Healthy Life Ad
Life Style

အုန်းလွဲခြင်းအကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အုန်းလွဲတာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။
ဖြေ။ ။ အုံးလွဲတာက နှစ်လမ်းရှိပါတယ်။ အုံးလွဲခြင်းကို အင်္ဂလိပ်လိုတော့ Cervical Spondylosis လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ လည်ပင်းအကြောညပ်တယ်လို့ ခေါ်ပါတယ်။

ပထမတစ်မျိုးက လူကြီးတွေမှာ ဖြစ်လေ့ရှိပါတယ်။ လူကြီးတွေ အသက်ကြီးလာတဲ့အခါမှာ အရိုး အတက်ထွက်လို့ အုံးလွဲတာပါ။ လည်ပင်းရိုးမှာ အတက်ထွက်လို့ ဖြစ်တာပါ။ လည်ပင်းရိုးထဲမှာ အာရုံ ကြောမကြီးရှိပါတယ်။ လည်ပင်းရိုးအဆစ်လေးတွေ ကြားကနေ အာရုံကြောလေးတွေက ထွက်ပါတယ်။ လည်ပင်းရိုးအဆစ်ကြားမှာ အရိုးအတက်လေး ထွက်လာတဲ့အခါမှာ အဆစ်ကြား အပေါက်ကျဉ်းလာပြီး အာရုံကြောတွေကို ဖိမိလာပါတယ်။ အဲဒီလိုအခြေအနေမှာ လည်ပင်းကိုလှည့်လိုက်တဲ့အခါမျိုးမှာ အာရုံကြောတွေက ညပ်သွားပါတယ်။ အဲဒီအခါမှာ ညပ်သွားတဲ့ဖက်တစ်ခြမ်းက ကျဉ်သွားတာတွေဖြစ် တတ်ပါတယ်။ ထုံသွားတာ၊ ထိမှန်း မသိတော့တာ တွေဖြစ်လာပါတယ်။ ချာလပတ်လည်အောင် မူးလာ ပါတယ်။ ဒါကို ကျီးပေါင်းကြောင့် Cervical Spondylosis လို့ ခေါ်ပါတယ်။

မေး။ ။ အဲဒီလိုဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရတတ်ပါသလဲ ဆရာ။
ဖြေ။ ။ လည်ပင်း အာရုံကြောညပ်ရင်ခေါင်းကို လှည့်လိုက်ရင်သော်လည်းကောင်း၊ ခေါင်းကို ရှေ့ဘက်ကို ငိုက်လိုက်ရင်လည်းကောင်း ချာလပတ်လည်အောင် မူးတတ်ပါတယ်။ ညပ်သွားတဲ့ လည်ပင်းဘက်က လက်တွေကျဉ်တာ၊ ထုံတာတွေ ဖြစ်တတ်ပါတယ်။ အဲဒါကအသက်ကြီးလို့ အရိုးကျီးပေါင်းတက်တာဖြစ် ပါတယ်။

မေး။ ။ အုန်းလွဲတဲ့အခါ ဘယ်လို ကုသမှုပေးရပါသလဲ ဆရာ။
ဖြေ။ ။ ဒီရောဂါက အတက်ထွက်တာ ဖြစ်တဲ့အတွက် မပျောက်ပါဘူး။ သက်သာအောင်တော့ လုပ်လို့ရပါ တယ်။ ရောဂါပထမအဆင့်မှာ မူးနေရင် ဆေးတွေပေးပါတယ်။ အာရုံကြောဆေးတို့၊ ဇက်ကြောတက်ရင် ပေးတဲ့ ဆေးတွေပေးပါတယ်။ ငါးရက်လောက်ကြာလို့ သက်သာလာပြီဆိုရင်တော့ ခေါင်းလေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ ခေါင်းကိုညာဘက်စောင်းချ၊ ဘယ်ဘက်စောင်းချ၊ ရှေ့ကိုငိုက်ချ၊ နောက်ကို လှန်ချတဲ့ လေ့ကျင့်ခန်းပါ။ မူးတဲ့အချိန်မှာတော့လုပ်လို့ မရပါဘူး။ မမူးတဲ့အခါမှသာ လုပ်ခိုင်းပါတယ်။ ဒီလိုလုပ် ပေးလိုက်ရင် နောက်တစ်ခါ အကြောညပ်ပြီး အုံးလွဲတာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဒုတိယအဆင့်ရောက်တဲ့အခါ အဆစ်က အရမ်း ကျဉ်းသွားပြီး အခြေအနေက ပိုဆိုးတယ်ဆိုရင် ဓာတ်မှန်ရိုက်ခိုင်းပါတယ်။ အရိုး အတက်ထွက်နေတယ်၊ အကြောညပ်နေတယ်ဆိုရင် ကော်လာတပ်ပြီး အဆစ်ကိုဆွဲဆန့်လိုက်ပါတယ်။ ဒီထက် အခြေအနေဆိုးလာလို့ အဆင်မပြေရင်တော့ အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ဆီ လွှဲပေးပါတယ်။ လိုအပ်ရင် အဲဒီဆရာဝန်က ခဲဆွဲလေ့ကျင့်ခန်းလို လေ့ကျင့်ခန်းမျိုး လုပ်ဖို့ စီစဉ်ညွှန်ကြားပေးပါတယ်။

