Healthy Life Ad
Life Style

အကျိုးရှိပြီး ထိရောက်သည့် ကျန်းမာရေးအလှူ (Effective Altruism in medical needs) (၅)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆေးကုသခြင်းတစ်ခုဟာ အခမဲ့ပဲဖြစ်ဖြစ်၊ အခပေးပဲဖြစ်ဖြစ် လူနာအတွက် ကောင်းကျိုး(Beneficience) တွေရှိပေမယ့် တစ်ခါတစ်ရံ ဆိုးကျိုးတွေလည်း ရရှိနိုင်ပါတယ်။ သိသာတဲ့ ဆိုးကျိုးမဖြစ်စေအောင် သတိထားရပါမယ်။ (Non-malificience)မုန့်ဝေပေးရင် လူတိုင်းစားနိုင်တဲ့ မုန့်မျိုးဝေပေးလို့ရပေမယ့် ဆေးတွေကိုတော့ လူတိုင်း အပျော်စားလို့ မရပါဘူး။ သင့်၊မသင့် ဆင်ခြင်ဖို့ လိုပါတယ်။ ဥပမာ တချို့သွေးတိုးကျဆေးကို ကျောက်ကပ်မကောင်းရင် သတိနဲ့ ပေးရမယ့်ဆေးတွေ ရှိပါတယ်။ ဥပမာ ACEI နဲ့ ARB ဆေးအုပ်စုတွေကို သွေးတွင်းပိုတက်ဆီယမ် (Potassium)တိုင်းနိုင်မှ လုံခြုံပါတယ်။ ပိုတက်ဆီယမ် သိပ်များရင် လူနာကို ဒုက္ခပေးနိုင်ပါတယ်။ ဒီနေ့ ပါလာတဲ့ သွေးကျဆေးက Atenolol တွေပဲ ကျန်တော့လို့ လူနာသောက်နေကျ Amlong ကိုမပေးနိုင်ဘဲ Atenolol ကိုပဲ ပေးလိုက်တတ်ပါတယ်။ ရင်ကျပ်ရှိသူမှာ Atenolol ပေးမိတတ်ပါတယ်။ လူနာကလည်း ဘာဆေးမှ မရလိုက် ရင် စိတ်မကောင်းဖြစ်နေမှာ စိုးလို့ ပေးမိတတ်ပါတယ်။ သွေးကျဆေးက သတ်မှတ်ထားတဲ့ ဆေးတွေကိုပဲ မှန်မှန်သောက်ရမှာ ဖြစ်ပြီး အမျိုးမျိုးပြောင်းသောက်ရင် သွေးတိုး မငြိမ်ဘဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ကွင်းဆင်းဆေးကုရာမှာ တစ်ခါတစ်ရံ မြို့ မှာပဲ ဝယ်လို့ရတဲ့ ဆေးကို နှစ်ပတ်စာ ပေးလိုက်တယ် ဆိုပါတော့၊ ဆေးကောင်းလို့ သွေးပေါင်ကျတယ်၊ ဆက်ဝယ်သောက်မယ်ဆိုရင် နယ်မှာ ဝယ်လို့မရတဲ့ ဆေးဖြစ်နေပြန်ပါတယ်။ ဒါတွေကို အထူးသတိပြုမယ်ဆိုရင် နာတာရှည်ရောဂါတွေအတွက် နယ် လှည့်ဆေးကုတာ အကျိုးပိုမိုရရှိမှာ ဖြစ်ပါတယ်။

တခြားသော အတွေ့အကြုံတွေကို ဆက်လက်ပြောပြလိုပါတယ်။ နယ်မှာ ဖြေရှင်းရခက်တဲ့ ဖျားနာရောဂါနဲ့ တခြား ရောဂါကြီးတွေလည်း တွေ့ရပေမယ့် နည်းတတ်ပါတယ်။ ဆေးလာကုတဲ့သူတွေရာနဲ့ချီရှိပေမယ့် တကယ့်ဝေဒနာရောဂါကြီးရှိသူက ရာခိုင်နှုန်း တော်တော်နည်းတတ်ပါတယ်။ ရောဂါကြီးပြန်ရင်လည်း ကွင်းမှာ ချက်ချင်း ကုလို့ မရပြန်ပါဘူး။ မြို့နယ်ဆေးရုံတစ်ခုမှာ အချိန်ယူပြီး စက်ကိရိယာတွေနဲ့ စစ်ဆေးရှာဖွေကုသရမှာ ဖြစ်ပါတယ်။ သွားရမယ့် အထူးကု၊ သွားရမယ့် ဆေးရုံကို ညွှန်ပေမယ့် စရိတ်မရှိလို့ ဒီအဆင့်မှာပဲဆေးကုတာက အဆုံးသတ်သွားနိုင်ပါတယ်။ မြို့ကိုသွားရင် လူနာရဲ့ မိသာစုတွေအဖို့ ဘယ်လောက် ခက်ခဲမှုတွေ ရှိသလဲ၊ ဘယ်လောက် အကျိုးရှိနိုင်သလဲဆိုတာလည်း ဆင်ခြင်ကြည့်ဖို့လိုပြန်ပါတယ်။ ဥပမာ အရေးကြီးပေမယ့် ကုလို့မရတော့တဲ့ ပြန့်နှံ့ပြီးကင်ဆာရောဂါမျိုးဆိုရင် စရိတ်တွေဘယ်လောက်ကုန်ကုန် အကျိုးအမြတ်က သိပ် မများဘူးလို့ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို သွားကုဖို့အတွက် အလှူပေးအစီအစဉ်ကော ရှိ၊ မရှိ သိဖို့လိုပါတယ်။

