Healthy Life Ad
Life Style

အနည်းဆုံး ငါးနှစ်ခန့် ပိုနုပျိုစေမည့် ဆံပင်ပုံစံများ

သင့်ဆံပင်ပုံစံက သင့်ကို ရှိရင်းစွဲအသက်ထက် ပိုရင့်ရော်သွားစေနိုင်သလို သင့်ကို အများကြီး ပိုနုပျိုအောင်လည်း လုပ်ပေးနိုင်ပါတယ်။ ဘယ်လို ဆံပင်ပုံစံတွေက သင့်ကို ပိုမိုနုပျို ကြည့်ကောင်းစေသလဲဆိုတာ လေ့လာကြည့်ရအောင်။


(၁) ဆံပင်ညှပ်တဲ့ ပုံစံ

ဆံပင်ညှပ်တဲ့ ပုံစံက စတပ်လေးတွေအလွှာလိုက် ညှပ်ပေးနိုင်လေလေ၊ ပိုပြီး နုပျိုသွက်လက်တဲ့ အသွင်ပေါ်လွင်လေလေ ဖြစ်ပါတယ်။


(၂) ဆံပင်အရောင်

ဆံပင်အရောင်က မျက်နှာသွင်ပြင်ကို နုပျိုသစ်လွင်သွားစေပါတယ်။ သင့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင်ကို ဂရုတစိုက်ရွေးချယ်သင့်ပါတယ်။ သင့်အသားအရောင်ထက် နှစ်ဆင့်-သုံးဆင့်လောက် ပိုဖျော့တဲ့ ဆံပင်အရောင်ကိုပဲ ရွေးချယ်သင့်ပါတယ်။ မျက်လုံးနဲ့ အသားအရောင်ပေါ်မူတည်ပြီး သင့်တော်တဲ့ ဆံပင်အရောင်ကို ရွေးချယ်ရပါမယ်။


(၃) ဆံပင်အရှည်

ဆံပင်တိုလေလေ၊ တက်ကြွပြီး နုပျိုလန်းဆန်းတဲ့ လူနေမှုပုံစံဖြစ်လေလေပါ။ ဒါကြောင့် အသက်ကြီးလာသူတိုင်း ဆံပင်အတို ညှပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တိုလွန်းတဲ့ ဆံပင်ပုံစံကို ရှောင်ပါ။ ပြီးတော့ ကပ်လွန်းတဲ့ ဆံပင်ပုံစံလည်းမထားသင့်ပါဘူး။ အကောင်းဆုံးက မေးစေ့ကနေ လည်ပင်းအလယ်နေရာလောက်အထိ ရှည်တဲ့ဆံပင်ပုံစံပဲဖြစ်သင့်ပါတယ်။


(၄) ဆံပင်အထူ

ဆံပင်ပါးကပ်နေတာက သင့်ကို ပိုပြီး အိုမင်းဟန်ပေါက်စေပါတယ်။ အကောင်းဆုံးက သင့်ဆံပင်ပုံစံကို အုံထူတဲ့ပုံစံ ညှပ်ဖို့ပဲဖြစ်ပါတယ်။ ဆံပင်ကပါးနေရင် လှိုင်းတွန့်လေးတွေဖြစ်အောင် ကောက်ပြီး ဆံပင်ကိုပုံသွင်းပေးလိုက်ပါ။


(၅) ရှေ့ဆံပင်

ရှေ့ဆံပင်ကလည်း သင့်ပုံရိပ်ကို ပြောင်းလဲစေတဲ့အချက်ပါ။ ရှေ့ဆံပင်ကိုအပြောင်သိမ်းထားရင် နဖူးပေါ်က အရေးကြောင်းတွေကို ပေါ်လွင်စေပါတယ်။ နဖူးပြောင်ရင် ပိုအိုစာဟန်ရှိပါတယ်။ အကောင်းဆုံးက ရှေ့ဆံပင်ကို အပြောင်မသိမ်းဘဲ ခပ်ထူထူစတပ်ပုံစံထားပါ။


(၆) ဆံပင်ခွဲကြောင်း

ဆံပင်ခွဲကြောင်းကို ပုံသေထားတာက သင့်ကိုရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်စေပါတယ်။ ဆံပင်ခွဲကြောင်းကို မကြာခဏ ပြောင်းပေးပါ။


(၇) ဆံပင်စတိုင်

ဆံပင်ကိုမကြာခဏ ပုံသွင်းပေးတာကြောင့် ဆံပင်ကို ပုံမှန်အဖြောင့်အတိုင်းထားတာထက် ပိုနုပျိုကြည့်ကောင်း စေပါတယ်။


(၈) ဆံပင်ပုံဖော်ခြင်း

ဆံပင်ကို စုစည်းထားတာထက် ဆံပင်ကို ပုံသွင်းပုံဖော်လိုက်ရင် ပိုပြီး နုပျိုကြည့်ကောင်းစေပါတယ်။


(၉) ဆံထုံး

ဆံထုံးထုံးတဲ့အခါ ခပ်ရိုးရိုးပုံစံထက် ကျစ်ဆံမြီးကျစ်ပြီး ဆံပင်ပုံဖော်တဲ့နည်းကိုသုံးပါ။ ဖြစ်နိုင်ရင် ဆံပင်သုံး ကလစ်လေးတွေ၊ ပန်းပွင့်လေးတွေ၊ ခေါင်းစည်းကြိုးလေးတွေကိုရှောင်ပါ။ အဲဒါတွေက ကလေးဆန်စေလို့ပါ။ ကျက်သရေရှိရှိ နုပျိုချင်ရင် ဆံပင်ကို ကျစ်ဆံမြီးလေးတွေကျစ်ပြီး ဆံထုံးထုံးဖွဲ့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top