Healthy Life Ad
Life Style

လည်ပင်းကြီးခြင်း

ပါမောက္ခဒေါ်ခင်လှလှ(နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါ ပညာဌာန၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်)

ဒီနေ့ သောကြာနေ့ဆိုတော့ ပြင်ပလူနာကုဌာန (OPD)မှာ လူနာတွေ ကြည့်ရတယ်။ လူနာတွေက များသလား မမေးနဲ့။ တစ်နေ့ကို သုံးရာကျော်တယ်။ ပြည်သူ့ဆေးရုံကို အားကိုးတော့ ကောင်းတာပေါ့နော်။ လူနာအမျိုးမျိုး လာပြတဲ့အထဲမှာ တော်တော်များများကတော့ လည်ပင်းကြီးလူနာတွေပေါ့။ အခုခေတ်မှာ လည်ပင်းသိပ်မကြီးခင် လာပြကြပေမယ့် တချို့ကတော့ ကြောက်လို့ရယ်၊ ပိုက်ဆံကုန်မှာစိုးလို့ရယ်၊ နောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၂၀-၂၅ကြာမှ ပြကြတာတွေလည်း ရှိပါတယ်။ဒီတစ်ပတ်မှာတော့ ပရိသတ်အတော်များများက သိချင်လို့ မေးနေကြတဲ့ လည်ပင်းကြီးရောဂါအကြောင်း ရေးပေးပါရစေ။

လည်ပင်းကြီးရောဂါဟာသိုင်းရွိုက်ဆိုတဲ့ ဟော်မုန်းထုတ်တဲ့ ဂလင်းကြီးလာလို့ လည်ပင်းကြီးတာ ဖြစ်ပါတယ်။ ရိုးရိုးလည်းဖြစ်နိုင်သလို ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရိုးရိုးဖြစ်တာ ပိုများပေမယ့် ကင်ဆာဟုတ်၊ မဟုတ် တိတိကျကျပြောဖို့ အသားစအဖြေလိုပါတယ်။

အဆိပ်တက်ပြီး လည်ပင်းကြီးတာလား၊ ရိုးရိုးကြီးတာလား
နောက်တစ်ခါ ရပ်ကွက်ထဲမှာ ပြောနေကြတဲ့ အဆိပ်တက်ပြီး လည်ပင်းကြီးတာလား၊ ရိုးရိုးကြီးတာလား ဆိုတာကိုလည်း ပြောပြချင်ပါသေးတယ်။ အဆိပ်ဆိုတာ အလွယ်ပြောလိုက်ကြတာပါ။ ဟော်မုန်းအ ထွက်များတာကို အဆိပ်ထွက်တယ်၊ အဆိပ်တက်တယ်ရယ်လို့ ပြောလိုက်ကြတာပါ။ ဟော်မုန်း ပုံမှန် ထွက်တာကိုတော့ အဆိပ်မထွက်ဘူးပေါ့။

ဟော်မုန်းဆိုရာမှာလည်း T3 နဲ့ T4 ဆိုပြီး ရှိပါတယ်။ သူတို့ထွက်အောင် လှုံ့ဆော်ပေးတဲ့ ဟော်မုန်း ရှိသေးတယ်။ လှုံ့ဆော်တာကို Stimulate လို့ဆိုတာမို့ သူ့ကို Thyroid Stimulating Hormone (TSH) လို့ခေါ်ပါတယ်။ ဒါတွေရေးပြနေရတာက လည်ပင်းကြီးတဲ့ လူနာလာရင် အဲဒီဟော်မုန်းတွေ စစ်တာမို့ ဗဟုသုတရအောင်ရေးပေးတာပါ။ ဟော်မုန်းထွက်တာကို အဆင့်ဆင့်ကွပ်ကဲတာမို့ TSH ကို ကွပ်ကဲတဲ့ ဟော်မုန်းက ရှိသေးတယ်။ အဲဒါကိုတော့ သိပ်မစစ်ကြပါဘူး။

လွယ်အောင်ပြောရရင် T3 နဲ့ T4 များနေပြီး TSH နည်းနေတဲ့သူတွေကို အဆိပ်တက်လည်ပင်းကြီး (Hyperthyroidism)လို့ ခေါ်ပါတယ်။
T3 နဲ့ T4 နည်းပြီး TSH များနေရင် Hypothyroidism လို့ ခေါ်ပါတယ်။ တခြားအခြေအနေတွေရှိ နိုင်သေးပေမယ့် ရှုပ်မှာစိုးလို့ ရှင်းရှင်းပဲ ရေးပါမယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်း၏ လက္ခဏာများ
ပြန်ကောက်ရရင် ဟော်မုန်းများတဲ့ Hyperthyroidism သမားတွေက အပူဒဏ် မခံနိုင်ဘူး၊ ရင်တုန်တယ်၊ လက်ကို ကိုင်ကြည့်ရင် ပူနွေးနေပြီး ချွေးထွက်နေတတ်တယ်။ အဲဒီလို ဖြစ်စေနိုင်တာတွေထဲ မှာ Graves ရောဂါဆိုတာ ပါတယ်။ လည်ပင်းကြီးပြီး မျက်လုံးလည်း ပြူးတဲ့လူနာတွေပေါ့။ လည်ပင်းနှစ်ဖက်ကြီးတဲ့ Multimodular Goiter ဖြစ်တာကြာတဲ့ လူနာတွေမှာလည်း တစ်ခါတလေ ဟော်မုန်းအထွက် များတတ်ပါတယ်။ အဲဒီလို လူနာမျိုးကျတော့ နှလုံးကို ထိခိုက်တတ်တယ်။

