Healthy Life Ad
Life Style

အယ်လ်ဇိုင်းမားရောဂါ

ဒေါက်တာဦးဇော်စိန်လွင် (ဆေးရုံအုပ်ကြီး-ငြိမ်း၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အယ်လ်ဇိုင်းမားရောဂါအကြောင်း သိပါရစေ ဆရာ။
ဖြေ။ ။ အယ်လ်ဇိုင်းမားရောဂါက အသက် ၆၅နှစ်ကျော်ရင် အဖြစ်များပေမယ့် အသက် ၆၅ နှစ်အောက်မှာလည်း ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ သူငယ်ပြန် အတိတ်မေ့ရောဂါအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းက အယ်လ်ဇိုင်းမားရောဂါကြောင့် ဖြစ်တတ်တဲ့အတွက် အယ်လ်ဇိုင်းမားရောဂါလို့ အမည်တပ်ရတာ ဖြစ်ပါတယ်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်း စတာတွေကြောင့်လည်း သူငယ်ပြန်ရောဂါ ဖြစ်ပါတယ်။ အရက်အလွန်အကျွံသောက်ရင်လည်း ဖြစ်တတ်ပါတယ်။ ဦးခေါင်းနဲ့ ပတ်သက်တဲ့ ထိခိုက်ဒဏ်ရာရရှိ ရင်လည်း ဖြစ်တတ်ပါတယ်။ အလွယ်ဆုံးပြောရရင် ဦးနှောက်ထဲက နာ့ဗ်ဆဲလ်တွေ ချို့ယွင်းပြီး အလုပ်မလုပ်နိုင်တာပဲ ဖြစ်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါဖြစ်သွားပြီးပြီဆိုရင်လည်း ဟန့်တားနိုင်တဲ့ ဆေး၊ ထိန်းသိမ်းနိုင်တဲ့ ဆေးတွေလည်း ပေါ်လာပါပြီ။ ဆေးဝါးက ပိုမဆိုးအောင်ပဲ ကာကွယ်နိုင်ရုံပါပဲ။ အရေးကြီးဆုံးအချက်က လူနာကိုပြုစုစောင့်ရှောက်တဲ့အပိုင်းနဲ့ လူ့အသိုင်းအဝိုင်းရဲ့ နွေးထွေးကြင်နာမှုပဲဖြစ်ပါတယ် . . .

မေး။ ။ အယ်လ်ဇိုင်းမားရောဂါကြောင့်ဖြစ်ရတဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါအကြောင်းသိပါရစေဆရာ။
ဖြေ။ ။ အယ်လ်ဇိုင်းမားရောဂါကတော့ အခုအထိ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ တိတိကျကျ မပြောနိုင် သေးပေမယ့် အသက် ၆၀ ကျော်ကစပြီး ဒီရောဂါ ဖြစ်လာခဲ့ရင် ဦးနှောက်ထဲက အာရုံကြောလေးတွေမှာ အဆီနဲ့ပိတ်ဆို့ရာက အာရုံကြောလုပ်ဆောင်မှုက ပုံမှန်မဖြစ်တော့ပါဘူး။ ဥပမာပြောရရင် တယ် လီဖုန်းလျှပ်စစ်လမ်းကြောင်းတွေမှာ ကြားထဲ အဖုအထစ်တွေ၊ အဟန့်အတားတွေ များလာတဲ့အခါ ဆက်သွယ်တဲ့နေရာကို ကိုယ်ပြောချင်တဲ့ မက်ဆေ့ချ် မရောက်သလိုပါပဲ . . တဖြည်းဖြည်းနဲ့ ဦးနှောက်က နောက်ဆုံးမှာ အာရုံကြောလုပ်ဆောင်မှု ရပ်ဆိုင်းပြီး သူငယ်ပြန်မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ ဖြစ်သွားပါ တော့တယ်။

ဒီရောဂါက အတော်အဖြစ်များလာတာကို အခု နောက်ပိုင်း သတိထားမိလာပါတယ်။ အရင်တုန်းက တည်းကမရှိတာတော့ မဟုတ်ပါဘူး။ ဆရာတို့ သတိမထားမိတာပဲဖြစ်မှာပါ။

ဒီရောဂါအနေအထားက ဘာကြောင့် ဖြစ်တယ်ဆိုတာ အကြောင်းရှာလို့ မရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မှတ်ဉာဏ်နဲ့ပတ်သက်ပြီး ကောင်းမွန်အောင် လေ့ကျင့်ပေးနေဖို့ လိုပါတယ်။ မှတ်ဉာဏ်အလေ့အကျင့်ဆိုတာက ဆရာတို့ ဗုဒ္ဓဘာသာအနေနဲ့ အပ္ပမာဒဆိုတဲ့ သတိမလွတ်တဲ့ တရားကျင့်ပေးမယ်ဆိုရင် မှတ်ဉာဏ်မေ့လျော့မှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက လူဟာ ထိုင်နေမယ့်အစား ဦးနှောက်ကို အလုပ်ပေးပြီး တစ်ခုခု စဉ်းစားကာ လုပ် ဆောင်ပေးမယ်ဆိုရင် ဦးနှောက်လမ်းကြောင်းတွေ ပွင့်နေပါမယ်၊ အဲဒီအခါ အသုံးဝင်နေပါလိမ့်မယ်။ မသုံးဘဲကြာတဲ့အခါ တဖြည်းဖြည်းနဲ့ ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တချို့တွေက အသက်ကြီးမှ လေ့လာသင်ယူမှုအသစ်၊ လေ့ကျင့်မှုအသစ်တွေ ပြန်လုပ်ကြပါတယ်၊ တချို့တွေ ပန်းချီဆွဲကြတယ်၊ အဘွားကြီးတချို့ဆိုရင် ဇာထိုးပန်းထိုးလုပ်တယ်၊ သစ်ပင်စိုက်တယ်၊ တချို့တွေမှာ ပဟေဠိစာလုံးတွေ ဖြည့်တယ်၊ နောက်ဆုံး ဘယ်အထိပြောလဲဆိုရင် ဖုန်းထဲမှာပါတဲ့ သာမန်ဂိမ်းတချို့ဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ပြန်နှိုးဆွပေးတယ်လို့ ဆိုပါတယ်။ ဒါတွေက ဦးနှောက်ကို လေ့ကျင့်ပေးတဲ့ နည်းတွေပဲ ဖြစ်ပါတယ်။

