနဲ့ ဝမ်းချုပ်တာတွေကြောင့် လိပ်ခေါင်းထွက်စေနိုင်ပါတယ်။ လေ့လာမှုအရကိုယ် ဝန်ဆောင်ချိန်မှာ အမျိုးသမီး ၃၅ ရာခိုင်နှုန်းကျော်က လိပ်ခေါင်းထွက်တတ်တယ်လို့ ဆိုပါတယ်။ ကိုယ် ဝန်ရှိချိန်မှာ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်များများစားတာ၊ ရေများများသောက်တာနဲ့ လမ်းလျှောက် တာတွေက ဝမ်းမှန်စေပါတယ်။

(၈) လေ့ကျင့်ခန်းလုံးဝ မလုပ်ခြင်း
လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ အညီ ထိန်းထားရင်လည်း လိပ် ခေါင်းဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှု မလုပ်ဘဲ အထိုင်များတဲ့ နေထိုင်မှု ပုံစံရှိရင် လိပ်ခေါင်းထွက်ဖို့ အားပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top