Healthy Life Ad
Life Style

အုပ်စုလိုက် တစ္ဆေ၊ သရဲပူးကပ်ခြင်းနှင့် စိတ်ကျန်းမာရေး

မေး. ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ရှမ်းရေကျော် အထက(ခွဲ)ကျောင်းရှိ ကျောင်းသူတချို့ တစ္ဆေ၊ သရဲပူးကပ်မှုတွေ ရှိနေတယ်လို့ လူမှုကွန်ယက်မှာပြန့်နှံ့ခဲ့ပါတယ်။ အဲဒါ လေးနဲ့ပတ်သက်ပြီး စိတ်ကျန်းမာရေးအမြင်ကိုသိပါရစေဆရာ။

ဒေါက်တာဦးအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ရှမ်းရေကျော်အထကကျောင်းမှာ ဖြစ်ပွားတဲ့ ကျောင်းသူတွေ အစုလိုက် တစ္ဆေသရဲပူးသလိုဖြစ် တာကိုဖတ်ရတော့ စိတ်ကြောင့် ကိုယ်ခန္ဓာမှာ ရောဂါလက္ခဏာဖြစ်ပွားပုံတွေကို စဉ်းစားမိပါတယ်။ “စိတ်ထောင်းလို့ ကိုယ်ကြေ”တာ အမျိုးမျိုးရှိပါတယ်။

(က) စိတ်ဖိစီးမှုဒဏ်ကို မကြာခဏ အကြိမ်ကြိမ်ခံစားရရင် ခန္ဓာကိုယ်အင်္ဂါတချို့ ပျက်စီးယိုယွင်းလာပါတယ်။ ဥပမာ အစာအိမ်အနာပေါက်တဲ့ ရောဂါ၊ ပန်းနာရောဂါ၊ သွေးတိုးရောဂါတို့ ဖြစ်ပါတယ်။ စိတ်ဒဏ်ပိလို့ဖြစ်တဲ့ ကိုယ်ခန္ဓာရောဂါ (Psychosomatic Disease)လို့ ခေါ်ပါတယ်။

(ခ) စိုးရိမ်သောကစိတ်၊ အကြောက်လွန်စိတ် အရှိန်တက်လာရင် နှလုံးခုန်မြန်တာ၊ ရင်တုန်တာ၊ ခေါင်းကိုက်တာ၊ အသက်ရှူမဝတာ၊ မူးဝေတာ၊ ပျို့အန်ချင်သလို ခံစားရတာ၊ ချွေးထွက်တာ၊ ခြေလက်တုန်တုန်ယင်ယင်ဖြစ်တာစတဲ့ ကိုယ်ခန္ဓာ လက္ခဏာတွေကို ခံစားရပါတယ်။ ကြောက်စိတ်၊ စိုးရိမ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်လက္ခဏာတွေ (Physiological symptoms of anxiety) ဖြစ်ပါတယ်။ ကြောက်စိတ်ပြေသွားရင် အဲဒီ လက္ခဏာတွေလည်း ပျောက်ကင်းသွားပါတယ်။

(ဂ) စိတ်ဖိစီးမှုဒဏ်ကြောင့် ဦးနှောက်နဲ့ အာရုံကြော အင်္ဂါစုလက္ခဏာတွေ ဖြစ်ပေါ်လာတတ်တာ လည်းရှိပါတယ်။ “မသိစိတ်”ရဲ့ လှည့်ဖျားမှုကြောင့် အခံရခက်တဲ့စိတ်ဖြစ်စဉ်တွေဟာ “အသွင်ပြောင်းသွားပြီး” ဦးနှောက်နဲ့ အာရုံကြောရောဂါ လက္ခဏာတွေအဖြစ် ပေါ်ပေါက်လာနိုင်ပါတယ်။ ဝက်ရူးပြန်သလို၊ နတ်ပူးသလို၊ အပမှီသလို ကြောင်တောင်တောင်ဖြစ်လာရင် “စိတ်ကင်းကွာခြင်းဝေဒနာ” (Dissociative disorder) လို့ခေါ်ပါတယ်။ အော်ဟစ်တာ၊ စကားမပြောနိုင်ဖြစ်တာ၊ ခြေလက်ထုံကျဉ်တာ၊ ခြေလက်လေးလံတာ၊ ခြေလက်သေသလိုဖြစ်တာ စတဲ့လက္ခဏာတွေ ပေါ်ပေါက်လာရင် ‘ရုပ်အသွင်ပြောင်းဝေဒနာ’ (Conversion disorder) လို့ခေါ်ပါတယ်။ အရင်ခေတ်တုန်းကတော့ အဲဒီဝေဒနာတွေကို ‘ဟစ်တီးရီးယားရောဂါ’ (Hysteria) လို့ခေါ်ပါတယ်။ လူထုထဲမှာ ဟစ်တီးရီးယားရောဂါလို့ လူသိများပါတယ်။

