Healthy Life Ad
Life Style

ကင်ဆာကြောင့် အသည်းအစားထိုး ကုသခဲ့ပြီး အသည်းသစ်ဖြင့် ရှင်သန်နေသူ ဒေါက်တာရွှေထွန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဒေါက်တာရွှေထွန်းသည် ၁၉၈၄ ခုနစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ MBBS ဘွဲ့ရရှိခဲ့ပြီးနောက် မွေးရပ်မြေတွင် သုံးနှစ်တာ ဆေးခန်းဖွင့်လှစ်ခဲ့သည်။ ထို့နောက် မင်္ဂလာဈေးတွင် ရာမဆေးဆိုင်နှင့် ဖားကန့်တွင် အာကာဆေးဆိုင်တို့ ဖွင့်လှစ်ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ မှတ်မှတ်ရရ ၁၉၉၄ ခုနစ်တွင် ၃၉ ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံကို တက်ရောက်ရာ ဆေးကုမ္ပဏီတစ်ခုက ဘီပိုးရှိ၊ မရှိ HBs Antigen စစ်ဆေးပေးခဲ့သဖြင့် အသည်းရောင် အသားဝါဘီပိုးရှိကြောင်း စတင်သိရှိခဲ့သည်။

“အဲဒါနဲ့ မိန်းမနဲ့သမီးတွေကိုပါခေါ်ပြီး စစ်လိုက်တော့မရှိဘူး။ ဆရာဝန်ကို ဘာတွေဆက်လုပ်ရမလဲဆိုတော့ ဒီမှာHBs Antigen ပဲ စစ်လို့ရ သေးတယ်၊ HBe Antigen (ဘီပိုးကောင်ရေ) စစ်လို့ မရသေးဘူး။ အဲဒီတုန်းက ဆေးကလည်း မပေါ်သေးဘူးလေ၊ ဒါနဲ့ ဒီလိုပဲနေခဲ့တယ်”ဟု ဒေါက်တာရွှေထွန်းက ဆိုသည်။

သုံးနှစ်အကြာတွင် မြန်မာနိုင်ငံဆရာဝန်အသင်း မှာပင် HBe Antigen ထပ်မံစစ်ပေးခဲ့ရာ Weakly Positive (ဘီပိုးရှိသော်လည်း မပြင်းထန်) အဆင့် ဖြစ်နေခဲ့သည်။

“ဆရာဝန်က Lamivudine ကို တစ်နှစ်သောက်ဖို့ ညွှန်တယ်။ အဲဒါနဲ့ တစ်နှစ်သောက်လိုက်တယ်။ နောက်ပိုင်းပြန်စစ်တော့ HBe Antigen စစ်တော့ Negative ပြတာနဲ့ ပိုးကောင်ရေ (Viral Load)ကိုထပ်မစစ်ဖြစ်တော့ဘူး။ ခြောက်လတစ်ခါလောက် အသည်းရဲ့လုပ်ငန်းဆောင်တာကို စစ်ဖြစ်တယ်၊ အာထရာဆောင်းလည်း ရိုက်ဖြစ်တယ်။ဆေးကျတော့လည်း သူငယ်ချင်း ဆရာဝန်က တစ်သက် လုံးသောက်တာကို သဘောမတူဘူး။ ဘေးထွက်ဆိုးကျိုးများလိမ့်မယ်ဆိုပြီး ရပ်ခိုင်းပါတယ်။

