Healthy Life Ad
Child

အပြင်စာ ကြိုက်တဲ့ ကလေးတွေ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“သား . . ခေါက်ဆွဲကြော်စားချင်တယ်မေမေ”

အစားကြေးများတဲ့ သားငယ်က ညနေစာ ထမင်း မစားချင်ဘူး၊ ခေါက်ဆွဲကြော်စားမယ်လို့ ဂျီကျ တောင်းဆိုလာတော့ ဒေါ်ဝေဝေမနေနိုင်။

“အဲဒါဆို သားအတွက် မေမေ ခေါက်ဆွဲကြော် ပေးမယ်နော် . .”

“ဟင့်အင်း . . ဟင့်အင်း မေမေကြော်ကျွေးတဲ့ ခေါက်ဆွဲကြော်မစားချင်ဘူး။ဆိုင်က ခေါက်ဆွဲကြော်ပဲ စားချင်တာ။ ဆိုင်မှာသွားစားမယ်”

သားငယ်က အဲဒီလိုငြင်းဆန်လာတော့ ဒေါ်ဝေဝေစိတ်ညစ်ရပြီ။ တစ်ခါတလေ အလုပ်များပြီး အိမ်မှာထမင်း၊ ဟင်း မချက်ချင်တာကြောင့် ညစာကို အပြင်မှာ တစ်ခါတစ်ရံ သွားစားဖြစ်ရာကနေ ကလေးက အပြင်စာမှ အပြင်စာ တမ်းတမ်းစွဲ ဖြစ်လာတယ်။ အပြင်စာကျွေးတဲ့အခါ အိမ်မှာနဲ့ မတူဘဲ အများကြီး စားမှန်းသိလို့ ကျေနပ်ပေမယ့် အပြင်စာကို မကြာခဏ မကျွေးချင်. . ကြီးထွားဖွံ့ဖြိုးဆဲအရွယ်ဖြစ်တဲ့ သားငယ်ရဲ့ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်မိတယ်။

အချိုမှုန့်၊ ကြက်သားမှုန့်ပါတဲ့အပြင်စာတွေကို ရေရှည်စားရင် ဒီကလေးတွေ ကြီးလာတဲ့အခါ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်လာတတ်ပါတယ်။ အပြင်စာအများစုမှာ ဆီတွေက သန့်ရှင်းမှုအားနည်းတယ်။နောက်တစ်ခုက ဆီကြော်စာတွေဆိုရင် ထပ်ခါတလဲလဲ ပြန်ကြော်တာများတယ်။ အဲဒီလို ထပ်ပြန်ကြော်စာတွေကို ရေရှည်စားတာကြောင့်လည်း ကျန်းမာရေးကို သက်ရောက်မှုရှိပါတယ်။

အခုခေတ် ကလေးအများစုဟာ အပြင်စာတွေကို ကြိုက်နှစ်သက်စွာ မြိန်ရည်ရှက်ရည် စားကြတာနဲ့ ပတ်သက်ပြီး အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ကို မေးမြန်းကြည့် လိုက်တော့-

“အဓိက ကလေးတွေကို အပြင်စာတွေ သိပ်မကျွေးစေချင်သေးပါဘူး။ ကလေးတွေက အပြင်စာကိုပဲ စားချင်နေတဲ့ သဘောက အပြင်စာ အများစုမှာ အချိုမှုန့်၊ ကြက်သားမှုန့်တွေ ပါတဲ့အတွက် အဲဒီအရသာကို ကြိုက်နေကြတာပါ။ ဥပမာပြောရရင် ကြေးအိုးဆိုရင် ကလေးတွေက အပြင်က ကြေးအိုးကို တစ်ခွက်လုံး ကုန်အောင် စားကြတယ်။ အိမ်မှာချက်ပေးတဲ့ ကြေးအိုးဆိုရင် လုံးဝမစားကြဘူး။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက အချိုမှုန့်၊ ကြက်သားမှုန့်တို့ကို ကြိုက်သွားလို့ပါ။ အဲဒါကိုမှ အရသာရှိတယ်လို့ ထင်သွားတဲ့အခါ အိမ်က အရသာဆိုရင်စားကောင်းတယ်လို့ မထင်တော့ဘူး”လို့ ပြောပြခဲ့ပါတယ်။

