Healthy Life Ad
Life Style

စိတ်မော လူမော ရောဂါ (၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေဟာ တခြားရောဂါတစ်ခုခုအသွင် ဖြစ်လာတာကို စိတ်နှင့်ခန္ဓာဆက်စပ်သောရောဂါ (Psychosomatic Disorder)လို့ခေါ်ဆိုပါတယ်။ တချို့ကလည်း ခန္ဓာကိုယ်ဝေဒနာခံစားမှု လွန်ကဲတဲ့ရောဂါ Somatic symptoeqqm disorder (SSD)လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

(၁) ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခု ခံစားရတဲ့အခါ စိတ်ဓာတ်ကျတာ၊ စိုးရိမ်တာစတဲ့ တုန့်ပြန်မှု (Reaction) တွေဟာ တစ်ဦးနဲ့တစ်ဦး မတူညီပါဘူး။ တချို့ကတော့ ရှိသင့်တာထက် လွန်ကဲနေတာတွေကြောင့် စိတ်ကျရောဂါ (depression) ထပ်ပြီး ဝင်လာတတ်ပါတယ်။ ရောဂါကြောင့် စိတ်ဝေဒနာ ဖြစ်လာတာ ဖြစ်ပါတယ်။

(၂) တချို့ကလည်း အလိုလို စိုးရိမ်စိတ်၊ ပူပင်စိတ်တွေ လွန်ကဲလွန်းပြီး ခန္ဓာကိုယ်မှာ ရောဂါဘာမှ ကြီးကြီးမားမား မရှိဘဲ ဝေဒနာတွေ ပိုဖြစ်လာတတ်ပါတယ်။ စိုးရိမ်စိတ်တွေကြောင့် ရောဂါအသစ်တွေ တစ်ကိုယ်လုံးမှာ ပေါ်ပေါက်လာသလို ဖြစ်တတ်ပါတယ်။ မိမိရဲ့ နေ့စဉ်နေထိုင်မှုဘဝကိုတောင် ထိခိုက်လာပြီး အလုပ်ပျက် အကိုင်ပျက်တွေ ဖြစ်လာတတ်ပါတယ်။ စိတ်ကြောင့် ရောဂါဖြစ်လာတာ ဖြစ်ပါတယ်။

ဒီလိုနှစ်ဖက်အသွားအပြန်ရှိပေမယ့် တကယ်တမ်းစိတ်နဲ့ ခန္ဓာဆက်စပ်တဲ့ ရောဂါ (Psychosomatic Disorder)ဆိုတာ စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ခံစားမှု လွန်ကဲတဲ့ရောဂါတွေကိုပဲ အဓိက ဆိုလိုကြပါတယ်။

ဒီလိုရောဂါတွေဟာ ခဏတာဖြစ်တဲ့ ရောဂါမျိုး မဟုတ်ဘဲ နှစ်ပေါင်းများစွာ နေ့စဉ်နဲ့အမျှ ခံစားနေရတဲ့၊ အမည်သတ်မှတ်ရတာ ခက်ခဲတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ လူနာက ဟန်ဆောင်နေတာတော့လည်း မဟုတ်ပါဘူး။ ဝေဒနာက မပျောက်နိုင်လို့ စိုးရိမ်စိတ်တွေ ပိုပြီးဖြစ်လာတယ်၊ စိုးရိမ်စိတ်ကြောင့် ဝေဒနာပိုကြီးလာတယ်။ လူနာက ရောဂါကြီးတစ်ခုခုရှိမယ် လို့ထင်ပြီး အထူးကုမျိုးစုံနဲ့ ရောဂါတွေ လိုက်ရှာဖွေ နေတတ်ကြပါတယ်။ ရောဂါရှာမတွေ့ရင် နောက်ဆရာဝန်နဲ့ပြောင်းပြီး လိုက်ပြမယ်၊ ဘာမှမဖြစ်ဘူး။ စစ် ချက်တွေ အားလုံးကောင်းပါတယ်လို့ ပြောလိုက်ရုံနဲ့ မပြေလည်နိုင်ပါဘူး။ ကိုယ်တွေ့အရ ပြောမယ်ဆိုရင် လူနာတွေဟာ ဆရာဝန်ပြထားတဲ့ မှတ်တမ်းစာအုပ် ငါးအုပ်ထက် ကျော်ရင်တော့ ဒီလိုရောဂါတွေပဲ ဖြစ်နေတတ်ပါတယ်။

