Healthy Life Ad
Child

ရင်သွေးလေး ကျန်းမာသွက်လက် ဉာဏ်ရည်ထက်ဖို့ . . .(၂)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

အခုခေတ်မှာ ကိုယ်ဝန်ဘယ်အချိန်ယူရမလဲဆိုပြီး လာတိုင်ပင်တဲ့ မင်္ဂလာဆောင်ခါနီး စုံတွဲတွေ၊ မင်္ဂလာဆောင်ပြီးခါစ စုံတွဲလေးတွေ ရှိလာတာကို တွေ့ရတော့ ဆရာတို့ဝမ်းသာရတယ်။ ကိုယ်ဝန်မယူခင် ဘယ်လို နေထိုင်စားသောက်ရမလဲဆိုပြီး တိုင်ပင်တာက သိပ်ကိုကောင်းတဲ့ အလေ့အကျင့်လေး တွေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မယ့် သူတချို့က ပိန်ပိန်လေးတွေဖြစ်နေတာရှိသလို တချို့ကျတော့ သိပ်ကိုဝ၀ကြီးတွေ ဖြစ်နေကြတယ်။ မိခင်လောင်း တစ်ယောက်က မပိန်မဝ၊ ကျန်းမာတဲ့ ခန္ဓာကိုယ်၊ ကျန်းမာချမ်းသာတဲ့ စိတ်ဓာတ်ပိုင်ဆိုင်ရမယ်။ ကိုယ်ရဲ့ ဝမ်းကြာတိုက်ထဲကို ရောက်လာမယ့် သန္ဓေသားလေးက ဆေးလိပ်ငွေ့၊ အဆိပ်ငွေ့တွေ ကင်းစင်ရမယ်။ ဒါကြောင့် မိခင်ဖြစ်သူက ဆေးလိပ်၊ အရက် ၊မူးယစ်ဆေးဝါးမှန်သမျှ ရှောင်ရမယ်။ ကိုယ်တိုင် ရှောင်ရုံတင်မကဘူး၊ သူတစ်ပါးသောက်တဲ့ ဆေးလိပ်အဆိပ်ငွေ့တွေကို မရှူသင့်ပါဘူး။

ကိုယ်ဝန်ရအောင် ကြိုးစားတဲ့နေ့ကစပြီး ဖောလစ်အက်စစ်တစ်လုံးကို တစ်နေ့တစ်လုံး မှန်မှန်မှီဝဲရမယ်။ ဖောလစ်အက်စစ်ဟာ မိခင်တိုင်း အင်မတန် ကြောက်ရွံ့တဲ့ ကလေးမွေးရာပါ ချို့ယွင်းချက်ကို ကာကွယ်နိုင်ပါတယ်။

တချို့ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ့်မှာ ရောဂါရှိလို့ ရှိမှန်းတောင် မသိဘူး။ ကလေးလေး တစ်ယောက် မွေးလာပြီး ကလေးလေးကမွေးက တည်းက တရှောင်ရှောင်နဲ့ . . စစ်ကြည့်လိုက်တော့ HIVပိုးရှိနေတယ်လေ။ အခုမှ ကလေးမွေးပြီး ကမ္ဘာလောကထဲရောက်တာ၊ ဒီလိုရောဂါဆိုးကြီး ကပ်နေပြီ။ အဲဒီတော့မှ အဖေအမေကို ပြန်စစ်လိုက်တော့ နှစ်ယောက်စလုံးမှာ HIVပိုးရှိနေပြီဆိုတာတွေ့လိုက်ရတယ်။ အဲဒီလိုမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် ရင်သွေးလေးယူတော့မယ်ဆိုရင် ဇနီးမောင် နှံနှစ်ဦးစလုံး ဆေးစစ်ဖို့လိုပါတယ်။

‘ဆရာ့တပည့်မလေးဆိုရင် သိပ်ကိုတော်ပါတယ်။ မိဘတွေပေးစားတဲ့ သတို့သားကို မယူခင် ပထမတစ်ခါ ဆေးစစ်တယ်၊ ရောဂါပိုးတွေမရှိဘူး။ ဒါပေမဲ့ နောက်ထပ် သုံးလအကြာမှာ ထပ်ပြီး ဆေးစစ်ပြန်တယ်။ တချို့ရောဂါပိုးတွေက သုံးလအတွင်း မပေါ်တတ်လို့ပါ။ ရောဂါပိုးမတွေ့ဘူးဆိုမှ လက်ထပ်တယ်။ ဒါက သူဟာ အသိဉာဏ်ပညာနဲ့ ပြည့်စုံတယ်လို့ ချီးကျူးရမှာပဲ…’

