Healthy Life Ad
Life Style

G6PD Deficiency အကြောင်း သိမှတ်ဖွယ်ရာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

G6PD Deficiency ဆိုတာ ခန္ဓာကိုယ်ထဲမှာ glucose-6-phosphate dehydrogenase အင် ဇိုင်းအလုံအလောက်မရှိတဲ့ မွေးရာပါအခြေအနေ ဖြစ်ပါတယ်။ အဲဒီ G6PD အင်ဇိုင်းဟာ သွေးနီဥတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ကူညီပါတယ်။ ဒီအင်ဇိုင်းချို့တဲ့မှုကြောင့် တချို့အစာ၊ ဆေးဝါး၊ ကူးစက်ပိုးတွေနဲ့ထိတွေ့မိတဲ့အခါ သွေးအားနည်းတာမျိုး (Hemolytic Anaemia) ဖြစ်တတ်ပါတယ်။

G6PD ချို့တဲ့သူအများစုမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမဲ့ တချို့လူတွေမှာတော့ သွေးနီဥထိခိုက်ပြီး သွေးအားနည်းတဲ့လက္ခဏာ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလို အခြေအနေမှာလည်း သွေးအားနည်းတဲ့လက္ခဏာက ပျောက်သွားတတ်ပါတယ်။ ရေရှည်သွေးအားနည်းရောဂါ ဖြစ်တာက ရှားပါးတတ်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့အညီ နေထိုင်မယ်ဆိုရင် G6PD ချို့တဲ့တဲ့ ကလေးတွေဟာ ကျန်းမာတက်ကြွတဲ့ ဘဝမှာနေထိုင်နိုင်ပါတယ်။

G6PD ချို့တဲ့ခြင်း
G6PD ဆိုတာ ခန္ဓာကိုယ်ကနေ ကာဗိုဟိုက် ဒရိတ်ကိုစွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ အင်ဇိုင်းများစွာထဲကတစ်ခုပါ။ ဆေးသောက်တဲ့အခါနဲ့ ခန္ဓာကိုယ်က ကူးစက်ပိုးတွန်းလှန်တဲ့အခါ သွေးနီဥတွေ မထိခိုက်စေဖို့ G6PD က ကာကွယ်ပေးပါတယ်။
G6PD ချို့တဲ့သူတွေမှာ သွေးနီဥတွေက G6PD အလုံအလောက် မထုတ်လုပ်နိုင်တာမျိုး ဒါမှမဟုတ်ရှိနေတဲ့ သွေးနီဥတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ G6PD အလုံအလောက်မရှိတဲ့အခါ သွေးနီဥတွေ ထိခိုက်ရ တတ်ပါတယ်။ အဲဒီအခါ သွေးအားနည်းတတ်ပါတယ်။

G6PD ချို့တဲ့ရခြင်း အကြောင်းရင်း
မိဘတစ်ပါး ဒါမှမဟုတ် နှစ်ပါးစလုံးကနေ ကလေးဆီကိုရောက်ရှိတဲ့ မျိုးဗီဇကတစ်ဆင့် G6PD ချို့တဲ့မှုဖြစ်တတ်ပါတယ်။ ချို့တဲ့မှုဖြစ်ရတဲ့ မျိုးဗီဇက X ခရိုမိုဇုန်းပေါ်မှာ မူတည်ပါတယ်။

G6PD ချို့တဲ့ခြင်းဆိုင်ရာ လက္ခဏာကို လှုံ့ဆော်ပေးနိုင်သော အချက်များ
G6PD ချို့တဲ့တဲ့ ကလေးတွေက သွေးနီဥတွေ ကိုထိခိုက်စေတဲ့ အချက်တွေနဲ့ မတွေ့ခင် အချိန်အထိ ဘာလက္ခဏာမှမပြတတ်ပါဘူး။

– ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးဝင်တာလို နာမကျန်းမှု၊

– အကိုက်အခဲပျောက်ဆေးတချို့နဲ့ အဖျားကျဆေး တချို့၊

– အထူးသဖြင့် ဆေးနာမည်ထဲမှာ ‘sulf’ ဆိုတဲ့အမည်ပါတဲ့ ပဋိဇီဝပိုးသတ်ဆေးတချို့၊

– အထူးသဖြင့် ဆေးနာမည်ထဲမှာ ‘quine’ ဆိုတဲ့ အမည်ပါတဲ့ ငှက်ဖျားကုသဆေးတချို့ စတာတွေ နဲ့ထိတွေ့မှုရှိတဲ့ အခါကျမှ G6PD ချို့တဲ့တဲ့လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။