သိုင်းရွိုက်ဟော်မုန်းအထွက်နည်းသူများ
ဟော်မုန်းအထွက်နည်းတဲ့ လူနာတွေကတော့ သိုင်းရွိုက်ဂလင်း ခွဲစိတ်ထားတဲ့ လူနာ (အထူးသဖြင့် ဂလင်းအားလုံးထုတ်တဲ့ လူနာ)တွေမှာ တွေ့ရနိုင်တယ်။ အိုင်အိုဒင်းနည်းတဲ့သူတွေမှာလည်း တွေ့ရတယ်။ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ဖို့ အိုင်အိုဒင်းက ကုန်ကြမ်းပစ္စည်းဖြစ်တာမို့ ကုန်ကြမ်းမရှိရင် ကုန်ချောမထွက်ဘဲ သိုင်းရွိုက်ဟော်မုန်းတွေ နည်းကုန်တာပေါ့။

နောက်တစ်မျိုးကတော့ ဟာရှီမိုတိုရောဂါ (Hashimoto Disease) ဖြစ်တယ်။ သူ့မှာလည်း ဟော်မုန်းထုတ်တာနည်းတယ်။ Graves ရောဂါအတွက် ရေဒီယို ဓာတ်ကြွအိုင်အိုဒင်း (Radioactive Iodine) နဲ့ ကုသထားတဲ့ သူတွေလည်း ဖြစ်နိုင်တယ်။ လင်ဖိုးမားရောဂါနဲ့ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာတွေအတွက် လည်ပင်းကို ဓာတ်ကင်ထားတဲ့သူတွေမှာလည်း တွေ့နိုင်ပါတယ်။
တချို့ဆေးဝါးတွေကလည်း ဟော်မုန်းနည်းစေပါတယ်။ ဥပမာသိုင်းရွိုက်ဟော်မုန်းနည်းစေတဲ့ ဆေးတွေ၊ Amiodarone စတဲ့ ဆေးတွေ ဖြစ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၏ လက္ခဏာများ
သိုင်းရွိုက်ဟော်မုန်းနည်းတဲ့သူတွေ ခံစားရတဲ့ လက္ခဏာတွေကတော့ ဟော်မုန်းများတဲ့သူတွေနဲ့ ပြောင်းပြန်ပေါ့။ မောပန်းလွယ်တယ်၊ မလှုပ်ချင်မရှားချင်ဖြစ်တယ်၊ အအေးကို မခံနိုင်ဘူး၊ အရေပြား ခြောက်ကပ်ကြမ်းတမ်းတယ်၊ ဆံပင်ပါးတယ်၊ အသံပြောင်းတယ်၊ အာရုံမစူးစိုက်နိုင်ဘူး၊ ကိုယ်အလေးချိန် တက်တယ်၊ ရာသီတအားလာပြီး နည်းသွားတတ်တယ်၊ တစ်ခါတလေ ရာသီပန်း လုံးဝမပွင့်တော့ဘူး၊ ဝမ်းချုပ်တာအပြင် အကြားအာရုံလည်း လျော့နည်းလာတတ်တယ်တဲ့။
စမ်းသပ်ကြည့်တဲ့အခါ အသားအရေကြမ်းတမ်းခြောက်သွေ့တာကို တွေ့ရပါတယ်။ မျက်နှာကလည်း အန်းတမ်းတမ်းဖြစ်နေတတ်ပါတယ်။ ဆံပင်ပါးမယ်၊ နှလုံးခုန်နှေးနေတာကို တွေ့ရပါတယ်။

ကုသမှု
ကုသတာကတော့ သိုင်းရွိုက်ဟော်မုန်းနည်း နေတာကို အပြင်က ဖြည့်စားပေးတာပါပဲ။ အော် . . ကလေးတွေမှာလည်း ဖြစ်နိုင်သေးတယ်နော်။ ဟော်မုန်းနည်းတဲ့ မိခင်တွေက မွေးတဲ့ ကလေးတွေမှာ ဟော်မုန်းနည်းတဲ့ လက္ခဏာတွေကို လသားအရွယ်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရွယ်တူကလေးတွေလို မကြီးထွားဘဲ ဉာဏ်ရည်မမီတာ တို့၊ အကြားအာရုံလျော့နည်းတာတို့ တွေ့ရတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဟော်မုန်းနည်းမနေအောင် ဂရုစိုက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top