ဒီလိုရောဂါတွေဟာ ခဏတာဖြစ်တဲ့ ရောဂါမျိုး မဟုတ်ဘဲ နှစ်ပေါင်းများစွာ နေ့စဉ်နဲ့အမျှ ခံစားနေရတဲ့၊ အမည် သတ်မှတ်ရတာ ခက်ခဲတဲ့ရောဂါတွေဖြစ်ပါတယ်။ လူနာက ဟန်ဆောင်နေတာတော့လည်း မဟုတ်ပါဘူး။ ဝေဒနာက မပျောက်နိုင်လို့ စိုးရိမ်စိတ်တွေ ပိုပြီးဖြစ်လာတယ်၊ စိုးရိမ်စိတ်ကြောင့် ဝေဒနာပိုကြီးလာတယ်။ လူနာက ရောဂါကြီး တစ်ခုခုရှိမယ်လို့ထင်ပြီး အထူးကုမျိုးစုံနဲ့ ရောဂါတွေ လိုက်ရှာဖွေနေတတ်ကြပါတယ်။ ရောဂါရှာမတွေ့ရင် . . .

ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်သလဲဆိုရင် အသက် ၃၀ အောက်၊ အမျိုးသမီးတွေ၊ ဘဝမှာ စိတ် ဒါမှမဟုတ် ခန္ဓာကိုယ်ကို ညှင်းပန်းနှိပ်စက်ခံရဖူးသူတွေမှာ ပိုဖြစ်တတ်ကြောင်း ဖော်ပြထားပါတယ်။ အထူးသဖြင့် ငယ်ရွယ်နုနယ်စဉ်ကာလက ဒီအဖြစ်ဆိုးတွေတွေ့ကြုံခံစားခဲ့ရသူတွေမှာ ဖြစ်တတ်ပါတယ်။ ဥပမာ- မိခင်နှိပ်စက်တာ ခံစားခဲ့ရတဲ့ ဖခင်မရှိဘဲ မွေးလာတဲ့ ကလေးငယ်တွေ၊ အဓမ္မလိင်ဆက်ဆံခံရဖူးသူတွေမှာ ဒီလိုဝေဒနာအဖြစ်များကြောင်း ဖတ်ရှုလေ့လာရပါတယ်။ ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့်အရာရာကို အဆိုးမြင်စိတ် အမြဲရှိသူတွေ၊ စိတ် ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ ခံစားလွယ်တာ၊ မျိုးရိုး ဒါမှမဟုတ် ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်မျိုးရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ SSD ဆိုတဲ့စိတ်ကြောင့် ခံစားမှုပြင်းထန်တဲ့ရောဂါဟာ Anxiety disorder လို့ခေါ်တဲ့ စိုးရိမ်မှု လွန်ကဲတဲ့ရောဂါနဲ့ဆင် ပေမယ့် စိုးရိမ်စိတ်လွန်ကဲ ရောဂါတွေက မိမိမှာ ရောဂါကြီးတစ်ခုခုဖြစ်တော့မယ် ဒါမှမဟုတ် ဖြစ်နေပြီလို့ ယုံကြည်ပြီး စိုးရိမ်မှုတွေများတာကြောင့် ဆေးခန်းများစွာ လှည့်ပတ်ပြသနေတာဖြစ်ပြီး ဝေဒနာ ခံစားမှု ပြင်းပြင်းထန်ထန် မရှိတတ်ပါဘူး။

