Healthy Life Ad
Life Style

အကျိုးရှိပြီး ထိရောက်သည့် ကျန်းမာရေးအလှူ (Effective Altruism in medical needs). . . (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

(၄) ပစ္စည်းကိရိယာမပြည့်စုံတဲ့ ဆေးရုံတွေမှာ ဖြည့်ဆည်းပေးခြင်း။ ဥပမာ အောက်ဆီဂျင်၊ အီးစီဂျီစက်၊ ရင်ကျပ်ဆေးမှုတ်သွင်းတဲ့စက်၊ အာထရာဆောင်းစက်၊ သွေးဥများရေတွက်ပေးတဲ့စက် (Coulter counter machine)၊ ဓာတ်ခွဲစက်နဲ့တခြားဆေးရုံ အသုံးအဆောင်တွေကို လိုအပ်သလို ဖြည့်ပေးခြင်း။

(၅) တစ်ကမ္ဘာလုံးနဲ့ချီပြီး အကြီးစား စီမံကိန်း တွေအတွက်လှူဒါန်းတာ၊ ဥပမာငှက်ဖျားရောဂါ ကာကွယ်ရေးအတွက် ဆေးစိမ်ခြင်ထောင်တွေလှူတာ၊ ငှက်ဖျားရောဂါ ချက်ချင်းသိအောင်စစ်ဆေးတဲ့ပစ္စည်း တွေလှူတာ၊HIV ကုသပေးတဲ့ အလှူ၊ တီဘီရောဂါ ဆေးအလှူ၊ ဆီးချိုသွေးချိုရောဂါအတွက် အင်ဆူ လင်လှူဒါန်းခြင်း စတဲ့ ဝတ္ထုပစ္စည်းနဲ့ နည်းပညာပံ့ ပိုးမှုတွေပေးတဲ့ အလှူတွေ ရှိပါတယ်။

(၆) အရှည်သဖြင့် လူအများအတွက် အကျိုးရှိမယ့် သုတေသနလုပ်ငန်းတွေကို လှူဒါန်းတာ၊ ဥပမာ ကင်ဆာရဲ့ မျိုးရိုးဗီဇအကြောင်း လေ့လာတဲ့ သုတေသနတွေ ပြုလုပ်ကြပါတယ်။

(၇) တစ်နေရာတည်းမှာ တာရှည်အမြဲကုပေးတဲ့ ပြင်ပလူနာအခမဲ့ဆေးခန်းတွေလည်း အများအပြားတွေ့ရှိရပါတယ်။

ဒီလို ကျန်းမာရေးအလှူမျိုးစုံထဲမှာ ဘယ်အကြောင်းအရာကို ရွေးချယ်သင့်သလဲ၊ ဘယ်အဖွဲ့အစည်းကို လှူဒါန်းသင့်သလဲ၊ ရရှိတဲ့ အလှူငွေတွေကို ဘယ်လိုလူတွေကို ဦးစားပေးပြီး ဝေငှသင့်သလဲ၊ ဘယ်လို လုပ်ပေးသင့်သလဲ၊ လှူဒါန်းသူတွေ စိတ်ချယုံကြည်စွာနဲ့စဉ်ဆက်မပြတ် ဆက်လက်ပြီး လှူဒါန်း ချင်စိတ်တွေဖြစ်အောင်၊ အလှူတွေ အမြဲမပြတ်ရရှိ ပြီးတာရှည်တည်တံ့တဲ့ ကျန်းမာရေးအလှူပေးတဲ့ အဖွဲ့အစည်းဖြစ်အောင် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ ဆက်လက်ပြီး ဆွေးနွေးတင်ပြလိုက်ပါတယ်။

အကျိုးအမြတ်အရှိဆုံးသော ကျန်းမာရေးအလှူဆိုတာ ဘာလဲဆိုတာ သိသင့်ပါတယ်။ အများဆုံးလိုအပ်နေသူ၊ လူအများဆုံးအတွက် အများဆုံး အကျိုးပြုခြင်း ဒါမှမဟုတ် အများဆုံးပြောင်းလဲမှု ပေးနိုင်ခြင်းရှိတဲ့ အလှူမျိုးကို အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံးအလှူလို့ သတ်မှတ်နိုင်ပါတယ် . . .