တကယ်တမ်းကျတော့ ဆေးက တစ်သက်လုံး သောက်ရမှာဆိုတာ နောက်ပိုင်းကျမှသိခဲ့တယ်။ အဲ ဒီလိုသိလိုက်တဲ့အချိန်မှာ ဘီပိုးက ကူးစက်တဲ့အဆင့် (Infected Stage) မဟုတ်ပေမယ့် အသည်းကို ဒုက္ခပေးနေပြီ။ နှစ်နှစ်ကြာတော့ နာတာရှည်အသည်းရောင် အသားဝါ ဘီရောဂါဖြစ်နေပြီ”ဟု ဒေါက်တာ ရွှေထွန်းက ပြောပြခဲ့သည်။ပရဟိတလုပ်ငန်းများတွင် ပျော်မွေ့သည့် ဒေါက်တာရွှေထွန်းသည် ရွှေပြည့်စုံဘီပိုးကာကွယ်ရေး ပရဟိတအဖွဲ့၏ ဒုတိယဥက္ကဌဖြစ်ပြီး စာသင်တိုက်များမှ စာသင်သားသံဃာတော်များ၊ သီလရှင်များအား အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးများ စဉ်ဆက်မပြတ်ကုသိုလ်ပြု ထိုးနှံလှူဒါန်းပေးလျက်ရှိသည်။

“၁၂-၉-၂၀၁၆ ရက်နေ့မှာ ဘုန်းကြီးကျောင်း ငါးကျောင်းလောက်ကို ဘီပိုးကာကွယ်ဆေး သွားထိုးပေးတယ်။ နောက်နေ့ ၁၃ ရက်နေ့ကျတော့ ဗိုက်အောင့်ရော။ အရင်က အစာအိမ်အနာရှိဖူးတော့ အ စာအိမ်ဆေးသောက်တယ်၊ မသက်သာဘူး။ အဲဒါနဲ့ အာထရာဆောင်း သွားရိုက်ကြည့်လိုက်တယ်။ ဆရာဝန်က အသည်းဆရာဝန်တစ်ယောက်ယောက်နဲ့ ပြဖို့သင့်ပြီလို့ ပြောတယ်။

၁၄ ရက်နေ့မှာပဲ အသည်းကင်ဆာဆိုပြီး ရောဂါတပ်ပေးလိုက်တယ်။ အဲဒါနဲ့ ၁၅ ရက်နေ့မှာ စီတီစ ကင်ရိုက်တော့ အသည်းမှာ အကျိတ်လေးတွေက သုံးနေရာလောက်မှာရှိတယ်။ အကျိတ်အရွယ်အစားက သုံးစင်တီမီတာဝန်းကျင်လေးတွေ . . အချိန်မီ အသည်းအစားထိုးကုသလို့ရတယ်လို့ပြောတယ်။ အဲဒါနဲ့ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းက Global Hospital ကိုကုသမှုခံယူဖို့သွားလိုက်တယ်” ဟု ဒေါက်တာရွှေထွန်းက ဆိုသည်။

အသည်းကင်ဆာဟု သိလိုက်သည့်အချိန်တွင် ပင်ကိုကတည်းက ဝိပဿနာတရားအားထုတ်ပွားများခဲ့သူ ဓမ္မလမ်းဝိပဿနာတရားသင်တန်း၏ ဥက္ကဌ၊ မင်္ဂလာဈေး သံဃာဆွမ်းလောင်းအသင်း နာယက အသက် ၅၉ နှစ်အရွယ် ဒေါက်တာရွှေထွန်းသည် ထူးထူးထွေထွေ တုန်လှုပ်မှုမရှိခဲ့ဟု ဆိုသည်။

နဂိုကတည်းက မျှော်လင့်ထားပါတယ်။ ဒီတော့ ပြာလောင်ခတ်မနေပါဘူး။ တစ်နေ့ကျလည်း လူဆိုတာ သေရမှာပဲ။ ဒါနဲ့ မသေရင် နောက်ပိုင်း တစ်ခုခုနဲ့ သေမှာပဲ၊ ကုလို့ရရင် ကုမယ်၊ ကုလို့မရရင် ရင်ဆိုင်လိုက်ရုံပေါ့လို့ စိတ်ထဲ တည်တည်ငြိမ်ငြိမ် တွေးထားပြီးသားပါ

