Healthy Life Ad
Life Style

အမျိုးသမီး ကျန်းမာရေး ပြဿနာ အဖြေရှာ (၂)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး )

မေး။ ။ လက်မောင်းထဲကို သားဆက်ခြားပစ္စည်းထည့် ထားပေမယ့် ပြန်ထုတ်ချင်တဲ့အခါ ခွဲတာသုံးကြိမ် ရှိပါပြီ။ ဒါပေမဲ့ ဘယ်ရောက်သွားမှန်းမသိဘူး။ အဲဒါပြန်မထုတ်နိုင်ရင် ကလေးမရတော့ဘူးလား ဆရာ။

ဖြေ။ ။ လက်မောင်းထဲကို သားဆက်ခြားပစ္စည်း ထည့်ပေးဖို့ အရေးကြီးဆုံးနည်းလမ်းက ကျွမ်းကျင်တဲ့ ဆ ရာဝန်ကိုယ်တိုင် ထည့်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်ဆိုတာ သူရထားတဲ့ ဘွဲ့၊ ရာထူး၊ လုပ်သက် စတာတွေနဲ့ မဆိုင်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီပစ္စည်းကို ထည့်တော့မယ်၊ ထုတ်တော့မယ်ဆိုရင် ဒီပစ္စည်း ထည့်နည်း၊ ထုတ်နည်းတွေကို သေသေချာချာ သင်ပေးတဲ့ သင်တန်းရှိပါတယ်။ အဲဒီသင်တန်း တက်ဖူးပြီးသား ဖြစ်ရပါမယ်။ အဲဒီသင်တန်းမှာ စာတွေ့၊ လက်တွေ့သင်ရပါတယ်။ အခု ပြဿနာက အဲဒီသင်တန်းတွေလည်း မတက်ထားဘဲ ထည့်နေရင်ထည့်လိုက်တဲ့ ပစ္စည်းက ဘယ်ရောက်သွားမှန်း မသိဘူး။ ဒီပစ္စည်းကို မှန်အောင်ထည့်နိုင်ရင် လက်မောင်းအရေပြားအောက်မှာ တန်းတန်း လေးရှိနေရတယ်။ မျက်စိနဲ့ ကြည့်ရင် မတွေ့ရဘူး၊ လက်လေးနဲ့ လှိမ့်ကြည့်ရင် စမ်းလို့ရနေရမယ်။ ဟိုးအနက်ထဲ သွားထည့်လိုက်ရင် ကြွက်သားတွေထဲ ရောက်သွားပြီး ဘာမှစမ်းလို့ မရတော့ပါဘူး။ အဲဒါကြောင့် ကျွမ်းကျင်တဲ့ သူဆီမှာပဲ ထည့်သင့်ပါတယ်။ဒါတွေက အရင်တုန်းက ဖြစ်ခဲ့တာပဲ ဖြစ်မှာပါ။ အခု နောက်ပိုင်းမှာတော့ ဒါမျိုး မဖြစ်အောင် တီထွင်ထား ပါတယ်။

သားအိမ်ထဲမှာ အလုံးတစ်လုံးရှိနေရင် ကလေးဝင်ဖို့ အဟန့်အတား ရှိတတ်ပါတယ်။ အဲဒီအခြေအနေမှာ ကလေးရခဲ့ရင်တောင် ကလေးအနေအထားမမှန်တာ၊ ကလေးပျက်ကျတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သားအိမ်အလုံးရှိတိုင်း ဒီလိုဖြစ်တာတော့ မဟုတ်ပါဘူး။ အလုံးက သားအိမ်ရဲ့ ဘယ်နေရာမှာရှိနေတာလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ် . . .

မေး။ ။ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းထည့်ရင်း ကိုယ်ဝန်ရှိသွားပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းကို မထုတ်ဘဲ ကိုယ်ဝန်ဆောင်လိုက်တဲ့အခါ ကိုယ်ဝန်ခြောက်လမှာ အဲဒီပစ္စည်းက ရေမြွှာအိတ်ကို ထိုး ဖောက်မိသွားပါတယ်။ ဆေးရုံကို တက်ပေမယ့် အဲဒီအခြေအနေမှာ ပစ္စည်းကိုလည်း ထုတ်လို့မရဘဲစောင့် ကြည့်လို့ပဲရတယ်လို့ဆိုပါတယ်။ နောက်ဆုံးကလေး ကအဖတ်မတင်တော့ပါဘူး။ အဲဒါ ကျွန်မသူငယ်ချင်း တစ်ယောက်ဖြစ်ခဲ့တာပါ။ အဲဒီလိုဖြစ်ရပ်တွေဖြစ်နိုင်ပါသေးသလား ဆရာ။
ဖြေ။ ။ ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။ သားအိမ်တွင်း ပစ္စည်းလေးထည့်ထားတယ်၊ ကလေးရသွားတယ်။ အဲဒီအခြေအနေမှာ လူနာနဲ့ ဆရာဝန် တိုင်ပင်ရပါတယ်။ နှစ်နည်းရှိတယ်။ ဒါလေးကို တန်းလန်းအ တိုင်းထားမလား၊ ဒါမှမဟုတ် ဆွဲထုတ်လိုက်မလားဆိုပြီး နှစ်နည်းရှိပါတယ်။ နှစ်နည်းစလုံးမှာလည်း အ ကောင်းအဆိုး ရှိပါတယ်။