SSD ရောဂါတွေမှာ (၁)နာကျင်တာ၊ (၂) အားမရှိတာ၊ (၃) အသက်ရှူမဝတာ၊ မောဟိုက်တာစတဲ့ ဝေဒနာတွေကို အများဆုံး ခံစားရတာ တွေ့ရတတ်ပါတယ်။ ဝေဒနာတွေက သာမန်လောက် သိပ်မဆိုးတာ ရှိတတ်သလို တချို့တွေမှာ အလွန့်အလွန် ဆိုးတတ်ပါတယ်။ ညညမှာ အိပ်မပျော်ရလောက်အောင် ခံစားနေရတတ်ပါတယ်။ ဝေဒနာတစ်မျိုးတည်း ခံစားရတတ်သလို ဝေဒနာအမျိုးမျိုး တစ်လှည့်စီ ဒါမှမဟုတ် တစ်ချိန်တည်းမှာ တစ်ခုထက်မကလည်း ရှိတတ်ပါတယ်။ ပျောက်လိုက်၊ ပြန်ပေါ်လိုက်လည်း အကြာကြီး ဖြစ်တတ်ပါတယ်။

ဒီလိုရောဂါကို တခြားအမည်တွေ မျိုးစုံပေးထားတာရှိပါတယ်။ Somatization disorder, Somtiform disorder, Briquet syndrome, illness anxiety disorder စသဖြင့် အခေါ်အဝေါ်ကွဲ ပြားပေမယ့် အခြေခံကတော့ ဆင်တူပါတယ်။

ဒီလိုရောဂါမျိုး ခံစားရသူတွေဟာ မကုသဘဲ ထားရင် အောက်ပါ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘဝမှာလုပ်ဆောင်မှု ဟူသမျှ အဆင်မပြေတာတွေတွေ့လာနိုင်တယ်။ ပြီးတော့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဘက် တွေနဲ့ဆက်ဆံရာမှာ ပြဿနာတွေ ပေါ်ပေါက်တတ်ပါတယ်။ ကျန်းမာရေးလည်း တကယ်ချို့တဲ့လာနိုင်တယ်။ စိတ်ဓာတ်ကျဝေဒနာတွေ ပေါ်ပေါက်လာတတ်ပြီး တချို့မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့အလားအလာတွေ ရှိတတ်ပါတယ်။ ဆရာဝန်တွေ၊ အထူးကုတွေလိုက်လံပြသရင်း ရောဂါရှာဖွေရင်း ငွေကုန်ခမ်းမယ့် ပြဿနာတွေရှိလာတတ်ပါတယ်။

ဒီလိုရောဂါမျိုးခံစားနေရသူတွေကိုဘယ်လိုကုရမလဲ…
ရောဂါရဲ့ ဖြစ်စဉ်ကို အချိန်ပေးပြီး အစအဆုံး နားထောင်ပေးဖို့ လိုပါတယ်။ ဘယ်ဆရာဆီမှာ ဘာတွေ စစ်ကြည့်ပြီးပြီလဲ၊ ဘာဆေးတွေသောက်ခဲ့ပြီးပြီလဲ၊ ဘယ်ဆေးသောက်ရင် ဝေဒနာတွေ ပိုသက်သာသလဲ၊ ဘာတွေကြောင့်ပြန်ဖြစ်တာလဲ . . စသဖြင့် စိတ်ရှည်ရှည်နဲ့ မေးဖို့လိုပါတယ်။ ရောဂါရာဇဝင်သိရတဲ့အပြင် လူနာက မိမိရဲ့ခံစားချက်တွေကို ဆရာဝန်ကနားလည်တယ်၊ မျှဝေခံစားနေတယ်လို့ ခံယူပြီး ရောဂါတစ်စိတ်တစ်ဒေသ သက်သာရာရသွားစေပါတယ်။ အရင်ပြထားတဲ့ ဆရာဝန်တွေရဲ့ ဆေးမှတ် တမ်းတွေကိုကြည့်ခြင်းအားဖြင့် စစ်ဆေးပြီးသား စစ်ချက်တွေကို ပြန်လည်မစစ်ရလို့ ကုန်ကျစရိတ် သက်သာစေပါတယ်။ ဒါပေမဲ့ လူနာအနေနဲ့ အရင်စစ်ချက် အပေါ်မှာ မှန်ကန်မှုရှိ၊ မရှိ သံသယဝင်နေရင်တောင် အရေးကြီးတာ နည်းနည်းတော့စစ်ပေးသင့်ပါတယ်။ စစ်ဆေးရာမှာ ဒီလို စိတ်မော လူမောရောဂါတွေကို တခြားတကယ်ဖြစ်ခဲ့သည်ရှိသော် အရေးကြီးတဲ့ရောဂါတွေ မဟုတ်ပါဘူးလို့ သေချာအောင် စစ်ဆေးပြီးမှ သတ်မှတ်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ တကယ်လည်း မှားတာကြုံဖူးပါတယ်။