အကျိုးအမြတ်အရှိဆုံးသော ကျန်းမာရေးအလှူဆိုတာ ဘာလဲဆိုတာ သိသင့်ပါတယ်။ အများဆုံး လိုအပ်နေသူ၊ လူအများဆုံးအတွက် အများဆုံး အကျိုးပြုခြင်း ဒါမှမဟုတ် အများဆုံး ပြောင်းလဲမှု ပေးနိုင်ခြင်းရှိတဲ့ အလှူမျိုးကို အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံးအလှူလို့ သတ်မှတ်နိုင်ပါတယ်။

ဒီအချက်အားလုံး ပြီးပြည့်စုံအောင် ဖြည့်ဆည်းနိုင်ဖို့ မလွယ်ပါဘူး။ အတတ်နိုင်ဆုံး ဒီအချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။ အခုအခါမှာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတချို့တွေ ဥပမာ Give Well လို အဖွဲ့အစည်းတွေက ပရဟိတ အဖွဲ့အစည်း(Charity)မျိုးစုံတွေအနက် ဘယ်အဖွဲ့အစည်းက အကျိုးပြုတာ အများဆုံးလဲဆိုတာ လေ့လာဖော်ထုတ်ပေးထားပါတယ်။

လိုအပ်နေဆုံးသူတွေ
အလိုအပ်ဆုံးလူတွေဆိုတာက ငွေကြေးမပြည့်စုံလို့ ကျန်းမာရေးအတွက် လိုအပ်တဲ့ စရိတ်အလုံအလောက်မရှိဘဲ လွန်စွာ ချို့တဲ့နေတဲ့သူတွေကို ဆိုလိုပါတယ်။ ငွေကြေးမပြည့်စုံသူတွေကို လှူတယ်၊ ကူညီတယ်ဆိုတာက ဝမ်းသာပီတိဖြစ်ခြင်း၊ ကျေးဇူးတင်ခြင်း၊ ဘာသာရေးရှုထောင့်က ကြည့်ရင် မေတ္တာပို့ဆုတောင်းပေးခြင်းတွေ ပိုရမှာ ဖြစ်ပါတယ်။ ငွေကြေး မပြည့်စုံသူတိုင်းကို မျှဝေဖို့ မလုံလောက်ရင် ဦးစား ပေးရမယ့်သူတွေကို ရွေးချယ်ရပါမယ်။ မျက်နှာလိုက်ရာကျတယ်လို့ ဆိုနိုင်ပေယ့် ဆင်းရဲနွမ်းပါးသူအားလုံး ကိုညီတူညီမျှဝေမျှပေးရင် ကုန်သွားတဲ့အလှူကအထိ ရောက်ဆုံး မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဦးစားပေးစနစ်ကို အမှတ်ပေးစနစ် (grading system)ြပုလုပ်မယ်ဆိုရင် အောက်ပါအချက်တွေကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။

(၁) အသက်
အသက်ငယ်ရွယ်သူအနာဂတ်ကောင်းတဲ့ ကျောင်းသားအရွယ်၊ အလုပ်လုပ်နေတဲ့အရွယ်တွေကို ဦးစားပေးတာက အသက်အရွယ် အိုမင်းပြီး အိပ်ရာထဲလဲနေသူကို ပေးလှူတာထက် ပိုအကျိုးရှိပါတယ်။

(၂) မိသားစုတစ်ခုလုံးကို လုပ်ကျွေးနေသူ
မိသားစုတစ်ခုလုံးကိုလုပ်ကျွေးနေရသူ (Breadwinner)ကို ဦးစားပေးသင့်ပါတယ်။

