Healthy Life Ad
Life Style

သက်ကြီးအမျိုးသားတို့ မမေ့လျော့သင့်သော လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများ

၊ ကိုထက် ၊

အသက်ကြီးပြီဖြစ်တာကြောင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေအကြောင်းကို စိုးရိမ်စရာမလိုတော့ဘူးလို့ မထင်လိုက်ပါနဲ့။ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် လိင်ကိစ္စအတွက် ကွန်ဒုံးဟာ ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ရုံသာမက လိင်မှတစ်ဆင့်ရောဂါတွေကူးစက်မခံရအောင်လည်း ကာကွယ် ပေးနိုင်တယ်ဆိုတာကို သတိရသင့်ပါတယ်။

– ဒီနေ့ခေတ်မှာ လူတွေက ပိုကျန်းမာပြီး ပိုမို အသက်ရှည်လာကြပါတယ်။ လူအများစုဟာ အသက် ကြီးလာချိန်မှာတောင် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းနေအောင် ပန်းသေပန်းညှိုးကုသဆေးတွေကို မှီဝဲလာကြပါတယ်။ အိမ်ထောင်ကွဲတာ၊ အိမ်ထောင်ဖက်သေဆုံးတာနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးသူမဟုတ်တာတွေကြောင့် တခြားအမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံချစ်ကျွမ်းဝင်တဲ့အခါ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်း မမေ့ဖို့ လိုပါတယ်။ သင့်အသက်က ဘယ်လောက်ပဲ ကြီးနေပါစေ၊ အကာအကွယ်မဲ့ အပျော်အပါး လိုက်စားမှုကြောင့် ကူးစက်ပိုးဝင်တဲ့အခါ ရေယုန်ပေါက်တာ၊ ကလာမိုင်ဒီးယားရောဂါပိုးဝင်တာ၊ လိင်အင်္ဂါကြွက်နို့ ပေါက်တာ၊ HIV ပိုးဝင်တာနဲ့ တခြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

– အသက် ၄၅နှစ်ကျော်သူတွေအနက် အကာအကွယ်မဲ့ အပျော်အပါး လိုက်စားမှုကြောင့် လိင်မှ တစ်ဆင့် ရောဂါတွေ ကူးစက်ခံရနိုင်ခြေ မြင့်တက်နေပါတယ်။ ကွန်ဒုံးသုံးဖို့ကလည်း လက်တွေ အဆစ် ရောင်တာ၊ လိင်အင်္ဂါစွမ်းဆောင်နိုင်စွမ်းလျော့နည်း တာစတဲ့အချက်တွေကြောင့် အသက်ကြီးသူ အများစုမှာ အခက်အခဲတွေ့ရတတ်ပါတယ်။ ကွန်ဒုံးသုံးတာက မိန်းမကိုယ်ခြောက်သွေ့နေတဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ မသက်မသာဝေဒနာကို ဖြစ်စေနိုင်ပါတယ်။
– အသက်ကြီးသူတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က အားနည်းလာတာကြောင့် လူငယ်တွေနဲ့ ယှဉ်ရင် ကူး စက်ပိုးဝင်နိုင်ခြေက ပိုများလာပါတယ်။ လေ့လာမှု တစ်ရပ်အရ အမျိုးသားတွေမှာ ဇနီးသည် သေဆုံးပြီး ၆လ-၁နှစ်အကြာမှာ လိင်မှ တစ်ဆင့် ရောဂါပိုး ကူးစက်ခံရနိုင်ခြေ မြင့်တက်မှုရှိတာကို သိသိသာသာ တွေ့ရှိရကြောင်းသိရပါတယ်။

– သင့်မှာ နုပျိုကျန်းမာစွာ အသက်ရှည်ခွင့် အလုံအလောက်ရှိပါတယ်။ ဒါပေမဲ့ လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ ရောဂါတွေ ရှိ၊မရှိ စစ်ဆေးလိုကြောင်း ဆရာ ဝန်ထံမေးမြန်းရမှာကို ရှက်ရွံ့တာ၊ ကြောက်တာတွေ ဖြစ်နေနိုင်ပါတယ်။ သင့်ကျန်းမာရေးဟာ သင့်လက်ထဲမှာပဲရှိတာကြောင့် ကျန်းမာရေးအတွက် ဘာ ကိုမှတွန့်ဆုတ်မနေသင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။

– သင်က အသက်ကြီးသူဖြစ်ပေမယ့် လိင်ဆက်ဆံမှုရှိနေသူဖြစ်ရင် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) အန္တရာယ်ကင်းတဲ့ လိင်ကိစ္စအကြောင်း လေ့လာပါ။ လေ့လာမှုစစ်တမ်းတွေအရ အသက်ကြီးသူ အများစုဟာ HIV ပိုးကူးစက်ခံရတာကို ဘယ်လိုကာ ကွယ်သင့်တယ်ဆိုတာကို သိရှိမှုအနည်းဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

(၂) ပါတနာအသစ်နဲ့ လိင်ကိစ္စဆောင်ရွက်မယ်ဆိုရင် ကွန်ဒုံးသုံးပါ။

(၃) ပုံမှန် ကျန်းမာရေးစစ်ဆေးမှုခံယူပါ။ တစ်လင် တစ်မယားစနစ်မဟုတ်ဘဲ အကာအကွယ်မဲ့ လိင် ဆက်ဆံမှုရှိခဲ့ရင် ဒါမှမဟုတ် အန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားတဲ့ ပါတနာနဲ့ ဆက်ဆံမှုရှိခဲ့ရင် ကျန်းမာရေး စစ်ဆေးမှုအတွက် ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။

(၄) သင့်မှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတစ် ခုခုရှိနေသလားလို့ သံသယရှိခဲ့ရင် ဒါမှမဟုတ် လိင် ပိုင်းဆိုင်ရာ ရောဂါပိုးရှိသူတစ်ဦးနဲ့ ဆက်ဆံမိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းတွေ့ဆုံသင့်ပါတယ်။

(၅) သင့်မှာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါ ပိုးရှိနေကြောင်းတွေ့ခဲ့ရင် သင့်ပါတနာကို စစ်ဆေးဖို့ နဲ့တွေ့ရှိပါက ကုသမှုခံယူဖို့ တိုက်တွန်းသင့်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေကို တွေ့ရှိ တာနဲ့အမြန်ဆုံးကုသမှုခံယူတာက အကောင်းဆုံးရလဒ်ကိုရရှိစေပါတယ်။ သတိပြုသင့်တာက လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ(STDs)ကို မကူးစက်အောင် ကာကွယ်ဖို့အန္တရာယ်ရှိတဲ့ အပြု အမူတွေကိုရှောင်ရှားသင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top