။ ဆရာ့အစ်ကိုကလည်း ဘီပိုးရှိပြီး အသည်းကင်ဆာဖြစ်ခဲ့တယ်။ သူ့မှာ ကုဖို့ အခွင့်အရေးမရခဲ့ဘူး။ သိလိုက်တဲ့အချိန်မှာ ကင်ဆာအရွယ်အစားက တအားကြီးနေတာဆိုတော့ အစားထိုးကုသလို့ ရတဲ့အခြေအနေ မဟုတ်တော့ဘူး။ ဆရာ့အလှည့်ကျတော့ အသည်းအစားထိုးနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ အသည်းကင်ဆာအကျိတ် အရွယ်အစား မကြီးသေးဘူး။ ရေဖျဉ်းစွဲတာ မဖြစ်ရဘူး။ အရိုး၊ အဆုတ် စသဖြင့် ဘေးဘီကို မပြန့်ရဘူး၊ နှလုံးရောဂါ၊ အဆုတ်ရောဂါမရှိရဘူး။ လှူမယ့်သူကလည်း AIDS ၊ ဘီပိုး၊ စီပိုးနဲ့ နှလုံးရောဂါတွေ မရှိရဘူး။ ဒါတွေကိုက်ညီတာနဲ့ အသည်းအစားထိုး ကုသမှု ခံယူဖို့ဆုံးဖြတ်လိုက်ပါတယ်” ဟု ဒေါက်တာရွှေထွန်းက ဆိုသည်။

ဒေါက်တာရွှေထွန်းနှင့် ဇနီးဒေါ်မိမိတို့တွင် သမီးလေးဦးထွန်းကားခဲ့ပြီး သမီးသုံးယောက်မှာ အိမ်ထောင်ကျပြီး နို့စို့အရွယ်ရင်သွေးများ ရှိနေသဖြင့် အသည်းလှူရန် အဆင်မပြေပေ။ အငယ်ဆုံး သမီး ကေခိုင်ယုခေါ် ချစ်ချစ်မှာ အသက်အားဖြင့် ၂၃ နှစ်အရွယ်ဖြစ်ပြီး ဖခင်၏ကျေးဇူးကို ဆပ်ရန် လိုလိုလားလား လှူဒါန်းချင်ခဲ့သည်။

“လှူမယ့်သူက အဆင်သင့်ရှိတာနဲ့ ၂၉ စက်တင်ဘာလမှာ အိန္ဒိယကို သွားလိုက်တယ်။ အဲဒီမှာ နောက်ထပ် စစ်ဆေးမှုတွေ လုပ်တယ်၊ အသည်းကို ကင်ဆာဆေးဖျန်းတယ်၊ အစက အသည်းအကျိတ် လေးတွေကိုပဲဖြတ်ထုတ်ဖို့၊ ဒါပေမဲ့ ကျန်တဲ့ အသည်းအစိတ်အပိုင်းတွေကလည်း နည်းနည်းထိခိုက်နေတာနဲ့ ဖြတ်ထုတ်လို့မရတော့ဘူး။ လဲမှ ကောင်းမယ် ဆိုပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ လဲဖြစ်တယ်။ သမီးရဲ့ အသည်း ၆၅ ရာခိုင်နှုန်းကို အစားထိုးထည့်ပေးခဲ့တာ ဖြစ်ပါတယ်”

အသည်းကင်ဆာဟုကြားသိချိန်တွင် တည်ငြိမ်ခဲ့သော်လည်း ခွဲခန်းဝင်ချိန်တွင် ပေါ်ပေါက်လာသည့် ကြောက်စိတ်ကို ဆောက်တည်ရာမရဖြစ်ခဲ့ရကြောင်း ဆိုသည်။
“ဒီခန္ဓာက ဝိပါကဝဋ်ခန္ဓာဆိုတော့ တစ်နေ့ စွန့် ရမှာပဲလေလို့ အားတင်းပြီး ဘုရားကိုလှူလိုက်တယ်။ အဲဒီမှာဖြစ်သမျှအကြောင်း အကောင်းပဲဆိုပြီး စိတ်ထဲဝန်ပေါ့သွားတယ်။ စစချင်းတုန်းက တော်တော်နာတော့ ဝိပဿနာနှလုံးသွင်းလို့လည်း မရဘူး၊ ဖြစ်ပျက်လည်း ရှုလို့မရဘူး။သရဏံဂုဏ်တည်တာနဲ့ ဂါ ထာရွတ်တာလောက်ပဲ ရွတ်လို့ရပါတယ်”