ဟစ်တီးရီးယားရောဂါကို ခရစ်မပေါ်ခင် ဘီစီ ၁၉၉၀ ခုနစ်ကတည်းက အီဂျစ်နိုင်ငံ ဆေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဂရိခ်ဆေးပညာရှင် ဟစ်ပိုကရေးတီးစ်လက်ထက်မှာ ဟစ်တီးရီးယားရောဂါဟာ အမျိုးသမီးတွေမှာပဲ ဖြစ်ပွားတဲ့ရောဂါ။ ဂနာမငြိမ်တဲ့ “သားအိမ်”က နေရာရွှေ့ပြောင်းနေလို့ ဖြစ်ပေါ်တဲ့ရောဂါလို့ အဖြေရှာကြပါတယ်။ ခရစ်ယာန်ဘာသာထွန်းကားစ ဥရောပနိုင်ငံတွေမှာ ဟစ်တီးရီးယားရောဂါဟာ မကောင်းဆိုးဝါး ပူးကပ်လို့ ဖြစ်ပွားတဲ့ဝေဒနာလို့ ယုံကြည်ကြပါတယ်။ အခုခေတ်ဆေးပညာမှာ အဲဒီအယူအဆကို လက်မခံပါဘူး။ “ဟစ်တီးရီးယားရောဂါ”ဟာ ဦးနှောက်နဲ့ အာရုံကြောရောဂါ “မရှိ”ပေမယ့် ဦးနှောက်နဲ့ အာရုံကြောရောဂါ အသွင်ဆောင်တဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ဟစ်တီးရီးယားရောဂါဟာ ပုံမှန်အားဖြင့် တစ်ဦးချင်းမှာသာ ဖြစ်ပွားတဲ့ရောဂါပါ။ ဒါပေမဲ့ ကူးစက်ရောဂါတွေလို တစ်ယောက်ပြီးတစ်ယောက် အစုလိုက်အပြုံလိုက် ဖြစ်ပွားတတ်တာလည်း တွေ့ရှိရပါတယ်။ အဲဒီလို ဖြစ်ပွားလာရင် “အုပ်စုလိုက်ဖြစ်ပွား ဟစ်တီးရီးယားရောဂါ” (Mass Hysteria/ Hysteria epidemic) လို့ ခေါ်ပါတယ်။

ရှမ်းရေကျော် အထကကျောင်းမှာ ကျောင်းသူတွေအတွင်း တစ္ဆေသရဲ ပူးကပ်တယ်ဆိုတဲ့ အဖြစ်အပျက်ကို “အုပ်စုလိုက်ဖြစ်ပွား ဟစ်တီးရီးယား”လို့ ဆိုချင်ပါတယ်။ အဲဒီအကြောင်းကို ပြောပြပါ့မယ်။

– အုပ်စုလိုက်ဖြစ်ပွား ဟစ်တီးရီးယားရောဂါကို စာသင်ကျောင်း၊ ဘော်ဒါဆောင်၊ စက်ရုံ အလုပ်ရုံ၊ ဆေးရုံစတဲ့ နေရာတွေမှာ ဖြစ်ပွားတာ တွေ့ရှိရတယ်။ လူတစ်စု ပူးပူးကပ်ကပ် နေထိုင်လုပ်ကိုင်ရတဲ့ ပတ်ဝန်းကျင်အခြေအနေမျိုး ဖြစ်ပါတယ်။

– အဲဒီလို ပတ်ဝန်းကျင်မှာ ထိတ်လန့်ကြောက်ရွံ့စရာ အဖြစ်အပျက်တစ်ခု ကြုံတွေ့နေရတယ်လို့ ကောလာဟလသတင်း ပျံ့နှံ့လာတာကနေပြီး အစပျိုးတတ်တယ်။ အဲဒီကောလာဟလသတင်းကို အများစုက မဆင်မခြင် ယုံကြည်မှုရှိလာတယ်။ စုန်းကဝေ တစ္ဆေသရဲကို ယုံကြည်မှုထက်သန်သေးတဲ့ လူ့အဖွဲ့အစည်းတွေမှာ တစ်ရွာလုံး စုန်းပြုစားတာ ခံနေရတယ်၊ ကျောင်းထဲမှာ တစ္ဆေသရဲတွေ့တယ် စတဲ့ ကောလာဟလသတင်းက စတင်တတ်ပါတယ်။

