Healthy Life Ad
Life Style

အသည်းရောင် အသားဝါ ဘီပိုးအကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာဝင်းဝင်းဆွေ (ပါမောက္ခ/ဌာနမှူး၊ အသည်းရောဂါ ဌာန၊မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်မြို့)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဘီပိုးရှိသူနဲ့ အတူနေရင် ဘယ်လို ဆင်ခြင်ရမလဲ ဆရာမ။
ဖြေ ။ အိမ်မှာ ဘီပိုးရှိတဲ့သူတစ်ယောက် ရှိပြီဆိုရင် ကိုယ်ကိုယ်တိုင် ဘီပိုးရှိ၊ မရှိ စစ်ဆေးရပါမယ်။ ဘီပိုး မရှိဘူးဆိုရင် ကာကွယ်ဆေးကို အမြန်နှုန်းနဲ့ ထိုးနှံရပါမယ်။ တစ်လ-နှစ်လ-သုံးလ ဆိုတဲ့ နည်းနဲ့ ဘီပိုး ကာကွယ်ဆေးကို အမြန်ထိုးရပါမယ်။ ဘီပိုးရှိတဲ့ သူ နဲ့ အတူနေရင် ကူးလွယ်လို့ အမြန်နှုန်းနဲ့ ကာကွယ် ဆေးထိုးနှံရမှာ ဖြစ်ပါတယ်။ ဘီပိုးရှိတဲ့သူ ကိုယ်ခန္ဓာက ထွက်တဲ့ ချွေးအပါအဝင် ထွက်သမမေး အရည်အားလုံးကနေ ကူးစက်နိုင်ခြေရှိတဲ့အတွက် ကာကွယ်ဆေးကို အမြန်နည်းနဲ့ ထိုးရပါတယ်။

မေး ။ ဘီပိုး ကာကွယ်ဆေးကို အပြည့်အဝထိုးနှံပြီးရင် ဆေးအောင်ပါသလား ဆရာမ။
ဖြေ ။ ကာကွယ်ဆေး ထိုးပြီးတိုင်း ဆေးမအောင်တတ်ပါဘူး။ တချို့က ဆေးအောင်တယ်၊ တချို့က ဆေး မအောင်ပါဘူး။ ကာကွယ်ဆေးသုံးလုံး ထိုးပြီး တစ်လ-တစ်လခွဲလောက်ကျရင် Antibody ဘယ် လောက်ပေါ်သလဲလို့ စစ်ပါတယ်။ အောင်တာနည်းတယ်ဆိုရင် နောက်ကာကွယ်ဆေးတစ်လုံးထပ်တိုးပါတယ်။ Antibody တစ်ထောင်ကျော်ထွက်တယ်ဆိုရင်တော့ ငါးနှစ်လောက်အထိ ခံပါတယ်။

မေး ။ ကာကွယ်ဆေးမအောင်ရင် ဘယ်လို ဆက်လုပ်သင့်ပါသလဲ ဆရာမ။
ဖြေ ။ ကာကွယ်ဆေးထိုးတာ မအောင်ရင် ဘီပိုးဝင်ထားဖူးတာ ရှိ၊ မရှိ သွေးပြန်စစ်ပြီး အသည်းရောဂါအထူးကု ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ နောက်ထပ်ကာကွယ်ဆေးထိုးလို့ ရ၊ မရ အကြံဉာဏ်ယူရပါမယ်။

မေး ။ အသည်းရောင်အသားဝါ ဘီပိုးရှိရင် ကုလို့ ပျောက်ပါသလား ဆရာမ။
ဖြေ ။

ဘီပိုး ပွားများတာကို ရပ်အောင်လုပ်တဲ့ဆေးအနေနဲ့ သောက်ဆေးတွေ ရှိပါတယ်။ အဲဒီသောက်ဆေးကို သောက်ထားမယ်ဆိုရင် ဘီပိုးကို သွေးထဲမှာ လုံးဝမပေါ်ဘဲနဲ့ ပိုးမပွားအောင် တားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီသောက်ဆေးက တစ်သက်လုံးနီးပါးသောက် ရတဲ့အတွက် သောက်မယ်ဆိုရင် တကယ်သောက်ဖို့ လိုအပ်တဲ့သူကိုပဲ တိုက်ပါတယ်။

မလိုအပ်ဘူးဆိုရင် ဆရာမတို့ စောင့်ကြည့်ပါတယ်။ သုံးလတစ်ခါ ခေါ် ကြည့်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးပါတယ်။ လိုအပ်တဲ့အခါကျမှ တိုက်ပါတယ်။ ဆရာမတို့ အတွေ့အကြုံအရ တချို့လူနာတွေက သုံးလတစ်ခါ မှန်မှန်လာမပြတဲ့အတွက် ဘီပိုး ပွားများပြီး အသည်းခြောက်တာနဲ့ အသည်းကင်ဆာ ဖြစ်သွားပါတယ်။ ဘီပိုးပျောက်အောင် ကုတဲ့ထိုးဆေးရှိတယ်။ ကိုယ်ခံအားကိုတက်အောင် Peginterferon ဆိုတဲ့ ဆေးကိုထိုးပြီး ဘီပိုးကို တိုက်တာပါ။