တချို့ကျတော့ ကိုယ်ဝန်ရှိတာတောင် ဆေးရုံမှာလာမပြဘူး၊ လာမမွေးဘူး။ အပြင်မှာဖြစ်သလို မွေးလိုက်တဲ့ သူတွေ အများကြီးပဲ။ နောက်ဆုံး ကလေးမှာရောဂါဖြစ်တော့မှ သိလိုက်ရတဲ့အခါ နောက်ကျကုန်ပြီလေ။ ဒီလိုမျိုး ရောဂါတွေ ရှိ၊ မရှိကြိုတင် စစ်ဆေးသိရှိထားရင် ကလေးမှာ ရောဂါတွေ၊ ရောဂါပိုးတွေ ပါမလာအောင် ကြိုတင် ကာကွယ်လို့ရပါတယ်။ ဖြစ်နိုင်ရင် ဇနီးမောင်နှံတွေက မယူခင်ကတည်းက စစ်သင့်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိမှ စစ်ရင်တောင် နောက်ကျနေပါပြီ။ ဥပမာ ဆစ်ဖလစ်လို့ခေါ်တဲ့ ကာလသားရောဂါဆိုတာ သိရင် ကုသလို့ရပါတယ်။ မသိဘဲနဲ့ဆိုရင် ကလေးမှာ ကျန်းမာရေး ထိခိုက်တတ်ပါတယ်။

ဆရာ့တပည့်မလေးဆိုရင် သိပ်ကိုတော်ပါတယ်။ မိဘတွေ ပေးစားတဲ့ သတို့သားကို မယူခင် ပထမတစ်ခါ ဆေးစစ်တယ်၊ ရောဂါပိုးတွေမရှိဘူး။ ဒါပေမဲ့ နောက်ထပ်သုံးလအကြာမှာ ထပ်ပြီး ဆေးစစ်ပြန်တယ်။ တချို့ရောဂါပိုးတွေက သုံးလအတွင်း မပေါ်တတ်လို့ပါ။ ရောဂါပိုးမတွေ့ဘူးဆိုမှ လက်ထပ်တယ်။ ဒါက သူဟာအသိဉာဏ်ပညာနဲ့ ပြည့်စုံတယ်လို့ ချီးကျူးရမှာပဲ ဖြစ်ပါတယ်။

ဆရာ့လူနာလေး တစ်ယောက်ရှိတယ်။ သူက တစ်ရက်မှာ ဆရာရေးတဲ့ စာလေးတစ်ပုဒ်ကို သူ ဖတ်လိုက်မိတယ်။ အဲဒီတုန်းက သီတင်းကျွတ်ကာလနဲ့နီးတော့ သီတင်းကျွတ်မှာ မင်္ဂလာပွဲဆင်နွှဲမယ့် မောင်မယ်တွေကို ကျန်းမာရေး စစ်ဆေးဖို့ အရေးကြီးတဲ့အကြောင်းတွေရေးထားတာပါ။ သူအခုစာကို ဖတ်တဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်နေပြီ။ သူ့ဗိုက်ထဲက ကလေးလေးက သုံးလ-လေးလလောက်ရှိနေပြီ။ အဲဒီအချိန်မှာ သူ့ခင်ပွန်းကိုမသင်္ကာဖြစ်တယ်။ အဲဒါနဲ့ သူ့ယောကျာ်းကို ဖုန်းဆက်ကာ “ချက်ချင်း ပြန်လာခဲ့”ဆိုပြီး ဆေးသွားစစ်တယ်။ ဆေးစစ်လိုက်ရော HIV Positive ဖြစ်နေပြီဆိုတာ တွေ့ရတယ်။ သူ့မှာတော့ HIV မရှိသေးဘူး။ အဲဒါနဲ့ ဆရာ့ဆီ ရောက်လာခဲ့တယ်။ ဒီလိုတွေ့သွားတာအရမ်းကောင်းပါတယ်။ အမျိုးသားနဲ့ အတူနေမိရင် သူ့ကိုပါ ကူးစက်သွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခါ စစ်ပြီးရင် နောက်တစ်ခါ မစစ်တော့ဘူးလေ။ အခုကျ တော့ အမျိုးသားမှာ HIV ရှိနေပြီဆိုတာ သိရတဲ့အတွက် သူ့ကို မကူးအောင်ရော သူ့ဗိုက်ထဲက ကလေးလေးကိုပါ မကူးအောင် ကာကွယ်နိုင်ပါတယ်။ ဒီလိုအဖြစ်အပျက်လေးတွေသိရတော့ ဆရာ စာရေးရကျိုးနပ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ အာထရာဆောင်းရိုက်တာကလည်း အရေးကြီးပါတယ်။ အာထရာဆောင်းဆိုတာ ကိုယ်ဝန်ဆောင်ကာလမှာ မရှိမဖြစ်အရေးပါတဲ့ အရာပါ။ ကလေးမွေးမယ့် ရက်၊ ကလေး အနေအထား၊ ကလေးဖွံ့ဖြိုးပုံ၊ ယောကျာ်းလေးလား၊ မိန်းကလေးလား စတာတွေကို သိနိုင်ပါတယ်။ တချို့ ဘိုးဘွားတွေက သူ့မြေးလေးအတွက်စိတ်ပူပြီး “အဲဒီအာထရာဆောင်းဆိုတဲ့ စက်ကြီးနဲ့ ကလေးနုနုလေး ကိုသွားရိုက်လိုက်ရင် ကလေးမှာ ချို့ယွင်းသွားမှာပေါ့၊ ဘာလို့ရိုက်ရမှာလဲ”လို့ မှားယွင်းပြီး ထင်မြင်နေတာ ရှိပါတယ်။

