Healthy Life Ad
Life Style

အခြေခံ မိတ်ကပ်လိမ်းနည်း လမ်းညွှန်(၃)

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသားအရေအမျိုးအစားအလိုက် ဖောင်ဒေးရှင်းမိတ်ကပ်ရွေးချယ်ခြင်း

– ပုံမှန်အသားအရေပိုင်ရှင်ဆိုလျှင်

ခရင်မ်အမျိုးအစား ဒါမှမဟုတ် ဂျဲလ်အမျိုးအစား ဖောင်ဒေးရှင်းမိတ်ကပ်ကို ရွေးချယ်လိမ်းပေးပါ။

– ခြောက်သွေ့သော အသားအရေပိုင်ရှင်ဖြစ်လျှင်

ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်အတွက် အစိုဓာတ်ပါတဲ့ ဖောင်ဒေးရှင်းအရည်လိမ်းသင့်ပါတယ်။

– အဆီပြန်သော အသားအရေပိုင်ရှင်ဖြစ်လျှင်

အဆီပြန်တဲ့အသားအရေပိုင်ရှင်အတွက် ခရင်မ်အမျိုးအစား ပေါင်ဒါဖောင်ဒေးရှင်း ဒါမှမဟုတ် Matte ဖောင်ဒေးရှင်းလိမ်းသင့်ပါတယ်။

– ပေါင်းစပ်အသားအရေပိုင်ရှင်ဖြစ်လျှင်

ပေါင်းစပ်အသားအရေပိုင်ရှင်အတွက် အဆီမပါတဲ့ အစိုဓာတ်ထိန်းဖောင်ဒေးရှင်းလိမ်းသင့်ပါတယ်။

– ထိခိုက်လွယ်သော အသားအရေပိုင်ရှင်ဖြစ်လျှင်

ထိခိုက်လွယ်တဲ့ အသားအရေရှိသူတွေအတွက် ခရင်မ်ပုံစံပေါင်ဒါဖောင်ဒေးရှင်း ဒါမှမဟုတ် matte ဖောင်ဒေးရှင်းလိမ်းသင့်ပါတယ်။

– အိုမင်းသော အသားအရေပိုင်ရှင်ဖြစ်လျှင်

အရေးကြောင်းရှိတဲ့ အသားအရေပိုင်ရှင်တွေအတွက် Mousse အမျိုးအစားဖောင်ဒေးရှင်းက သင့်တော်ပါတယ်။

အသားအရောင်အလိုက် ဖောင်ဒေးရှင်းအရောင်ရွေးချယ်ခြင်း

– အသားဖြူလျှင်

ဆင်စွယ်ရောင်၊ အဖြူရောင် ဖောင်ဒေးရှင်းမိတ်ကပ်အရောင်နဲ့လိုက်ပါတယ်။

– အသားလတ်လျှင်

ခရင်မ်ရောင်၊ အဝါရောင် ဖောင်ဒေးရှင်းမိတ်ကပ်နဲ့လိုက်ပါတယ်။

– အသားညိုလျှင်

အဝါရောင်၊ မြေကြီးရောင် ဖောင်ဒေးရှင်းမိတ်ကပ်နဲ့လိုက်ပါတယ်။

Tip!

လက်မှာ ဖောင်ဒေးရှင်းမိတ်ကပ်အရောင်ကို စမ်းမယ့်အစား လည်ပင်းဒါမှမဟုတ် မျက်နှာမှာစမ်းကြည့်ပါ။ သဘာဝနေရောင်ခြည်အောက်မှာ ဖောင်ဒေးရှင်းမိတ်ကပ်က အရောင်အမှန်ကို ပြသပေးပါလိမ့်မယ်။

ဖောင်ဒေးရှင်း မိတ်ကပ်ဘယ်လိုလိမ်းမလဲ

– အဆင့် (၁) ဖောင်ဒေးရှင်းမိတ်ကပ်လိမ်းခြင်း

ဖောင်ဒေးရှင်းမိတ်ကပ်အနည်းငယ်ကို ပါးရိုး၊ နှာခေါင်း၊ မေးစေ့နဲ့ နဖူးပေါ်မှာတို့ပါ။ ပြီးရင် ရေမြှုပ်၊ ဘရပ်ရှ် ဒါမှမဟုတ် လက်ချောင်းနဲ့ ဖောင်ဒေးရှင်းမိတ်ကပ်ကို ညီသွားအောင်ဆွဲလိုက်ပါ။ မျက်ခုံးအောက်၊ ဆံပင်လိုင်းနေရာ၊ နှာခေါင်းတစ်ဝိုက်နဲ့ မေးစေ့လိုင်းနေရာတွေကို သတိထားပြီးလိမ်းပေးပါ။

– အဆင့် (၂) ကွန်ဆဲလာလိမ်းခြင်း

မျက်ဝန်းအောက်နဲ့ အသားအရေ အပြစ်အနာအဆာရှိတဲ့နေရာတွေမှာ ကွန်ဆဲလာကို အနည်းငယ်တို့ထိကာ လိမ်းပေးပါ။ လက်သူကြွယ်၊ ဘရပ်ရှ်နဲ့ ရေမြှုပ်တွေကိုသုံးပြီး လိမ်းပေးပါ။

– အဆင့် (၃) ပေါင်ဒါလိမ်းခြင်း
နဖူးအလယ်ကနေ စက်ဝိုင်းပုံစံလှည့်ပြီး ပေါင်ဒါလိမ်းပါ။ နဖူးဘေးဘက်နေရာတွေအထိ ဖြန့်လိမ်းပေးပါ။ ပါးပြင်၊ နှာခေါင်း၊ မေးစေ့ စတဲ့ နေရာတွေမှာလည်း ရေမြှုပ် ဒါမှမဟုတ် ဘရပ်ရှ်နဲ့ဆွဲလိမ်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top