သားငယ်လို အပြင်စာကိုပဲ စားချင်နေကြတဲ့ ကလေးတွေကို အပြင်စာ ရေရှည်ကျွေးတဲ့အခါ ဘာ ဖြစ်လာနိုင်ပါသလဲ။ မိခင်ဖြစ်သူ ဒေါ်ဝေဝေ သိချင်တဲ့ မေးခွန်းကို ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အခုလို ရှင်းပြခဲ့ပါတယ်။

“အခု ချက်ချင်းကတော့ ကလေးငယ်တွေမှာ ဘာမှမဖြစ်သေးဘူး။ အချိုမှုန့်၊ ကြက်သားမှုန့်ပါတဲ့ အပြင်စာတွေကို ရေရှည်စားရင် ဒီကလေးတွေ ကြီးလာတဲ့အခါ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ် လာတတ်ပါတယ်။ အပြင်စာအများစုမှာ ဆီတွေက သန့်ရှင်းမှုအားနည်းတယ်။ နောက်တစ်ခုက ဆီ ကြော်စာတွေဆိုရင် ထပ်ခါတလဲလဲ ပြန်ကြော်တာ များတယ်။ အဲဒီလို ထပ်ပြန်ကြော်စာတွေကို ရေရှည် စားတာကြောင့်လည်း ကျန်းမာရေးကို သက်ရောက်မှု ရှိပါတယ်။

ငယ်ငယ်လေးကတည်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် (Poor Diet)ရဲ့သက် ရောက်မှုကြောင့် အသက်ကြီးလာတဲ့အခါ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ ကင်ဆာရောဂါ စတဲ့ နာတာရှည် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

အဲဒါကြောင့် ကလေးတွေကို ဖြစ်နိုင်ရင်တော့ အိမ်လုပ်အစားအသောက် (Home made Diet) လေးတွေကိုပဲ ကျွေးစေချင်ပါတယ်”
အပြင်စာကြိုက်တဲ့ သားငယ်အတွက် အိမ်မှာ ဟင်းလျာတွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါ အရသာရှိအောင် အချိုမှုန့်၊ ကြက်သားမှုန့်တော့ မထည့်ချင်။ ဒါပေမဲ့ ဆား၊ ဟင်းခတ်အမွှေးအကြိုင်၊ သကြားနည်းနည်းကိုပဲ ထည့်ချက်တဲ့အခါ အရသာက သိပ်မကောင်း။ အဲဒီအတွက် အခုခေတ်ပေါ်ဟင်းသီးဟင်းရွက်က ထုတ်ထားတဲ့ ဟင်းခတ်မှုန့်၊ ငါးက ထုတ်တဲ့ ဟင်းခတ်မှုန့်တွေကို ထည့်ချက်ကြည့်ရင် ကောင်းမလားဒေါ်ဝေဝေ စဉ်းစားကြည့်မိတယ်။

အဲဒါနဲ့ ပတ်သက်ပြီး-

“ဟင်းသီးဟင်းရွက်ဟင်းခတ်မှုန့်၊ ငါးနဲ့လုပ်တဲ့ ဟင်းခတ်မှုန့် စတဲ့ ဟင်းခတ်မှုန့်တွေက ဘယ်အရာမဆို ကြာကြာခံဖို့အတွက် ဓာတုပစ္စည်းထည့်ထားတာပါပဲ။ အဲဒီအတွက် သတ်မှတ်ထားတဲ့ အတိုင်းအတာအတိုင်း ထည့်ချက်ဖို့တော့ လိုပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူမဆို ဟင်းခတ်မှုန့်တွေကို သတ်မှတ်ထားတဲ့ ပမာဏထက် ပိုထည့်မိတတ်ကြတာကိုတော့ သတိပြုစေချင်ပါတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက သဘာဝ အစားအသောက်အရသာအတိုင်း စားတတ်အောင် ကျင့်ပေးထားဖို့ အရေးကြီးပါတယ်။ ဒါ မှသာသူတို့ကြီးပြင်းလာချိန်မှာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါဘယကင်းဝေးနေမှာပါ”လို့ ဆရာမ ဒေါ်ဝင်းဝင်းမြင့်က အကြံပြုစကား ပြောကြားလိုက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top