ဒီပစ္စည်းလေးကို ဒီအတိုင်း တန်းလန်းလေး ထားလိုက်ရင် ရှိနေတဲ့ ပစ္စည်းလေးက အခုမေးတဲ့ မေးခွန်းလို ပြဿနာတွေ ပေးနိုင်ပါတယ်။ ကိုယ်ဝန်ရှိသွားတဲ့အတွက် အဆင်မသင့်ရင် ပိုးဝင်နိုင်တယ်၊ ရေမြွှာပေါက်နိုင်တယ်။

ဆွဲထုတ်မယ်ဆိုရင်ကော ဘာဖြစ်နိုင်သလဲ၊ ဆွဲထုတ်တဲ့အချိန်မှာ အဆင်မသင့်ရင် သွေးတွေဆင်းပြီး ကလေးပျက်ကျနိုင်ပါတယ်။ ဒါပေမဲ့ကောင်းတဲ့ အချက်က ဒီပစ္စည်းလေး တကယ်ထွက်သွားရင်တော့ စောစောကလို နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်နိုင်တော့ပါဘူး။
အဲဒီနှစ်ခုကို ပြောပြရင် လူနာအများစုက ဘာကိုရွေးချယ်လေ့ရှိသလဲဆိုတော့ ထုတ်ပစ်တဲ့နည်းကို ရွေးလေ့ရှိပါတယ်။ ဆရာတို့ကလည်း ထုတ်လိုက်တာက အခုလောလောဆယ်မှာ အန္တရာယ်ရှိကောင်း ရှိ ပေမယ့် ဆက်ထားတဲ့နည်းနဲ့စာရင် ရေရှည်မှာ ကောင်းကျိုးရှိတဲ့အတွက် ထုတ်တာကို ပိုအားပေးလေ့ရှိပါတယ်။ ပြဿနာက တစ်ခါတလေမှာ ထုတ်ဖို့ ကြိုးက ဘယ်ရောက်သွားမှန်း မသိတာပါပဲ။ အဲဒီ လိုအဖြစ်အပျက်လေးတွေလည်း ကြုံဖူးပါတယ်။
ဒါပေမဲ့ ဒီလို အဖြစ်အပျက်မျိုးတွေက ရှားပါတယ်။ ဒီပစ္စည်းတွေ အများကြီး ထည့်ထားတဲ့ သူတွေထဲမှာမှ ရှားရှားပါးပါး ဖြစ်တာမျိုးပါ။ အယောက် ၁၀ဝ ထည့်ရင် တစ်ယောက်လောက်သာ ကံဆိုးပြီး ဖြစ်တတ်ပါတယ်။

မေး။ ။ သားအိမ်အတွင်းထဲမှာ သွေးလုံး၊ သားလုံး၊ ရေအိတ်တည်တဲ့ သူတွေက ကိုယ်ဝန်ရဖို့ ခဲယဉ်းတယ် ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ သားအိမ်ဆိုတာ သားသားလေးနေတဲ့ အိမ်ပါ။ သားအိမ်ဆိုတဲ့ အလုံးလေးမှာ အခေါင်းလေး တစ်ခု ရှိပါတယ်။ လူ့ခန္ဓာကိုယ်မှာ အံ့သြစရာ အကောင်းဆုံးအရာက သားအိမ်လို့ ပြောရမလိုပါပဲ။ သေးသေး လေးကနေ ကလေးလေး နေနိုင်တဲ့အထိ ကြီးလာပါတယ်။ နှစ်မြွှာပူး၊သုံးမြွှာပူးတွေဆိုရင်လည်း သားအိမ်က ဆန့်ပါတယ်။ ကလေးမွေးပြီးတဲ့အချိန်မှာ ပြန်ကျုံ့ သွားပါတယ်။ ဒီသားအိမ်ထဲမှာ ကလေးလေး တစ် ယောက်ကောင်းကောင်းနေနိုင်ဖို့ဆိုရင် ဘာအနှောင့် အယှက်မှ မရှိတာ ကောင်းတာပေါ့။ သားအိမ်ထဲမှာ အလုံးတစ်လုံးရှိနေရင် ကလေးဝင်ဖို့ အဟန့်အတား ရှိတတ်ပါတယ်။ အဲဒီအခြေအနေမှာ ကလေးရခဲ့ရင် တောင် ကလေးအနေအထားမမှန်တာ၊ ကလေး ပျက်ကျတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သားအိမ် အလုံးရှိတိုင်း ဒီလို ဖြစ်တာတော့ မဟုတ်ပါဘူး။ အလုံးက သားအိမ်ရဲ့ ဘယ်နေရာမှာ ရှိနေတာလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ သားအိမ်နံရံဘက် အခြမ်းမှာ ရှိနေရင် ဘာမှ ပြဿနာမရှိပါဘူး။ သားအိမ်ထဲ အလုံးရှိပြီး ကလေးမွေးလိုက်ရတာတွေက လည်းအများကြီးပဲ . . ဒါကြောင့် လှေနံဓားထစ်မှတ် လို့မရပါဘူး။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ပေါ်မှာပဲမူတည်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top