Healthy Life Ad
International

အမျိုးသားတစ်ယောက်က ၁၃ နှစ်အတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြိုးစားသူ ၃၂၁ ဦးကို ကယ်တင်နိုင်ခဲ့

၊ မိုးမင်းထွန်း ၊

နန်ကျင်းယန်စီမြစ်ကူးတံတားဟာ တရုတ်နိုင်ငံရဲ့ နာမည်အကြီးဆုံးတံတားထဲမှာ ပါဝင်ပါတယ်။ ရထားလမ်းပါတဲ့ နှစ်ထပ်တံတားဖြစ်ပြီး လူသွားလမ်းကနေ အောက်ဘက် အရှိန်ဒလဟောစီးနေတဲ့ ယန်စီမြစ်အကြား အကွာအဝေးက ပေပေါင်း ၁၉၇ပေရှိပါတယ်။

အချက်အလက်တွေအရ ၁၉၆၈ခုနှစ်ကနေ ၂၀ဝ၆ ခုနှစ်အတွင်း တံတားကခုန်ချပြီး ကိုယ့်ကိုယ် ကိုယ်သတ်သေသူ ၂၀ဝ၀ကျော်ရှိခဲ့ပါတယ်။ တရုတ်ရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအများဆုံး နာမည် အဆိုးဆုံးနေရာဖြစ်ပါတယ်။၂၀ဝ၃ ခုနှစ်ကစပြီး အသက် ၄၈ နှစ်အရွယ် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လုပ်သားချန်းစီဟာ တံတားပေါ်မှာ သတ်သေဖို့ကြိုးစားသူတွေကို ကူညီကယ်ဆယ်ခဲ့တာ ၁၃ နှစ်ပြည့်ခဲ့ ပြီဖြစ်ပါတယ်။


ချန်းက ၁၂မိုင်လောက်ဝေးတဲ့အိမ်ကနေ စနေ၊ တနင်္ဂနွေနေ့တွေတိုင်း လျှပ်စစ်ဆိုင်ကယ်စီးပြီး တံတားဆီရောက်လာကာ မနက် ၈နာရီကနေ ညနေ ၅နာရီအထိ ကင်းလှည့်လေ့ရှိပါတယ်။ ဒီအတောအတွင်း သူကူညီခဲ့တာ ၃၂၁ ဦးရှိခဲ့ပြီဖြစ်ပါတယ်။ သူနဲ့အတူ စိတ်ပညာအဓိကကျောင်းသားနှစ်ယောက်ကလည်း နှစ်သိမ့်ဆွေးနွေးပညာပေးဖို့အတွက် လာရောက်ကူညီတယ်လို့ ဆိုပါတယ်။

ချန်းက ပထမဆုံးအတွေ့အကြုံမှာ တော်တော်ခက်ခဲခဲ့ပေမယ့် အခုအခါမှာတော့ တံတားပေါ်ရပ် နေတဲ့လူတစ်ယောက် နောက်ကျောကို ကြည့်တာနဲ့ သတ်သေဖို့ ကြိုးစားမယ့်သူလားဆိုတာ ခွဲခြားနိုင် တယ်လို့ပြောပါတယ်။ သတ်သေဖို့ ကြိုးစားသူတွေမှာ စိတ်ကျန်းမာရေးယိုယွင်းသူ၊ စိတ်ထိခိုက်စရာကြုံခဲ့သူ၊ အကြွေးတင်နေသူ၊ အိမ်တွင်းအကြမ်းဖက်ခံရသူနဲ့ မျှော်လင့်ချက်မရှိတော့တဲ့ ရောဂါရနေသူတို့ပါဝင်ပါတယ်။


ချန်းအဆိုအရ အခက်ခဲဆုံး ဖျောင်းဖျရသူတွေက အိမ်တွင်းအကြမ်းဖက်ခံရသူတွေနဲ့ မျှော်လင့်ချက်မရှိတော့တဲ့ ရောဂါရနေသူတို့ဖြစ်တယ်လို့ သိရပါတယ်။ ချန်းရဲ့ ပရဟိတအလုပ်ဟာ ကမ္ဘာအနှံ့ နာမည်ကြီးနေပြီး ၂၀၁၅ ခုနှစ်က နန်ကျင်းမြို့နတ်သား အမည်ရှိ ချန်းအကြောင်း ဇာတ်လမ်းရိုက်ကူးခဲ့ပါတယ်။

ကျေးလက်တောရွာက တက်လာတဲ့ ချန်းဟာ နန်ကျင်းမြို့မှာ အခြေကျဖို့ အတော်ရုန်းကုန်ခဲ့ရပြီး ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီလိုအချိန်ဖြတ်သန်းနေရသူတွေအဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လမ်းကြောင်းရွေးမှာ စိုးရိမ်တာကြောင့် ဒီပရဟိတအလုပ်ကို စတင်လုပ်ဖြစ်ခဲ့တာဖြစ်ကြောင်း ချန်းက ပြောပြပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top