Healthy Life Ad
Life Style

ရင်သားနှစ်ဖက်စလုံး ကင်ဆာဖြစ်ခဲ့သော်လည်း အောင်မြင်စွာ ကျော်လွှားအနိုင်ယူနိုင်ခဲ့သူ ဒေါ်ယုယု

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၁ ခုနစ် ဧပြီလတွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီးနောက် တစ်လအတွင်း ရင်သား နှစ်ဖက်စလုံး၌ အလုံးအကျိတ်များ စတင်တွေ့ရှိခဲ့သည်ဟု ဒေါ်ယုယုကဆိုသည်။ ထိုအချိန်က အသက် ၆၇ နှစ် ရှိပြီဖြစ်သည့် ဒေါ်ယုယုသည် နှလုံးရောဂါဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် နှလုံးနှိုးစက်ဖြင့် တက်ရောက်ခဲ့ရသူဖြစ်သည်။

“ဖြစ်ချင်တော့ အမျိုးသား ကွယ်လွန်ပြီး ရက်မလည်ခင်မှာပဲ အန်တီက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ နှလုံးနှိုးတဲ့စက်နဲ့ တစ်ပတ်လောက် နေခဲ့ရပါတယ်။ အဲဒီအချိန်မှာ နှလုံးက ကြီးနေတော့ နှလုံးအထူးကု ဆရာဝန်က နှလုံးထဲ စက်ထည့်ဖို့ စီစဉ်လိုက်သေးတယ်။ ရင်သားအလုံးအကျိတ်ရှိနေမှန်းတွေ့သွားတဲ့အခါ ရင်သားအကျိတ်တွေကို မခွဲစေချင်ဘူး။ နှလုံးစက်ထည့်မှာ ဖြစ်လို့ ရင်သားကို မခွဲစေချင်ဘူး။ အဲဒါနဲ့ အန်တီလည်း နှလုံးထဲစက်မထည့်သေးဘဲ ဆေးရုံကဆင်းတော့ ခွဲစိတ်ဆရာဝန်ကြီး ဆရာပါမောက္ခ ဦးဦးကျော်ဆီ ရင်သားအကျိတ်တွေကို သွားပြခဲ့လိုက်ပါတယ်။ အဲဒီမှာ အသားစယူစစ်ဆေးလိုက်တော့ ကင်ဆာဆဲလ်တွေ့ခဲ့ပါတယ်။ ဆရာက ဒီခွဲစိတ်မှုက လုပ်လို့ရတယ်ဆိုတာနဲ့ ရင်သားနှစ်ဖက်စလုံးက အကျိတ်တွေကို ခွဲထုတ်လိုက်ရတာပါ”ဟု ဒေါ်ယုယုက ဆိုသည်။

ရင်သားနှစ်ဖက်စလုံးတွင် တစ်ပြိုင်တည်း အကျိတ်များ တွေ့ခဲ့ရပြီး ညာဘက်ရင်သားတွင်ရှိသည့် အကျိတ်က ငုံးဥအရွယ်ခန့်ရှိကာ ဘယ်ဘယ်ရင်သားတွင် ရှိသည့် အကျိတ်က ကြက်ဥအရွယ် နှစ်လုံးရှိကြောင်း သိရသည်။
“အစတုန်းက အန်တီက အဲဒီအကျိတ်တွေကို သတိမထားမိခဲ့ဘူး။ ညာဘက်ကို ဖိဖိအိပ်မိရင်းနဲ့ အ ကျိတ်တွေကို စပြီးသတိထားမိခဲ့တယ်။ အဲဒါနဲ့ ဆရာဦးဦးကျော်က အဲဒီတုန်းက အန်တီ့အခြေအနေက ကိုယ်ခံအား သိပ်မကောင်းတဲ့အတွက် ရင်သားတစ်ခုလုံးကို မဖယ်ထုတ်ဘဲနဲ့ အလုံးအကျိတ်တွေကိုပဲ ခွဲ ထုတ်ပေးခဲ့ပါတယ်။ နောက်ပိုင်း ကင်ဆာဆေးသွင်းတာ၊ ဓာတ်ရောင်ခြည်ပေးတာ တစ်ခုမှ မလုပ်ရပါဘူး။ ဆရာကြီးပေးတဲ့ သဘာဝဆေးလေးတွေပဲ သောက်ရပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာပဲ တွေ့ရတာဖြစ်တဲ့အတွက် အန်တီကံကောင်းတယ်လို့ ဆိုရမှာပါ”ဟု ဒေါ်ယုယုက ဆိုသည်။