တကယ်တမ်းကျတော့ အာထရာဆောင်းဆိုတာ ဘာရောင်ခြည်မှ မဟုတ်ပါဘူး။ တချို့က ဓာတ်မှန်နဲ့ မှားတတ်တယ်။ ဓာတ်မှန်ကတော့ ဓာတ်ရောင်ခြည်ရှိတော့ ကိုယ်ဝန်ဆောင်ကာလမှာ ရှောင်သင့်ပါတယ်။ မဖြစ်မနေ ရိုက်ရမယ်ဆိုရင် ဒီကလေးလေးကို ရောင်ခြည်မသင့်အောင်ကာတဲ့ အကာအကွယ်တွေ ယူရပါတယ်။ မိခင်လောင်းတိုင်း၊ မိခင်လောင်းတိုင်းကလည်း ဓာတ်မှန်ရိုက်တော့မယ်ဆိုရင် ငါ့မှာကိုယ်ဝန်များ ရှိနေသလားဆိုတဲ့ ခံစားချက် ရှိသင့်ပါတယ်။ ဗိုက်ထဲမှာ ကိုယ်ဝန်ရှိမှန်းမသိတဲ့ အခြေအနေမှာ ဓာတ်မှန်သွားရိုက်မိလိုက်ရင် အန္တရာယ်ရှိပါတယ်။

ကျန်းမာသွက်လက်ဉာဏ်ရည်ထက်တဲ့ ကလေးလေးတစ်ယောက်ပိုင်ဆိုင်ဖို့ မိခင်က အာဟာရပြည့်ဝဖို့လည်း အရေးကြီးပါတယ်။ မိခင်က အာဟာရပြည့်ဝနေမှ သူ့ဗိုက်ထဲက သန္ဓေသားလေးဟာ ကျန်းမာနေမှာပါ။ အာဟာရမပြည့်ဝရင် မိခင်ကလည်း ကျန်းမာရေးချို့တဲ့မယ်၊ အားနည်းမယ်၊ ကလေးကလည်း ပေါင်မပြည့် လမစေ့ဘူး။ သေးညှက်တတ်တယ်။ ကိုယ်လက်အင်္ဂါချို့ယွင်းတတ်တယ်။ အဲဒီလိုမျိုးတွေ မွေးဖွားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ သိပ်ဝလွန်းတာကလည်း မကောင်းပါဘူး။ ရောဂါမျိုးစုံကိုလက်ယပ် ခေါ်နေသလိုပါပဲ။ ကိုယ်ဝန်ဆိပ်တက်တာ ဖြစ်တတ်တယ်။ ဗိုက်ထဲမှာရှိတဲ့ ကလေးကို စမ်းရတာလည်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ကလေးမယူခင်ကတည်းက ကိုယ်အလေးချိန် ချသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဝိတ်ချလို့ မရပါဘူး။ ကိုယ်ဝန်မ ဆောင်ခင်ကတည်းက မပိန်မဝ ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်အောင် လုပ်ရပါမယ်။

– နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top