အသည်းအစားထိုးပြီး အထူးကြပ်မတ်ကုသဆောင်တွင် တစ်ပတ်နေခဲ့ရကာ၊ ရိုးရိုးကုသဆောင်တွင်တစ်ပတ်၊ နောက်ပိုင်း ဆေးရုံသို့ မကြာခဏပြသရကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယတွင် နှစ်လကျော်ကြာနေခဲ့ရကြောင်း သိရသည်။

“သမီးကတော့ အထူးကြပ်မတ်ကုသဆောင်မှာ သုံးရက်၊ အပြင်မှာ လေးရက် နေရပြီး တောက် လျှောက်ကောင်းနေပါတယ်။ ဖောလစ်အက်စစ်ပဲ သောက်ရတယ်။ ငယ်တဲ့အရွယ်လည်း ဖြစ်တော့ နှစ် လလောက်နေရင် သူ့အသည်းက ပုံမှန်နီးပါး ပြန်ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဆရာကလည်း ဆေးဆက်သောက်နေရပေမယ့် ကောင်းကောင်းခံနိုင်ရည်ရှိသွားပြီ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကလည်း ပုံမှန်နီးပါး ဖြစ်နေပြီ ဆိုတဲ့အတွက် ၇-၂-၂၀၁၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်”ဟု ဒေါက်တာရွှေထွန်းက ဆိုသည်။ကိုယ်ခံအားချိုးနှိမ်သော ဆေးကို ပုံမှန်ဆက်သောက်ရပြီး တစ်ပတ်တစ်ကြိမ် အိန္ဒိယနိုင်ငံ၊ Global Hospital သို့ သွေးအဖြေလွှာ ပို့ပေးနေရကြောင်း၊ ထိုအဖြေလွှာကိုကြည့်ပြီး ဆေးပမာဏကို လိုတိုးပိုလျှော့လုပ်ပေးကြောင်း သိရသည်။

ဆေးကုသမှု အောင်မြင်ရခြင်းနှင့် ပတ်သက်၍ ကောင်းသော အကြောင်းတရားများကြောင့် အကျိုး တရားကောင်းမွန်ရခြင်းဟု ဒေါက်တာရွှေထွန်းက ရိုးရှင်းစွာ ပြောပြခဲ့သည်။

“အချိန်မီလည်း သိရတယ်။ ကုဖို့လည်း မိသားစုက အားပေးတယ်၊ သမီးကလည်း ချက်ချင်း လိုလိုလားလား အသည်းကို လှူချင်တယ်။ ငွေရေးကြေးရေးကအစ မပူပင်ရဘူး။ သူငယ်ချင်းမိတ်ဆွေတွေကလည်း အားပေးကူညီတယ်။ ဆုံးဖြတ်ချက်လည်း မှန်ခဲ့တယ်။

တချို့ကျတော့ ဆေးမြီးတိုတွေ၊ ဘာတွေနဲ့ ကုရင်းအချိန်ကုန်သွားတာများတယ်။ ဆရာ့ကို လာဆွယ်ကြပေမယ့် အသက်နဲ့ မရင်းရဲဘူး။ ဒါကြောင့် သွားစရာရှိတာကို အမြန်သွားပြီး ကုစရာရှိတာ ကုလိုက်ပါတယ်။ ဆရာတော်၊ သံဃာတော်တွေကလည်း မေတ္တာပို့ပေးကြတယ်။

အသက်အန္တရာယ်ကို ရင်ဆိုင်ကျော်လွှားအနိုင်ယူခဲ့ပြီးနောက် ကျန်ရှိသော ဘဝသက်တမ်းကို ပရဟိတအလုပ်များ၊ တရားဘာဝနာပွားများခြင်းများ ဖြင့်ကုန်ဆုံးသွားမည်ဟု ဒေါက်တာရွှေထွန်းဆုံးဖြတ် ထားသည်။