ခင်ပွန်းသည် ဆုံးပါးပြီးကာစ၊ နှလုံးရောဂါကြောင့် အရေးပေါ်ဌာနတွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေရပြီးချိန်တွင် ရင်သားကင်ဆာအကျိတ်များကို စတင်တွေ့ရှိခဲ့သော်လည်း ဒေါ်ယုယုက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ဆေးကုသမှုကို ခံယူနိုင်ခဲ့သူ ဖြစ်သည်။
“မကောင်းတာဆိုတော့ ကိုယ့်ခန္ဓာမှာ ရှိနေတော့လည်း ဘာလုပ်မှာလဲ၊ မြန်မြန် ခွဲထုတ်ပစ်လိုက်တာပဲ ကောင်းတယ်လေ . .ဆရာကြီး ဦးဦးကျော်ကိုလည်း စိတ်ချတယ်လေ . .

ဆရာကြီးက ထုံဆေးလေးပေးပြီး ခွဲတော့ အကုန်သိနေ၊ မြင်နေတယ်. .အသားတွေ ဆွဲလှီးလိုက်၊ ဖြတ်ထုတ်လိုက် . .အဲဒါတွေကို သိနေပေမယ့် တစ်ချက်မှ မအော်ပါဘူး၊ နာတာတော့ အရမ်းပဲ . .တရားမှတ်ဖို့လည်း ကြိုးစားတယ်။ ဒါပေမဲ့ ဘယ်လိုမှ မှတ်လို့မရဘူး။ အဲဒါနဲ့ အသက်နဲ့ ခန္ဓာကို ဘုရားကို အပ်လိုက်တယ်။ အန်တီ အဲဒီစိတ်နဲ့ပဲ ကျော်လွှားနိုင်ခဲ့ပါတယ်ဟု ဒေါ်ယုယုက ဆိုသည်။

ထိုခွဲစိတ်မှုပြီးချိန်မှစ၍ အန်တီဒေါ်ယုယုသည် သက်သတ်လွတ်စားခဲ့ပြီး တရားထိုင်ခြင်း၊ တရားနာ ခြင်းအလုပ်များကိုသာ လုပ်ဆောင်ဖြစ်ခဲ့သည်။

“သက်သတ်လွတ်စားတယ်၊ တရားနာတယ်၊ တရားထိုင်တယ်၊ ရင်သားအကျိတ်ခွဲပြီးကတည်းက အနာချုပ်ရိုးတောင် မကျက်သေးဘူး၊ ဦးဘခင်တရားရိပ်သာဝင်ပြီး တရားသွားထိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း နှလုံးထဲ စက်ထည့်စရာလည်း မလိုတော့ဘူး။ တရားထိုင်၊ တရားမှတ်ရင်း အသက်ရှူလို့လည်း ကောင်းသွားတယ် . . နောက်ပိုင်း ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန်ပြုလုပ်တဲ့အခါမှာ သွေးအဖြေ၊ ဓာတ် မှန်အဖြေ၊ ရင်သားဓာတ်မှန်အဖြေ အားလုံးက ကောင်းတယ်။ အန်တီကလည်း နေလို့ထိုင်လို့ ကောင်းနေပါတယ်”

သားတစ်ဦးမိခင် ဒေါ်ယုယုက ဆွေမျိုးထဲတွင် ရင်သားကင်ဆာမျိုးရိုးမရှိကြောင်း၊ မိသားစုထဲတွင် တစ်ဦးတည်းသာ စတင်ဖြစ်ခဲ့ကြောင်း ဆိုသည်။
“နှလုံးကြီးတာကတော့ မျိုးရိုးရှိပါတယ်။ ကင်ဆာကတော့ မျိုးရိုးမရှိပါဘူး။ ရင်သားကင်ဆာဖြစ်ရ တာက အစားအသောက်ကြောင့်ပဲလား မပြောတတ်ပါဘူး။ အရင်က ပေါင်မုန့်တို့၊ ထောပတ်တို့လို စားတာများတယ်။ ကော်ဖီသောက်တာများတယ်။ အပြင်စာကိုတောင် စားခဲပါတယ်။
ကုသပြီးနောက်ပိုင်းမှာ သက်သတ်လွတ်ပဲ စားဖြစ်ပါတယ်။ ပေါင်မုန့်ဆိုလည်း ကင်ပြီး ဘာထောပတ်မှ မသုတ်တော့ဘဲ စားတယ်၊ ကော်ဖီဆို မသောက်တော့ပါဘူး။ နို့တော့ သောက်ပါတယ်။ အသက်နည်းနည်း ကြီးလာတော့ ကိုယ်ခံအားကောင်းအောင် ပဲကိုပဲ များများစားပါတယ်။ တရားပဲ ထိုင်ဖြစ်တယ်။ တရားရိပ်သာမှာ နေတဲ့အချိန်က ပိုများပါတယ်။