ကိုယ်တွင်းအဆီများ၊ မများဆိုတာကို ဘယ်လိုသိနိုင်သလဲဆိုရင် ခါးတုတ်တာနဲ့သိနိုင်ပါတယ်။ ဗိုက်ပူပြီး ဝတာထက် ခါးတုတ်တာက ပိုဆိုးပါတယ်။ ခါးကိုတိုင်းမယ်ဆိုရင် နံရိုးနဲ့တင်ပဆုံရိုးနှစ်ခုရဲ့ အလယ်တည့်တည့်ကို တိုင်းရပါတယ်။ ပေကြိုးနဲ့ တိုင်းလိုက်လို့ အမျိုးသားက ခါး ၃၆ လက်မ၊ အမျိုးသမီးက ခါး ၃၂ လက်မထက်မကျော်ရပါဘူး။ ကျော်တယ်ဆိုရင် ဗိုက်ပူတယ်၊ ကိုယ်တွင်း အဆီများတယ်လို့ သတ်မှတ်ပါတယ် . . .

မေး။ ။ အုံးလွဲနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကို ရှင်းပြပေးပါဦး ဆရာ။
ဖြေ။ ။ အုံးလွဲနိုင်တဲ့ နောက်နည်းလမ်း တစ်ခုကတော့ နေထိုင်ပုံ အနေအထားမမှန်လို့ဖြစ်တာပါ။ အရိုးကို အထက်အကူပြုထားတဲ့ ကြွက်သားတွေ ညောင်းသွားလို့၊ တောင့်သွားလို့ ဖြစ်တာပါ။ ဥပမာ- ခေါင်းကို တစ်ဖက်တည်းအကြာကြီး စောင်းပြီး အိပ်နေတဲ့ အခါမှာစောင်းထားတဲ့ဖက်က ကြွက်သားက ပျော့နေပေမယ့် ကျန်တစ်ဖက်က ကြွက်သားတွေက အရမ်းတင်းနေတတ်ပါတယ်။

တင်းနေတာများပြီး ကြာသွားတဲ့အခါမှာ ကြွက်သားကမာပြီး တင်းသွားပါတယ်။ ကြွက်သားဆိုတာက တင်းနေရင် ပြန်ပြန်ပြီးကျုံ့ပါတယ်။ ဆွဲကျုံ့နေရင်းနဲ့ ကြာလာတဲ့အခါမှာ တန့်သွားတတ်ပါတယ်။ တန့်သွားတဲ့အခါမှာ တောင့်သွားပြီး ပြန်လှည့်လိုက်ရင် အရမ်းနာလာပါတယ်။ အဲဒါက အရိုးကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ကြွက်သားကြောင့် ဖြစ်တာပါ။

မေး။ ။ ဒီလိုအခြေအနေကြောင့် အုန်းလွဲတာ မဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဒီလိုမဖြစ်အောင်တော့ ခေါင်းကို ပုံစံမှန်မှန် ထားရပါမယ်။ နောက်တစ်ချက်ကတော့ ခေါင်းစောင်းနေ တာကြာလာရင် ပုံစံနည်းနည်းပြောင်းပေးဖို့လည်း လိုပါတယ်။ ကွန်ပျူတာနှိပ်တဲ့အခါတွေမှာ ပုံစံမှားနေရင် ခေါင်းကငုံနေရရင်၊ ကားမောင်းတဲ့အခါမှာလည်း ထိုင်ခုံအမှီကို နောက်ကိုလှန်ထားတာတွေက ခေါင်းအနေအထားပုံစံကိုမှားစေတဲ့အတွက် အုံးလွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အရိုးတွေတိုင်းကို ကြွက်သားတွေက ထောက်ပံ့နေပါတယ်။

အရိုးတွေ ပုံစံမမှန်တဲ့အခါမှာ ကြွက်သားတွေလည်း ပုံစံမမှန် တော့တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဆုံလည်ကုလားထိုင်တွေကို သုံးလာတာဖြစ်ပါတယ်။ တစ်ဖက်ဖက်ကို လှည့်ပြောရတဲ့အခါမှာ ခါးကို လှည့်ပြီး ပြောရတဲ့အတွက် ကြွက်သားတွေက လိမ်သွားတတ်ပါတယ်။ အနေအထားမမှန်လို့၊ အနေအထားတစ်ခုတည်းမှာ အကြာကြီးနေနေတဲ့ အတွက်ဖြစ်တာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top