မေး ။ ဘယ်လိုလူတွေက ဒီထိုးဆေးကို ထိုးနှံလို့ရပါသလဲ ဆရာမ။
ဖြေ ။ သွေးထဲမှာ ရှိတဲ့ ဘီပိုး ပိုးကောင်ရေ နည်းရမယ်၊ အသည်းထဲမှာ ရှိတဲ့ qHBsAg ပမာဏ နည်းရမယ်၊ အသက်ငယ်ငယ် ဖြစ်ရမယ်၊ တခြားရောဂါတွေ(ဥပမာ-နှလုံးရောဂါ၊ ဆီးချိုရောဂါတို့လို နာတာရှည်ရောဂါတွေ) မရှိရဘူး၊ ဆေးကို တစ်ပတ်တစ်ခါ ထိုးရင် ခံနိုင်ရည်ရှိရမယ်။ ဒီထိုးဆေးမှာ ဘေးထွက်ဆိုးကျိုး အနေနဲ့ အစားအသောက် မစားနိုင်တာ၊ အားပြတ်တာလေးတွေရှိတဲ့အတွက် ဒါတွေကို ကျော်လွှားနိုင်မှ အဆင်ပြေမှာဖြစ်ပါတယ်။

ဆေးကတစ်ပတ်တစ်ခါ မှန်မှန်ထိုးရတဲ့အတွက် ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိကို တစ်လတစ်ခါ မှန်မှန် စစ်ဆေးပေးရပါတယ်။ အဲဒီမှာ သွေးအားနည်းနေရင် သွေးအားတက်တဲ့ ဆေးထိုးပေးရပါတယ်။ သွေးဖြူဥ၊ သွေးနီဥနည်းနေရင် ပုံမှန်ပမာဏပြန်ရောက်အောင် ပြုပြင်ပေးရပါတယ်။ ဆေးထိုးပြီး သုံးလ လောက်အကြာမှာ ပြန်စစ်လိုက်လို့ ပျောက်နိုင်ခြေ ရှိတယ်ဆိုမှ တစ်နှစ်ပြည့်အောင် ဆက်ထိုးပါတယ်။ ပျောက်နိုင်ခြေ မရှိဘူးဆိုရင် ဆက်မထိုးတော့ပါဘူး။
ဆရာမ အတွေ့အကြုံအရ အခုအချိန်မှာ လူငယ်လေးတွေ ဆေးထိုးပြီး အောင်မြင်တဲ့သူ များပါတယ်။

မေး ။ ဘီပိုးရှိလို့ ဆေးမြီးတိုနဲ့ကုနေသူတွေကို ဘယ်လိုအကြံဉာဏ်ပေးလိုပါသလဲ ဆရာမ။
ဖြေ ။ ဆေးမြီးတိုနဲ့ မကုပါနဲ့။ အသည်းအထူးကုဆရာဝန်တွေနဲ့ တွေ့ဆုံပါ။ ဘီပိုးကို ဘယ်လို စစ်ဆေးရမယ်၊ ဘယ်လို ကုသရမယ် ဆိုတာတွေကို ဆရာဝန်တိုင်းက သေချာ သိရှိနားလည်ထားပြီး ဖြစ်ပါတယ်။ လိုအပ်ရင် အသည်းအထူးကု ဆရာဝန်ကြီးတွေရှိတဲ့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကုတင် ၅၀ဝဆံ့အထူးကုဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးတွေမှာ လာရောက် ပြသနိုင်ပါတယ်။

မေး ။ အသည်းရောင် အသားဝါဘီပိုးနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာမ။
ဖြေ ။ ဘီပိုး ရှိ၊ မရှိဆိုတာကို လူတိုင်း စစ်ဆေးကြပါ၊ ဘီပိုးမရှိရင် ကာကွယ်ဆေးကို မြန်မြန်ထိုးနှံကြပါ၊ ဘီပိုးရှိနေရင်လည်း ဆရာဝန်တွေထံ သွားရောက်ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူပါ၊ စစ်ဆေးမှု ရလဒ်တွေအရ ဘီပိုးကို စောင့်ကြည့်ရမလား၊ ပွားတာကို ရပ်မယ့် ဆေးသောက်မလား၊ ဆေးထိုးမလား စတာတွေကို တိုင်ပင်ဆွေးနွေးမှု ခံယူပါလို့ အကြံပြုလိုပါတယ်။ ဘီပိုးက ဘာလက္ခဏာမှ မပြတဲ့အတွက် ဒီအတိုင်းနေလိုက်ရင် တစ်ချိန်ချိန်မှာ အသည်း ခြောက်တာ၊ အသည်းကင်ဆာတွေဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top