(၃) ကိုယ်ဝန်ဆောင်မိခင်၊ ကလေးမွေးခါစမိခင်၊ နို့စို့အရွယ်ကလေးရှိသော မိခင်
ဒီလို မိခင်ကို ကယ်တင်လိုက်ရင် အသက်နှစ်ချောင်းကို ကယ်တင်ရာရောက်ပါတယ်။

လူအများဆုံးကို အကျိုးပြုတဲ့ အလှူ
မိမိရဲ့ အလှူဟာ တစ်ဦးချင်းအတွက် အကျိုးဖြစ်စေတာနဲ့စာရင် လူအများကြီးကို အကျိုးဖြစ်စေတာက ပိုပြီးကောင်းတယ်၊ ထိရောက်တယ်လို့ ဆိုလိုပါတယ်။

အထိရောက်ဆုံး အလှူ
အလှူပေးကမ်းမှုတစ်ခုဟာ ငွေသာကုန်သွားတယ်၊ လှူထားတာတွေသာကုန်သွားတယ်၊ မလှူခင်နဲ့ လှူပြီး ရလဒ်က ဘာမှမကွာခြားရင်၊ ပြောင်းလဲမှု မရှိရင် အကျိုးမရှိဘူးလို့ ဆိုရပါမယ်။ ဒါကြောင့် ပေးမယ့်အလှူငွေ ဒါမှမဟုတ်ပစ္စည်း၊ ဆေးစတာတွေကို လိုအပ်တဲ့သူ၊ လိုအပ်တဲ့ နေရာတွေမှာ အံဝင်ခွင်ကျ ပေးလှူနိုင်ရင် လှူဒါန်းရတဲ့ အကျိုးပိုများမှာ ဖြစ်ပါတယ်။ ဥပမာ ငှက်ဖျားဆေးတွေကို ငှက်ဖျားရောဂါ ရှားပါးတဲ့ မြို့ကြီးတွေမှာသွားလှူရင် မသုံးရဘဲဆေး တွေရက်လွန်ပြီး အလဟသဆုံးရှုံးသွားမှာဖြစ်ပါတယ်။ သုတေသနနည်းစနစ်တွေနဲ့ ဘယ်သူတွေ၊ ဘယ်အရာကိုဘယ်လောက်လိုနေသလဲ၊ ဘယ်လောက် အရေးကြီးသလဲ၊ ဘယ်လောက်ထိရောက်နိုင်သလဲ စတဲ့အချက်တွေ ရှာဖွေထားရပါမယ်။ ဒါမှမဟုတ် ရှာဖွေထားပြီး သုတေသနအဖြေတွေကိုလေ့လာကာ လှူဒါန်းရင်များစွာ ပိုအကျိုးရှိပါတယ်။