တရားရဲ့ တန်ခိုးလို့ပဲ ပြောရမှာပါ။ ရင်သားကင်ဆာကုသပြီးနောက်ပိုင်း အန်တီ့ပုံစံက လူမမာရုပ်တောင် မပေါက်ပါဘူး။ မျက်နှာကလည်း ကြည်နေပြီး စိုစိုပြည်ပြည်ရှိနေပါတယ်။ တရားထိုင်နေတော့ အသက်ရှူလို့ဝလာပြီး နှလုံးကြီးတာက စက်ထည့်ရမယ့် အခြေအနေကနေတောင် စက်ထည့်စရာ မလို တော့တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်” ဟု ဒေါ်ယုယုက ဆိုသည်။
ရင်သားကင်ဆာပျောက်ပြီး ငါးနှစ်အကြာတွင် ဘယ်ဘက် နို့သီးခေါင်းမှ အဆီများ မထွက်နိုင်ဘဲ အဆီလုံးလေး များတွေ့ရသဖြင့် ဘယ်ဘက်ရင်သား တစ်ခုလုံးကို ခွဲထုတ်ပစ်ခဲ့ကြောင်း ဒေါ်ယုယုက ဆို သည်။

“နောက်ဆုံး ရင်သားတစ်ခုလုံး ခွဲထုတ်ပြီးချိန်မှာလည်း ဘာကင်ဆာဆဲလ်မှ မတွေ့ရပါဘူး။ ဆရာပေးတဲ့ သဘာဝဆေးလေးတွေပဲ သောက်နေပါတယ်” ဟုဒေါ်ယုယုက ဆိုသည်။
ကင်ဆာဖြစ်ပြီး ပြန်ဖြစ်သူအချို့ထံမှ ကြားသိရသည့် အတွေ့အကြုံအရ အသားစားခြင်းနှင့် အချိုများ၊ အဆီအအိမ့်များစားခြင်းတို့က ကင်ဆာကို ပြန်ဖြစ်စေနိုင်ကြောင်း ဒေါ်ယုယုက ဆိုသည်။

“ရင်သားကင်ဆာဖြစ်ပြီး တချို့ဆို နိုင်ငံခြားတွေ ဘာတွေသွားခွဲကြတယ်။ ပြီးရင် ပြန်ဖြစ်ကြတယ်။ သူတို့တွေကိုတွေ့တိုင်း အန်တီဘယ်လိုအကြံပေးဖြစ်လဲဆိုတော့ အသားတွေမစားနဲ့၊ အသားတွေက ကင်ဆာကို အားပေးတယ်၊ သက်သတ်လွတ်စားပါ . . အသီးအရွက်၊ အသီးအနှံကပဲ အန္တရာယ်ကင်းတယ်လေ . . ပဲများများ စားခိုင်းပါတယ်။နို့သောက်ရင်တောင် မလိုင်မသောက်နဲ့လို့ ဆရာကြီးဦးဦးကျော်က မှာထားတာ၊ အန်တီလည်း အဲဒီအတိုင်း လိုက်နာတယ်။ တခြားသူတွေကိုလည်း အဲဒီလိုပြောချင်ပါတယ်”ဟု ယခုအခါ အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် အန်တီဒေါ်ယုယုက ကင်ဆာဖြစ်မှာ စိုးကြောက်သူများနှင့် ကင်ဆာပြန်ဖြစ်မှာ စိုးရိမ်နေသူများကို အကြံပြုစကားပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top