Healthy Life Ad
Health Tips

လိပ်ခေါင်းဖြစ်နိုင်ခြေကို မြင့်မားစေသည့် ကျန်းမာရေးအခြေအနေ ၆ မျိုး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

လူ ၇၅ ရာခိုင်နှုန်းဟာ ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို လိပ်ခေါင်းကြောင့် မသက်မသာဖြစ်တာ၊ ယားယံတာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ကြာရှည် လိပ်ခေါင်းဖြစ်ရင် ယားယံတာ၊ နာကျင်တာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေ ဖြစ်တတ်ကာ ဆိုးရွားတဲ့အဆင့်မှာ သွေးထွက်တာတွေပါ ဖြစ်တတ်ပါတယ်။ လိပ်ခေါင်းဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အခြေအနေတွေကို ရေးသားလိုက်ရပါတယ်။

alignnone size-medium wp-image-60718
(၁) ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာကြောင့် လေပွ၊ လေထတာကို ဖြစ်စေပြီး ဝမ်းသွားတဲ့အခါ ဝမ်းကိုညှစ်ပြီး သွားရတာကြောင့် လိပ်ခေါင်းဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ သင်က ပုံမှန်အားဖြင့် မာကြောခြောက်သွေ့တဲ့ ဝမ်းသွားနေရင် အိမ်သာပေါ်မှာ အချိန်ကြာကြာ ထိုင်ရနိုင်သလို ဝမ်းကို ညှစ်အားနဲ့ သွားရတတ်ပါတယ်။ ဒါကြောင့် စအိုနဲ့ အစာဟောင်းအိမ်ရှိ သွေးပြန်ကြောတွေကို ဖိအားသက်ရောက်စေပြီး ရောင်ရမ်းတာနဲ့ ဖောင်းတာတွေ ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်တာက အမျှင်ဓာတ်နည်းတဲ့ အစာစားတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ ရေအလုံအလောက် မသောက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ သတင်းကောင်းတစ်ခုက ဝမ်းမှန်မှန်သွားအောင် လုပ်ဆောင်လို့ရတာပဲ ဖြစ်ပါတယ်။ ရေများများသောက်တာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ စတဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေ စားတာတွေကို လိုက်နာရင် ဝမ်းမချုပ်စေပါဘူး။

alignnone size-medium wp-image-60719
(၂) ကိုယ်ဝန်ဆောင်ခြင်း

အမျိုးသမီးအများစုအတွက် ကိုယ်ဝန်ဆောင်တာကြောင့် လိပ်ခေါင်းဖြစ်ပြီး စအိုမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန် အပြောင်းအလဲကြောင့် လိပ်ခေါင်းဖြစ်ရတာပါ။ ကိုယ်ဝန်ဆောင်ကာလ တတိယသုံးလပတ်မှာ သားအိမ်က ကြီးထွားလာတာကြောင့် အစာဟောင်းအိမ်နဲ့ စအိုရှိ သွေးပြန်ကြောတွေပေါ် ဖိအားသက်ရောက်စေကာ ရောင်ရမ်းမှုဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ပရိုဂျက်စတင်ဟော်မုန်း တိုးလာတာကြောင့် ဝမ်းချုပ်စေနိုင်ပြီး သွေးပြန်ကြောတွေ ပိုမိုရောင်ရမ်းလွယ်လာပါတယ်။ ကလေးမွေးပြီးနောက်ပိုင်းမှာ ဝမ်းမချုပ်အောင် ဂရုစိုက်ပြီး နေထိုင်ရင် လိပ်ခေါင်းက အလိုလို ပျောက်သွားတတ်ပါတယ်။