ခြွင်းခင်းချက်အနေနဲ့ G6PD ချို့တဲ့တဲ့ ကလေး တချို့က ဆေးဝါးတချို့ကိုပမာဏနည်းရင် ခံနိုင်ရည်ရှိတတ်ပြီး တခြားကလေးတွေကတော့အဲဒီဆေးတွေ ကို ပေးလို့မရတတ်ပါဘူး။ တကယ်လို့ ကလေးဟာ G6PD ချို့တဲ့နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ဆွေးနွေးတိုင်ပင်ပြီး ကလေးကို ပြဿနာပေးနိုင်တဲ့ ဆေးဝါး စာရင်းအပြည့်အစုံကို ရယူထားဖို့ လိုပါလိမ့် မယ်။ G6PD ချို့တဲ့တဲ့ ကလေးတွေဟာ ပရုတ်လုံးထဲမှာ ပါတဲ့ ဓာတုပစ္စည်း Naphthaleneနဲ့ ထိတွေ့ မိရင်၊ မျိုချမိရင် အထူးအန္တရာယ်ရှိပါတယ်။ တောင် ကြီးပဲ၊ ပဲလိပ်ပြာလို ပဲတွေနဲ့ မတည့်ပါဘူး။

G6PDချို့တဲ့ခြင်းဆိုင်ရာ လက္ခဏာများ
B6PD ချို့တဲ့တဲ့ ကလေးတစ်ဦးဟာ သွေးနီဥ ထိခိုက်စေတဲ့ ဆေးဝါး ဒါမှမဟုတ် ကူးစက်ပိုးနဲ့ ထိ တွေ့တဲ့အခါတောင်မှ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အလွန်ပြင်းထန်တဲ့ အခြေအနေကျမှ hemolytic anemia ဖြစ်ပြီး သွေးအားနည်းတဲ့ လက္ခဏာ ပေါ်လာတတ်တာပါ။ အဲဒီအခါ အရေပြား ဖျော့တော့တာ၊ လျှာနဲ့ နှုတ်ခမ်းဖြူဖျော့တာ၊ အလွန်မောပန်းတာ၊ နှလုံးခုန်နှုန်း မြန်တာ၊ အသက်ရှူမြန်တာ၊ အသက်ရှူ မဝတာ၊ အသားဝါတာ၊ အထူးသဖြင့် မွေးကင်းစ ကလေးငယ်မှာ အရေပြားနဲ့ မျက်စိဝါတာ၊ သရက်ရွက်ကြီးတာ၊ ဆီးဝါတာစတဲ့ လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။

G6PD ချို့တဲ့မှုကို လှုံ့ဆော်တဲ့အချက်ကို ဖယ်ရှားလိုက်တာနဲ့ ဒီလက္ခဏာတွေက ပျောက် သွားပါလိမ့်မယ်။ ရောဂါလက္ခဏာက အသေး အမွှားဆိုရင် ဆေးကုသမှုမလိုပါဘူး။ ခန္ဓာကိုယ်က သွေးနီဥအသစ်ထုတ်တာနဲ့ သွေးအားနည်းတာ သက်သာသွားမှာပါ။ တကယ်လို့ လက္ခဏာက ပြင်းထန်တယ်ဆိုရင်တော့ ဆေးရုံတင်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ရောဂါရှာဖွေကုသမှု
ရောဂါ လက္ခဏာမပြတဲ့အထိ G6PDချို့တဲ့ မှန်းမသိကြပါဘူး။ လက္ခဏာတစ်ခုခုပြတဲ့အခါကျမှ ဆရာဝန်တွေက သံသယရှိပြီး သွေးစစ်ဆေးမှု ပြု လုပ်လေ့ရှိတတ်ပါတယ်။

G6PD ချို့တဲ့တဲ့ ကလေးတွေက အလွန်အမင်းသွေးအားနည်းနေရင်ဆေးရုံတင်ပြီး လိုအပ်တဲ့ အောက်ဆီဂျင်၊ အရည်ဓာတ်ပေးတာ၊ လိုအပ်လာရင် သွေးသွင်းတာမျိုး လုပ်ဆောင်ပေးရတတ်ပါတယ်။

အဓိကကတော့ G6PD ချို့တဲ့တတ်တဲ့ ကလေးတွေကို လက္ခဏာဖြစ်ပေါ်အောင် လှုံ့ဆော်တတ်တဲ့ အချက်တွေနဲ့ မထိတွေ့အောင် ပြုစုစောင့် ရှောက်ဖို့ပဲဖြစ်ပါတယ်။ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှုရှိရင် G6PD ချို့တဲ့တဲ့ကလေး တွေဟာ ကျန်းမာပျော်ရွှင်လန်းဆန်းတဲ့ဘဝမျိုးမှာ နေထိုင်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top