ဒီထဲမှာ အရေးကြီးဆုံးဖြစ်ပေမယ့် ဝတ္ထုပစ္စည်းတစ်ခုအဖြစ်၊ အကောင်အထည်တစ်ခုအဖြစ် မမြင်ရတဲ့ အလှူကတော့ အချိန်နဲ့ လုပ်အားကို ပေးဆပ်ရတဲ့ လုပ်အားအလှူနဲ့ မွန်မြတ်တဲ့ ဉာဏအလှူတွေပဲ ဖြစ်ပါတယ်။ အလှူငွေကြေးတွေကို အကျိုးအရှိဆုံး အသုံးပြုပေးမယ့်သူတွေရဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေ(Skill)၊ အတွေ့အကြုံနဲ့ စဉ်းစားဉာဏ်တွေသုံးရတဲ့ ဆုံးဖြတ်ချက် (Consultation) တွေဟာလည်း အလွန်အရေးကြီးလှပါတယ်။ လှူဒါန်းခြင်းရဲ့ရလဒ်အကောင်းဆုံး၊ အကျိုးအမြတ် အများဆုံးဖြစ်ဖို့အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ကြောင်းကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။ လူငယ်ဆရာဝန်တွေအဖို့ တစ်ခါတစ်ရံ မိမိမသိတဲ့ ရောဂါကုထုံးကိုမှန်းပြီး မကုဘဲ မိမိထက်တတ်ကျွမ်းသူ ဆရာဝန်အကြီးတစ်ယောက်ထံ မေးမြန်းတာ၊ လွှဲပေးတာ လုပ်ရပါမယ်။ ဆေးတိုင်းမှာ ကောင်းကျိုးအပြင် ဆိုးကျိုးလည်း အနည်းနဲ့အများ ရှိတတ်ကြပါတယ်။

ဒါကြောင့် နယ်လည့်ဆေးကုရာမှာနယ်ခံဆရာဝန်နဲ့ ကြိုတင်ညှိနှိုင်းပေးတာ၊ လူနာရဲ့ရောဂါအမျိုးအ စားအလိုက်၊ လာရောက်မယ့် အထူးကုအလိုက် ရွေးချယ်ထားမယ်၊ လွှဲထားပေးမယ်ဆိုရင် အလွန်အကျိုး ရှိပါမယ်။ သာမန်လူနာတွေကို ဆရာဝန်အငယ်တွေကြည့်မယ်၊ အရေးကြီးတဲ့ ရောဂါတွေကို အတွေ့အ ကြုံရင့်သူတွေက ကြည့်မယ်ဆိုရင် အချိန်ကုန်တာနဲ့ အကျိုးရှိတာ ကိုက်ညီသွားပါမယ်။ဒါတွေကို အသေးစိတ်စဉ်းစားရင် မပြည့်စုံတာ၊ လိုအပ်နေတာ ရှိနေသလို ဖြစ်ပေမယ့် အကောင်းဆုံး ဖြေရှင်းနည်းတော့ မရှိပြန်ပါဘူး။ ရှိတဲ့အခြေအနေမှာ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ပေးနေတာ ဖြစ်ပါတယ်။ ကောင်းသထက် ပိုကောင်းပြီး ပိုမိုအကျိုးရှိအောင် အကြံပြုရခြင်းသာ ဖြစ်ပါတယ်။

နောက်ဆုံးပြောကြားလိုတာကတော့ အလှူရှင်ပေါများပြီး လှူပြီးရင်း ထပ်လှူချင်တဲ့ စိတ်တွေတဖွား ဖွားဖြစ်ပေါ်နေအောင် ဆောင်ရွက်ဖို့လည်း အရေးကြီးပါတယ်။ ကျန်းမာရေးကုသိုလ်ဖြစ် အဖွဲ့အစည်းတွေမှာ ရရှိတဲ့ အလှူငွေတွေကို စာရင်းရှင်းတမ်းထုတ်ပြန်တာ၊ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ထားတာ (Transparency and accountability) ရှိမှသာ တည်တံ့ခိုင်မြဲပြီး အမြဲရှင်သန်တက်ကြွနေတဲ့ အဖွဲ့အစည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

အများမြင်သာတဲ့ မီဒီယာတွေကို ကောင်းစွာ အသုံးပြုနိုင်ပါတယ်။ ဝက်ဘ်ဆိုက်ထောင်ပြီး စာရင်းရှင်းတမ်းတွေ၊ အလှူရှင်စာရင်းတွေကို အစဉ်အမြဲ တင်ပြပေးရပါမယ်။ အလှူငွေတွေကို ဘယ်လို သုံးစွဲသလဲ၊ ဘယ်လောက်အကျိုးဖြစ်ထွန်းသွားသလဲ စတဲ့ ပြောင်းလဲ တိုးတက်မှုတွေကို အမြဲ တင်ပြနေဖို့လိုပါတယ်။ အလှူရှင်တွေကလည်း ကျေနပ်မယ်၊ အလှူခံသူတွေကလည်း ကျေးဇူးတင်ထိုက်သူ အလှူရှင်တွေကို တွေ့နေ၊ မြင်နေ၊ ကျေးဇူးတင်နေနိုင်ကြပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေအားလုံးဟာ အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံးသော လှူဒါန်းခြင်းတွေ လုပ်ဆောင်နိုင်ပြီး အလှူခံလူနာတွေအားလုံးကလည်း အကျေနပ်ဆုံး၊ အကောင်းဆုံး အကျိုးကျေးဇူးတွေ ခံယူရရှိနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top