“အသည်းလဲပြီးသွားတာနဲ့ လူနာကြီးလို ဖြစ်သွားမယ်လို့ လူတွေထင်ကြတယ်။ ဆရာဝန်တွေကလည်း နှစ်လပြည့်သွားရင် ပုံမှန် လူကောင်းတစ်ယောက်လိုလည်ပတ်လို့ရတယ်လို့ ပြောတယ်။တကယ် တမ်းကျ အသည်းအစားထိုးပြီး နှစ်လပြည့်တာနဲ့ ခရီးလည်းထွက်လို့ရပြီ။ ကားမောင်းလို့လည်းရပြီ။ရေလည်း ကူးလို့လည်းရပြီ။ အလုပ်ပြန်ဝင်ရင်လည်း ရပါပြီ။ ဆရာကလည်း ပြန်ရောက်တာနဲ့ ပရဟိတ လုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေ ပြန်လုပ်ဆောင်တယ်။ ဒါပေမဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ညဘက် အိပ်လို့မပျော်တာ၊ လက်တွေကျဉ်တာ၊ ထုံတာ၊ တုန်တာ၊ နှုတ်ခမ်းခြောက်တာ စတာတွေ ဖြစ်ပါတယ်။ လူနာအတိုင်း နေရင် စိတ်ကပါ လူနာလို ဖြစ်နေတာ။ အဲဒါနဲ့ သွားစရာရှိတာ သွားတယ်။ လုပ်စရာရှိတာ လုပ်တယ်။ တစ်နှစ်လောက်နေရင်တော့ ဆေးသောက်ရတာ လျော့ပြီး ပိုနေကောင်းသွားမယ်လို့ ထင်ပါတယ်။ အသည်းလုပ်ငန်းဆောင်တာ ပုံမှန် ပြန်ကောင်းလာဖို့ နည်းနည်း အချိန်ယူရဦးမယ်။ အ ခုလောလောဆယ်မှာ ဘီပိုးဆေးသောက်နေရတယ်”ဟု ဒေါက်တာရွှေထွန်းက ယခုလက်ရှိနေထိုင်မှုပုံစံကို ပြန်လည်ပြောပြခဲ့သည်။

အစားအသောက်အနေဖြင့် အဆီများသော အစာကို ရှောင်ခြင်း၊ လက်လုပ်ချဉ်များ၊ ရက်လွန်အစာများ ရှောင်ခြင်း၊ မှိုတက်သော အစားအသောက်များ ရှောင်ခြင်း၊ လတ်ဆတ်သော အစာများစားခြင်းနှင့်အသား၊ ငါးများများစားခြင်း၊ ကူးစက်ပိုး မဝင်အောင် ဂရုစိုက်ခြင်းတို့ လိုက်နာခဲ့သည်။

အသည်းကင်ဆာဖြစ်မှာ စိုးကြောက်သူများ၊ အသည်းကင်ဆာ ခံစားနေရသူများအား ဒေါက်တာ ရွှေထွန်းက-
“ဆရာတို့ ဆရာဝန်ဖြစ်ပြီးနောက်ပိုင်းအထိ အသည်းကင်ဆာပျောက်တယ်ဆိုတာ မကြုံဖူးခဲ့ပါဘူး။ အသည်းကင်ဆာဆိုရင် သေမှာပဲလို့ ထင်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ စောစောသိရင် စော စောကုသပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာဆိုတိုင်း မကြောက်ပါနဲ့။ အသည်းအစားထိုးကုသမှု ခံယူနိုင်ရင် အသက်ရှင်ပါတယ်။ဘီပိုးကာကွယ်တဲ့ အနေနဲ့ ကာကွယ်ဆေးကို ထိုးနှံကြပါ၊ ဘီပိုးရှိရင် မပေါ့ပါနဲ့။ အခုဆိုရင် ဘီပိုးအတွက် ဆေးရှိနေပါပြီ။ အသည်းအထူးကု ဆရာဝန် နဲ့ တိုင်ပင်ပြီး မှန်မှန်မှီဝဲကြပါလို့ အကြံပြုချင်ပါတယ်” ဟု စိတ်စေတနာကောင်းများဖြင့် အကြံပေးပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါက်တာရွှေထွန်း ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top