ဥပမာ-မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်ကျောင်း တစ်ကျောင်းမှာ အဝတ်မည်းဝတ်ထားတဲ့ တစ္ဆေသွားလာနေတာကို တွေ့ရတယ်ဆိုတဲ့ ကောလာဟလသတင်းကို ယုံကြည်မှုကစပြီး ကျောင်းသူတွေထဲမှာ အဟတရောဂါပြန့်ပွားသွားတာကို ဖတ်လိုက်ရပါတယ်။ စက်မှုထွန်းကားပြီး ရိုးရာအယူအဆတွေလျော့ပါးလာတဲ့ နိုင်ငံတွေမှာတော့ လေထဲမှာ အဆိပ်ဓာတ်ငွေ့တွေ တွေ့ရတယ်၊ သောက်ရေထဲမှာ မသမာသူတစ်ဦးက အဆိပ်ခတ်ထားတယ်၊ ထူးဆန်းတဲ့ ကူးစက်ရောဂါပိုးတစ်မျိုး ပျံ့နှံ့နေတယ် စတဲ့ ကောလာဟလသတင်းတွေကြောင့် ဒီရောဂါဖြစ်ပွားတတ်ပါတယ်။

– ကျောင်းတွေမှာ ဒီရောဂါဖြစ်ပွားရင် အသက်ကြီးတဲ့ ကျောင်းသူတစ်ဦးဦးက စတင်ဖြစ်ပွားတာ တွေ့ရှိရတယ်။ အဲဒီကနေပြီး အသက်ငယ်တဲ့ ကျောင်းသူတွေထဲမှာ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ တစ်ယောက် ဝေဒနာခံစားနေရတာကို ကျန်တစ်ယောက်က မျက်မြင်တွေ့ကြုံနေရရင် ဝေဒနာကူးစက်ဖို့ အလားအလာများတယ်။

– ဒီရောဂါ ခံစားရသူတွေမှာ ရောဂါလက္ခဏာ နှစ်မျိုးတွေ့ရှိရတယ်။ ပထမ ကြောက်ရွံ့ထိတ်လန့်တဲ့ လက္ခဏာတွေဖြစ်ပေါ်တယ်။ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူမဝတာ၊ ပျို့အန်တာတို့ ဖြစ်ပါတယ်။ ပိုမိုဆိုးရွားသူတွေမှာတော့ စိတ်ကင်းကွာတဲ့ ဝေဒနာလက္ခဏာတွေ ဖြစ်ပေါ်တတ်တယ်။ တက်သလိုဖြစ်တာ၊ နတ်ပူးသလို အပမှီခံရသလိုဖြစ်တာတို့ကို တွေ့ရှိနိုင်ပါတယ်။ ကြောက်ရွံ့ထိတ်လန့် လက္ခဏာတွေဟာ တစ်ရက်-နှစ်ရက်အတွင်း ပျောက်ကွယ်သွားတတ်တယ်။

ဒုတိယရောဂါလက္ခဏာစုကတော့ ‘ရုပ်အသွင်ပြောင်းဝေဒနာ’ လက္ခဏာတွေဖြစ်ပါတယ်။ ခြေလက်ထုံကျဉ်တာ၊ ခြေလက်သေတာ၊ အော်ဟစ်တာ၊ စကားမပြောနိုင်တာ စတာတွေဖြစ်တတ်တယ်။ ရုပ်အသွင်ပြောင်း ရောဂါလက္ခဏာတွေက ပိုမိုကြာရှည်နိုင်ပါတယ်။

– ရပ်ကွက်ထဲမှာ လူပြောများလာရင်၊ ကောလာဟလသတင်းကို ယုံကြည်သူများလာရင် သတင်းမီဒီယာတွေက လူတွေ စိတ်လှုပ်ရှားအောင် မီးထိုးပေးရင် ကူးစက်ခံစားရသူများပြားလာတတ်ပါတယ်။ ကောလာဟလမီးကို အချိန်မီသတ်နိုင်ဖို့ လိုအပ်ပါတယ်။

– ဟစ်တီးရီးယားရောဂါ ခံစားနေရသူတွေကို တခြားသူတွေနဲ့ ထိတွေ့မှုမရှိအောင် ခွဲခြားထားရင် အခြေအနေကို ထိန်းသိမ်းနိုင်ပါတယ်။ ဥပမာ ဝေဒနာခံစားနေရတဲ့ ကျောင်းသူတွေကို ကျောင်းမတက်ဘဲ အိမ်မှာအနားယူစေတာ၊ ဝေဒနာခံစားနေရတဲ့ စက်ရုံလုပ်သားကို ဆေးခွင့်ပေးတာတို့ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top