(၃) အဝလွန်ခြင်း

အဝလွန်တာနဲ့ လိပ်ခေါင်းဖြစ်တာက အကြီးအကျယ်ဆက်နွှယ်မှု ရှိပါတယ်။ အဝလွန်စေတဲ့ အကြောင်းရင်းတွေက လိပ်ခေါင်းဖြစ်နိုင်ခြေကို တိုးစေလို့ပါ။ အမျှင်ဓာတ်အလုံအလောက် မပါတဲ့ အစားအသောက်စားတာ၊ လေ့ကျင့်ခန်းလုပ်ဆောင်မှုနည်း တာ၊ အထိုင်များတာတွေကြောင့် အဝလွန်တတ်သလို လိပ်ခေါင်း ဖြစ်နိုင်ခြေလည်း များပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင် ကြိုး စားနေထိုင်ရင် လိပ်ခေါင်းဖြစ်နိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် ခါးအတိုင်းအတာ လျော့ကျသွားတာက အစာဟောင်းအိမ်နဲ့ စအိုရှိသွေးပြန်ကြောတွေပေါ် သက်ရောက်တဲ့ ဖိအားကိုလျော့နည်းစေပြီး ရောင်ရမ်းမှု လျော့ကျသွားတတ်ပါတယ်။

alignnone size-medium wp-image-60720
(၄) IBS(Irritable Bowel Synd­rome)

တခြားအကြောင်း မယ်မယ်ရရမရှိဘဲနဲ့ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာ စတာတွေကို အကြိမ်ကြိမ်အထပ်ထပ် နှစ်နဲ့ချီပြီး ဖြစ်ပေါ်ခံစားရတတ်တဲ့ ရောဂါစုကို IBS လို့ ခေါ်ပါတယ်။ ပြင်းထန်တဲ့ရောဂါ မဟုတ်ပေမယ့် အလွန်မသက်မသာ ဖြစ်တတ်ပါတယ်။ လေပွတာ၊ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာတို့ ဖြစ်တတ်ပါတယ်။ ဒီလိုခံစားရတဲ့ လက္ခဏာတွေကြောင့် လိပ်ခေါင်းဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ IBS ကို ဆေးဝါးကုသတာ၊ အစားအသောက်ပုံစံ ပြောင်းလဲစားသောက်တာ၊ စိတ်ဖိစီးမှုအဆင့်ကို လျှော့ချတာ စတဲ့နည်းတွေနဲ့ ထိန်းချုပ်နိုင်တာပဲ ဖြစ်ပါတယ်။

alignnone size-medium wp-image-60721
(၅) ခရုမ်းရောဂါ (Crohn’s Disease)

အူသိမ်ပိုင်းမှာ အဖြစ်များတဲ့ အူလမ်းကြောင်း ရောင်ရမ်း၊ ထူထဲပြီး အနာဖြစ်ပေါ်စေတဲ့ရောဂါ ဖြစ်ပါတယ်။ အဓိက ခံစားရတတ်တဲ့ လက္ခဏာတွေက ဗိုက်အောင့်တာ၊ မကြာခဏဝမ်းလျှောတာ၊ အာဟာရစုပ်ယူနိုင်စွမ်း လျော့နည်းတာ စတာတွေဖြစ်ပြီး လိပ်ခေါင်းဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ သက်သာစေဖို့ ရောင်ရမ်းမှုကျစေတဲ့ ဆေးတွေသောက်တာ၊ အစားအသောက်ပုံစံ ပြောင်းလဲတာနဲ့ ပုံမှန်လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။

(၆) အူမကြီးရောင်ရမ်းခြင်း

အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်မှာ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ အဓိကဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေအနေနဲ့ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ သွေးနဲ့အချွဲပါတဲ့ ဝမ်းသွားတာ၊ ဝမ်းသွားချင်ရင် နာကျင်တာ စတာတွေကို ခံစားရတတ်ပါတယ်။ အူမကြီးရောင်ရမ်းနေရင် ခံစားရတတ်တဲ့ လက္ခဏာတွေက အသေးအမွှားမှ အပြင်းအထန်အထိ ဖြစ်တတ်ပေမယ့် အဆက်မပြတ် ဝမ်းလျှောနေရင်တော့ လိပ်ခေါင်းဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဆရာဝန်နဲ့ပြသပြီး ခံစားနေရတဲ့ လက္ခဏာတွေ သက်သာအောင် ကုသမှုခံယူပါ။ ကုသမှုအနေနဲ့ ရောင်ရမ်းမှုကျစေတဲ့ ဆေးဝါးမှီဝဲတာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို စားသောက်တာနဲ့ ခွဲစိတ်ကုသမှု ခံယူတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top