Healthy Life Ad
Life Style

သိုင်းရွိုက်ကင်ဆာ

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

အရင်အပတ်က လည်ပင်းကြီးတဲ့ အကြောင်းရေးပြီး ဒီတစ်ပတ်မှာတော့ သိုင်းရွိုက်ကင်ဆာအ ကြောင်းရေးပါမယ်။ ခန္ဓာကိုယ်နေရာတိုင်းလိုလို ကင်ဆာဖြစ်နိုင်တာမို့ သိုင်းရွိုက်မှာလည်း ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံး သိုင်းရွိုက်ကင်ဆာက Papillary Carcinoma ဖြစ်ပြီး ဒုတိယလိုက်တာကFollicular Carcinoma ပါ။ တခြားအမျိုးအစားတွေ ရှိသေးပေမယ့် သူတို့ကတော့ အဖြစ်များတာပေါ့။ စိတ်မကောင်းစရာက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှစ်ဆကနေလေးဆအထိ ဖြစ်နှုန်းပိုများတယ်တဲ့လေ။ တစ်ခုရှိတာက လည်ပင်းကြီးတာချင်း အတူတူ အမျိုးသားတွေမှာ လည်ပင်းကြီးရင် ကင်ဆာဖြစ်နိုင်ခြေပိုများသတဲ့။ ဒါကြောင့်လည်း လည်ပင်းကြီးတဲ့ အမျိုးသားလူနာတွေကို ဦးစားပေးပြီး စောစောခွဲပေးရပါတယ်။

Papillary Thyroid Carcinoma
အဖြစ်များဆုံးပါ။ သိုင်းရွိုက်မှာ ဖြစ်တဲ့ အနာဆိုး (Malignant Tumour)တွေရဲ့ ၆၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်က သူ့ကြောင့်တဲ့။ အများစုက အသက် ၃၀-၄၀လောက်မှာ တွေ့ရပါတယ်။ ကလေးတွေမှာ ဖြစ်ရင် သိပ်မဆိုးဘူးလို့ ဆိုတယ်။

သူတို့တွေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း လောက်မှာ မိသားစုဝင်တစ်ဦးဦးမှာ သိုင်းရွိုက်ကင်ဆာဖြစ်ဖူးတာ တွေ့ရတယ်။ အိုင်အိုဒင်း မချို့တဲ့တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေကတော့-
(၁) လည်ပင်းမှာ အလုံးပေါ်မယ်၊ တခြားဘာပြဿနာမှ မရှိဘူး။ သိုင်းရွိုက်ကြီးလာတာမို့ လည် ပင်းရှေ့ဘက်မှာ ပေါ်တယ်။
(၂) ပြန်ရည်ဂလင်း (Neck Glands)တွေကို ပျံ့နှံ့သွားတဲ့အခါ လည်ပင်းဘေးဘက်မှာ အကျိတ်တွေပေါ်တယ်။
(၃) သိုင်းရွိုက်ဂလင်းက ကျော်ပြီး ဘေးကို ပျံ့နှံ့ရင် အသံကြိုးနဲ့ ဆိုင်တဲ့ အာရုံကြောကို ထိခိုက်ရင် အသံပြောင်းတာနဲ့ လာတတ်ပါတယ်။
(၄) အဆုတ်နဲ့ အရိုးကိုလည်း ပျံ့နိုင်ပါတယ်။

တစ်ခါတလေကျရင်သိုင်းရွိုက်မကြီးဘဲ အဆုတ်နဲ့အရိုးကို ပျံ့နှံ့နေတာပဲ တွေ့ရတယ်။
ဒီရောဂါဖြစ်နေပြီလို့ ပြောနိုင်ဖို့ ရောဂါရာဇဝင် ကို သေသေချာချာ မေးရပါမယ်။ လည်ပင်းကို အာ ထရာဆောင်းရိုက်ပြီး သိုင်းရွိုက်ရော ပြန်ရည်ကျိတ် တွေရောကြည့်ရပါတယ်။ ဟော်မုန်းစစ်ကြည့်ရင် အ များစုက များလည်းမများ၊ နည်းလည်းမနည်းဘဲ ပုံမှန်ဖြစ်တတ်ပေမယ့် ဟော်မုန်းများတာလည်း တွေ့ရ နိုင်ပါတယ်။ အဆုတ်ကို ပျံ့နေရင် ရင်ဘတ်ဓာတ်မှန်မှာ တွေ့ရပါတယ်။ ရောဂါအတိမ်အနက်သိရအောင်CTတို့၊ MRIတို့နဲ့ ရှာဖွေနိုင်ပါတယ်။

အဓိက ကုသနည်းကတော့ ခွဲစိတ်ပြီး ရောဂါဖြစ်နေတဲ့ အပိုင်းကို ထုတ်ပစ်တာပါပဲ။ ဒါကြောင့် ခွဲ ထုတ်ပစ်ရတဲ့အတိုင်းအတာက ရောဂါဖြစ်တဲ့အတိုင်းအတာပေါ် မူတည်ပါတယ်။ သိုင်းရွိုက်ပဲကြီးတာလား၊ ပြန်ရည်ကျိတ်တွေရော ကြီးလား၊ သိုင်းရွိုက်က တစ်ဖက်ပဲ ကြီးတာလား၊ နှစ်ဖက်ကြီးတာလား . . ဒါ တွေပေါ်မူတည်ပြီး ခွဲစိတ်ရပါတယ်။ ခွဲစိတ်ပြီးတော့ Follow Up ဆက်ကြည့်ရပါတယ်။

Follicular Carcinoma
၁၀ ရာခိုင်နှုန်းက ၁၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အသက် ၅၀လောက်မှ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေ ဖြစ်တာထက် သုံးဆလောက် ပိုတယ်လို့ ဆိုပါတယ်။

လည်ပင်းမှာ အလုံးပေါ်လာတယ်ဆိုပြီး လာလေ့ ရှိပါတယ်။ သူက သွေးကနေ ပျံ့နှံ့တာများတယ်။Papillary Carcinoma လောက် ပြန်ရည်ကျိတ်ကြီးတာမတွေ့ရပါဘူး။
အဓိကခွဲစိတ်ကုသပါတယ်။ ရောဂါစဖြစ်တဲ့ အချိန်က နောက်ကျမယ် (အသက် ၅၀ကျော်)။ သိုင်းရွိုက်အလုံးက လေးစင်တီမီတာထက် ကျော်မယ်။ အဆုတ်ကိုလည်း ပြန့်နေပြီဆိုရင် အလားအလာ မကောင်းပါဘူး။ သိုင်းရွိုက်ကင်ဆာဟာ တခြားကင်ဆာတွေနဲ့စာရင်သိပ်မဆိုးပါဘူး။ စောစောစီးစီးသိပြီး ကုသမှုခံယူရလို့ အကြာကြီးနေရတဲ့သူတွေ အများကြီးပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top