မေး။ ။ အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ မှတ်ဉာဏ်ချို့ယွင်းတာကြောင့် တဖြည်းဖြည်း မေ့လျော့လာတာ၊ တွေးခေါ်မှုနဲ့ ပေါင်းသင်းဆက်ဆံ ရေးအခက်အခဲတွေကြုံလာရင် ဆရာဝန်နဲ့ ပြသပေးရပါမယ်။ ကြိုတင်သိရှိတယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်တဲ့ ဆေးဝါးတွေရှိနေပြီဖြစ်ပါတယ်။

မေး။ ။ အယ်လ်ဇိုင်းမားရောဂါကို ဘယ်လို ကုသပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ အယ်လ်ဇိုင်းမားရောဂါမှာ ကုသနိုင်တဲ့ ဆေးတွေ မရှိသေးပါဘူး။ ဒါပေမဲ့ ကြိုတင်သိရှိနိုင်တဲ့ အချက် တွေကို ထုတ်ဖော်သိရှိနေပါပြီ။ ကြိုတင်သိရှိနိုင်တဲ့ အချက်တွေကို ထုတ်ဖော်နိုင်ပြီဆိုရင် ကြိုတင်ကာ ကွယ်နိုင်တဲ့ဆေးဝါးတွေရှိနေပါပြီ။ ဒါပေမဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်သွားပြီးပြီဆိုရင်လည်း ဟန့်တားနိုင်တဲ့ ဆေး၊ ထိန်းသိမ်းနိုင်တဲ့ ဆေးတွေလည်း ပေါ်လာပါပြီ။ ဆေးဝါးက ပိုမဆိုးအောင်ပဲ ကာကွယ်နိုင်ရုံပါပဲ။ အရေးကြီးဆုံးအချက်က လူနာကိုပြုစုစောင့် ရှောက်တဲ့အပိုင်းနဲ့ လူ့အသိုင်းအဝိုင်းရဲ့ နွေးထွေးကြင်နာမှုပဲ ဖြစ်ပါတယ်။ ပြောရရင် ရောဂါဖြစ်ပြီးသွားရင် ပြန်လည် ထူထောင်ရေးက အဓိက ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်သူတွေရဲ့ ကျွမ်းကျင်မှုနဲ့ မိသားစုဝင်တွေရဲ့ အကူအညီတွေ လိုအပ်ပါတယ်။ အခုနောက်ပိုင်းမှာ ဒီလိုဖြစ်တဲ့ လူနာနဲ့ လူနာမိသား စုဝင်တွေကို အကူအညီပေးနိုင်ဖို့ ပိုမို ဆောင်ရွက် နေပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ အယ်လ်ဇိုင်းမားရောဂါခံစားနေရ သူ ဘယ်လောက်ရှိသလဲဆိုပြီး စစ်တမ်းကောက်ယူ ထားတာရှိပါသလား ဆရာ။
ဖြေ။ ။ စစ်တမ်းကောက်ထားတာတော့ မရှိသေးပါဘူး။ ဆရာတို့အယ်လ်ဇိုင်းမားအသင်းအနေနဲ့ အသင်းအ ဖွဲ့စည်းမျဉ်းတင်ထားပါတယ်။ အဲဒါကျလာရင်တော့ လေ့လာသုတေသနပြုခွင့် ခွင့်ပြုချက်တင်ပါမယ်။ အဲဒါဆိုရင် မြို့နယ်တစ်နယ်မှာ အိမ်ပေါက်စေ့လိုက် ပြီးလေ့ကျင့်ထားတဲ့ သုတေသနပညာရှင်တွေက ဘယ်လောက်ရှိနိုင်တယ်ဆိုတာ စစ်တမ်းကောက်ယူပါမယ်။ အခုကတော့ ယေဘုယျအားဖြင့်အသက် ၆၅ နှစ် အထက် လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကအယ်လ် ဇိုင်းမားရောဂါရှိတယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံလူဦးရေအနေနဲ့ လူနှစ်သိန်းနဲ့ နှစ်သိန်းခွဲ ကြားဟာ အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ ခန့်မှန်း ထားပါတယ်။
အယ်လ်ဇိုင်းမားရောဂါကို ပြုစုစောင့်ရှောက်တယ်၊ အသိပညာပြန့်ပွားအောင် လုပ်တယ်ဆိုတာ အတတ်ပညာရှင်တစ်ဦးတည်းနဲ့ မလုပ်နိုင်ပါဘူး။ နိုင်ငံတော်အပါအဝင် လူမှုအဖွဲ့အစည်းပေါင်းစုံနဲ့ ပညာရှင်တွေအားလုံး၊ ပြည်သူလူထုပါမကျန် စုပေါင်းလုပ်ဆောင်ပေးမယ်ဆိုရင် သက်ကြီးရွယ်အိုတွေရဲ့ ဘဝဆည်းဆာချိန်က လူ့လောကမှာ လှလှပပနေ နိုင်သွားမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top