ဆရာဝန်ကြီးတစ်ဦးက သူရဲ့ အတွေ့အကြုံတစ်ခုကို မျှဝေသင်ကြားခဲ့ဖူးတာလေးကတော့ ဆရာဝန်တွေဟာ “ရောဂါအဖြေမပေါ်သေးခင် ကာလမှာ လူနာတစ်ယောက်ကိုစိတ်ကြောင့်ဖြစ်တဲ့ ရောဂါအမည်တပ်ပေးလိုက်တာကို ဘယ်သောအခါမှ မလုပ်သင့်ဘူး”ဆိုတာလေးပဲဖြစ်ပါတယ်။ ဒါက ရောဂါက စိတ်ကြောင့်လို့ ထင်မိရင် တကယ်ဖြစ်နေ တဲ့၊ ရှာလို့ခက်တဲ့ ရောဂါအဖြေကိုဆက်မရှာမိဘဲ ပေါ့နေမိတတ်လို့ ဖြစ်ပါတယ်။

ဒီဆရာဝန်ကြီးရဲ့ အတွေ့အကြုံကတော့ သူကုခဲ့ရဖူးတဲ့ အမျိုးသမီးလူနာတစ်ဦးဟာ ကျောထဲက အောင့်အောင့်နေပြီး မပျောက်နိုင်တာ ငါးလရှိနေခဲ့ပါတယ်။ ဆရာဝန်တွေ ပြောင်းပြနေရင်း ဘာမှ ရှာမတွေ့တဲ့အတွက် စိုးရိမ်စိတ်ကြောင့်၊ စိတ်ဖိစီးမှုကြောင့် သာမန်ကိုယ်လက်ကိုက်ခဲဝေဒနာနည်းနည်း ကိုအများကြီး ခံစားနေတာဖြစ်မှာပဲလို့ ယူဆကာ စိတ်ငြိမ်ဆေးပေးပြီး စောင့်ကြည့်နေခဲ့ပါတယ်။ လူနာကလည်း မသက်သာနိုင်လို့ ပြောင်းပြရင်း အခု ဆရာဝန်ကြီးထံ ရောက်လာခဲ့ပါတယ်။ လူနာက နာလို့အိပ်မပျော်တာဖြစ်ပါတယ်။ ဒါကြောင့် ကျောအောင့်တာက မုန့်ချိုအိတ်မှာ တစ်ခုခုဖြစ်တာရှိနိုင်လို့ ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်တဲ့အခါ တကယ်ပဲ မုန့်ချိုအိတ်ကင်ဆာ ရှိနေတယ်ဆိုတဲ့ အဖြေမှန်ကို တွေ့ရှိရပါတော့တယ်။

စောစောက မရှာမိလို့ မတွေ့ခဲ့ရတဲ့ အရေးကြီးရောဂါကို လွတ်သွားခဲ့ပါတယ်။ ဒါဟာ စိုးရိမ်စိတ်ကြောင့်ဖြစ်တဲ့ ရောဂါမဟုတ်ဘဲ မတွေ့ရသေးတဲ့ တကယ့်ရောဂါကြောင့် စိုးရိမ်စိတ်တွေ ပိုများလာတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရောဂါမရှိမှန်း သေချာအောင် စစ်ဆေးပြီးမှသာ စိတ်ကြောင့် ဝေဒနာတွေ ခံစားရတဲ့ ရောဂါ (Psychosomatic disease) အ မည်ကိုသတ်မှတ်ရပါမယ်။ သေချာပြီးပြီဆိုရင် ဘယ်လိုကုသရမလဲဆိုတာ ဆက်လက်ဖော်ပြပါမယ်။

– နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top