ပြောင်းလဲခြင်း ဒါမှမဟုတ် အကျိုးကျေးဇူးတွေ ကိုချိန်ဆတဲ့အခါ-

(၁) အရေအတွက်ရလဒ်ကို ကြည့်တာနဲ့

(၂) အရည်အချင်းရလဒ်ကို ကြည့်တာဆိုပြီး နှစ်မျိုးခွဲခြားပြီး ကြည့်နိုင်ပါတယ်။

အရေအတွက်ရလဒ်ကိုကြည့်မယ်ဆိုရင် အလှူ ငွေပမာဏတစ်ခုကို လူတစ်ဦးတစ်ယောက်အတွက်၊ ဈေးကြီးတဲ့ ကုထုံးတစ်ခုအတွက် သုံးပေးလိုက်တာ ထက် ဒီတူညီတဲ့ ငွေကို လူအများအကျိုးရှိတဲ့ တ ခြားအကြောင်းအရာတစ်ခုမှာ သုံးလိုက်မယ်ဆိုရင် ပိုအကျိုးရှိတယ်လို့ ဆိုလိုပါတယ်။ ဥပမာ လူတစ်ဦးအတွက် ကျောက်ကပ်ဆေးပြီး အသက်လုပေးရာမှာ လှူမယ့်အစား ဒီကုန်ကျစရိတ်ကို နယ်ဖက်မှာ ဝမ်းရောဂါ အစုလိုက် အပြုံလိုက် ဖြစ်ပွားတဲ့ နေရာမှာ Ringer Lactate လို့ခေါ်တဲ့ ဓာတ်ဆားရည်တစ်မျိုး ကိုအချိန်မီ အလုံအလောက်သွင်းပေးနိုင်ရင် ကျောက်ကပ်ပျက်စီးတာ၊ သွေးပေါင်ကျတာကို ကာကွယ်နိုင် ဖို့အသက်ပေါင်းများစွာ ကယ်တင်ရာ ရောက်ပါတယ်။ လူတစ်ယောက်ကိုကယ်ဖို့ သုံးရငွေနဲ့ လူအများကို ကယ်တင်နိုင်ခဲ့တဲ့အတွက် အကျိုးအမြတ်ပိုရှိပါတယ်။

အရည်အချင်းရလဒ်ဘက်ကနေကြည့်မယ်ဆိုရင် အသည်းအသန် သေရေးရှင်ရေး လွန်ဆွဲနေရတဲ့ ရောဂါရှင်တစ်ဦးကို ဒီလှူဒါန်းငွေသုံးပြီး ကုလိုက်တဲ့ရလဒ်ဟာ ရောဂါလုံးဝပျောက်ပြီး အသက်ရှင်သွားနိုင်ရင် (Complete cure and survive)သုံးသင့်ပါတယ်။ တန်ဖိုးငွေ အတော်အတန်သုံးရပေမယ့် အချိန်တိုအတွင်း ပြန်ကောင်းသွားပြီး အသက်တစ်ချောင်းလုံးကိုရှင်အောင် ကယ်ပေးနိုင်ရင် ပိုသုံးသင့်ပါတယ်။ ဒါပေမဲ့လည်း ကောင်းနိုင်၊ မကောင်းနိုင် သေချာတဲ့ လူတွေအဖို့ ဆုံးဖြတ်ရခက်ပါတယ်။ ဒါကတော့ လူတစ်ဦးချင်းပေါ် စဉ်းစားရပါမယ်။

ဒီလို ဈေးကြီးပေမယ့်လှူသင့်တဲ့ အလှူကိုတော့ အထူး ကျွမ်းကျင်သူရဲ့ အကြံပြုချက်နဲ့ ဆုံးဖြတ်သင့်ပါတယ်။ ခန့်မှန်းထားတဲ့အတိုင်း မဖြစ်လာတာလည်း ရှိတတ်ကြောင်း အထူးသတိပြုရပါမယ်။ လူနာတစ်ဦးချင်းရဲ့ အပေါ်မှာ ဆုံးဖြတ်ရတဲ့အတွက်လူနာတစ်ဦးချင်းရဲ့ ရာဇဝင် အဖြစ်အပျက်လေးကိုကြားသိရပြီး သနားခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ ဂရုဏာပွားခြင်း စတဲ့ ခံစားမှု တွေရောပြွမ်းပြီး လှူပေးလိုစိတ်ကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ ဒီအရည်အချင်းရလဒ်နဲ့ ချိန်ထိုးပြီး လှူဒါန်းတာသိပ်မရှိလှပါဘူး။ စရိတ်ကြီးရင်မလှူနိုင်လို့ လျစ်လျူရှုလိုက်ကြတာမနည်းလှပါဘူး။ ဒီလိုအလှူမျိုးကို ဆေးရုံတက်နေရတဲ့ လူနာတွေမှာ အများအပြားလိုအပ်ပါတယ်။

ဒီလိုလှူဒါန်းမှုလေးတွေရဲ့ အတွေ့အကြုံလေး တွေကို မျှဝေခံစားနိုင်စေဖို့ဖော်ပြလိုက်ပါတယ်။

– နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top