Healthy Life Ad
Child

ကလေး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေအောင် ဘယ်လိုပြုစုပျိုးထောင်ပေးကြမလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးပြုစုပျိုးထောင်တဲ့အခါမှာ သင်က သင့်ကလေးကို ချစ်မြတ်နိုးတယ်ဆိုတာ သိသာစေ မယ့် နည်းတွေနဲ့ ပြုစုပျိုးထောင်ပေးသင့်ပါတယ်။ ဒါက “ကလေးကို ချစ်ရင် သူအိပ်ပျော်နေချိန်ကျမှ နမ်းပါ”ဆိုတဲ့ စကားနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေ ပါလိမ့်မယ်။ ကလေးဟာ အချစ်ခံရတာကြောင့် သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။

(၁) သင့်ကလေးကို အချိန်ပေးပါ
နေ့လယ်စာအတူစားတာ၊ အားလပ်ချိန်မှာ လမ်းအတူလျှောက်တာ၊ သူနဲ့အတူ ကစားတာတွေကို လုပ်ပေးသင့်ပါတယ်။

(၂) ချီးကျူးစကား ဆိုပါ
ကလေးရဲ့ကောင်းတဲ့ အားထုတ်မှုတွေကို တွေ့တိုင်းချီးကျူးစကားဆိုပါ။ ကလေးက ကစားပွဲ မှာအနိုင်ရတယ်ဆိုရင် လက်ခုပ် လက်ဝါးတီးပြီး အားပေးပါ။

(၃) အားပေးပါ
နေ့စဉ် အောင်မြင်မှုအသေးအမွှားတိုင်းကို အားပေးပါ။ ဧည့်သည်လာလို့ ယဉ်ယဉ်ကျေးကျေး ဧည့်ဝတ်ပြုတာ၊ သွားမှန်မှန်တိုက်တာ၊ ကစားစရာတွေကို နေရာတကျ သိမ်းဆည်းတာတွေအတွက် ချီးကျူးစကားဆိုပါ။

(၄) အကောင်းမြင်စိတ် သွင်းပေးပါ
ကလေးကို အကောင်းမြင်တတ်အောင် သင်ပေးပါ။ တခြားအိမ်သားတွေရဲ့ အပြစ်တွေကို ကလေးရှေ့မှာ ပြစ်တင်ရှုံ့ချတာမျိုး လုပ်မပြပါနဲ့။

(၅) ညအိပ်ရာမဝင်မီ ပုံပြင်ဖတ်ပြပါ
ညအိပ်ရာဝင်တဲ့အခါ ပင်ပန်းနေရင်တောင် ကလေးကို စာတစ်ပုဒ်တော့ ဖတ်ပြသင့်ပါတယ်။ သူတို့ ဘာသာဖတ်နိုင်တဲ့ ကလေးကြီးတွေကိုလည်း ပုံပြင်တွေပြောပြဖို့မမေ့ပါနဲ့။ သူတို့ဘဝရဲ့အမှတ်ရစရာ ညချမ်းလေးတွေ ဖြစ်နေမှာပါ။

(၆) ဆုံးဖြတ်ခွင့် ပေးပါ
သင့်ကလေးကို သူ့ဘာသာ အဝတ်အစား ရွေးခွင့်ပေးပါ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို လေးစားကြောင်း ပြသရာရောက်ပါတယ်။

(၇) တီထွင်ဖန်တီးပါ
ကလေးနဲ့အတူ အရုပ်တွေ ဖန်တီးတာ၊ အရုပ်တွေ ဆွဲတာတွေ လုပ်ပါ။ ကလေးကိုလည်း သူ့ဘာ သာလုပ်ခိုင်းပါ။ ကလေးရဲ့တီထွင်ဖန်တီးချင်တဲ့ စိတ်ကို အားပေးရာ ရောက်ပါတယ်။

(၈) သေချာနားထောင်ပါ
ကလေး စကားပြောတဲ့အခါမှာ လုပ်လက်စအလုပ်ကို ခဏရပ်ပြီး သေချာ နားထောင်ပါ။ သေချာ ပြန်ဖြေပါ။

(၉) အတူ ညစာစားပါ
အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ်တော့ သင့်ကလေးနဲ့ အတူ ညစာစားပါ။ တစ်ပတ်တာအတွင်း မိသားစုရဲ့ တိုးတက်မှုတွေကို မျှဝေပါ။

(၁၀) ကလေးကို ချစ်ကြောင်း ပြသပါ
သင့်ကလေးရဲ့ ကျောပိုးအိတ်ထဲမှာ ဖြစ်ဖြစ်၊ အိပ်ရာဘေးမှာဖြစ်ဖြစ် ကလေးကို ချစ်တဲ့အကြောင်း ကဗျာလေးတွေ၊ စာလေးတွေ ရေးသားပြီး သူမသိအောင် ထည့်ထားပါ။

(၁၁) ဝမ်းသာအားရ လက်ခံပါ
သင့်ကလေးက သင့်ကို ပေးတဲ့ လက်ဆောင် တိုင်းကို အားရဝမ်းသာယူပါ။ သဘောကျနှစ်ခြိုက်ကြောင်း ပြောပေးပါ။

(၁၂) သင်ပေးပါ
သင့်ကလေးကအမှားလုပ်တဲ့အခါ “ဘာတွေ လျှောက်လုပ်ပစ်တာလဲ”ဆိုပြီး အော်မယ့်အစား ” ဒီလိုနည်းလမ်းနဲ့ လုပ်ရတယ်”ဆိုပြီး သင်ပြ ပေးပါ။

(၁၃) ချစ်ခြင်းမေတ္တာ တည်ဆောက်ပါ
မနေ့က ဖြစ်ခဲ့တာမှန်သမျှ မေ့ပစ်လိုက်ပါ။ ဒီနေ့ကို နေ့သစ်တစ်ရက်အဖြစ် စတင်ပါ။ သင့်ကလေးနဲ့ပိုကောင်းတဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်နိုင်ဖို့ အခွင့်အရေးကောင်းက ဒီနေ့မှာပဲ ရှိနေတာပါ။

(၁၄) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
ကလေးနဲ့အတူ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးပါ။ စိတ်ရောကိုယ်ပါလန်းဆန်းကျန်းမာမှသာ သင့်ကလေးဟာ ယုံကြည်မှုအပြည့်ရှိနေမှာပါ။

(၁၅) ပွေ့ဖက်နမ်းရှုံ့ပါ
သင့်ကလေးကို ပွေ့ဖက်တာ၊ နမ်းတာတွေ လုပ်ဆောင်ပြီး ချစ်တယ်ဆိုတဲ့ စကားတွေကို ပြောပြပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top