Healthy Life Ad
Q & A

စိတ်ဝေဒနာကို ပယောဂလို့ မထင်ပါနဲ့ . . .

မေး. တွံတေးမြို့နယ်၊ ၁၉ မိုင်ကုန်းက ရွာလေးတစ်ရွာမှာ ကလေးသုံးဦးကို ပယောဂဝင်တယ်ဆိုပြီး ပယောဂဆရာက ကုသလိုက်၊ ရိုက်နှက်လိုက်၊ ကန်ကြောက်လိုက်လုပ်ရင်း သေဆုံးသွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်က လူအတော်များများကို ထိတ်လန့်စေခဲ့ပါတယ်။ ကရုဏာဒေါသလည်း ဖြစ်စေခဲ့ပါတယ်။ အဲဒီရွာက လူတွေကတော့ ဒီဆရာသာမကုပေးရင် ကလေးတွေက သူတို့ကိုကိုက်စားတော့မှာလို့လည်း ထင်မြင်ထားကြပါတယ်။ ကျွန်မသိချင်တာက ပယောဂဆိုတာ တကယ်ရှိပါသလား၊ ဒါက စိတ်ကျန်းမာရေးအရ ဘာဖြစ်နိုင်မလဲဆိုတဲ့ ဆရာ့အမြင်ကို သိချင်ပါတယ်ဆရာ။
ဒေါ်နီ၊ စမ်းချောင်း။

ဒေါက်တာဦးအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. တွံတေးမြို့နယ်၊ ၁၉ မိုင်ကုန်းရွာတစ်ရွာက အဖြစ်အပျက်ကို ကြားရတော့ “အုပ်စုထဲမှာ လွဲမှားတဲ့ အယူစွဲဖြစ်ပွားခြင်း” (Mass Delusion) အကြောင်းကို စဉ်းစားမိပါတယ်။ မမှန်ကန်တဲ့ ကောလာဟလ သတင်းကို ရပ်ကွက်ထဲမှာ လက်ခံယုံကြည်လာတာ ဖြစ်ပါတယ်။ ရွာထဲမှာ တစ္ဆေသရဲ ပူးကပ်တာတွေ၊ အပမှီတာတွေဖြစ်နေပြီလို့ အလျင်အမြန် သတင်းပျံ့နှံ့သွားပြီး အများစုက ဟုတ်နိုးနိုးနဲ့ ယုံကြည်လာတာ ဖြစ်ပါတယ်။ အဲဒီယုံကြည်မှုဟာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ ဖီလာဆန့်ကျင်တာတော့ မဟုတ်ဘူး။ ခေတ်သစ်ဆေးပညာက လက်မခံတော့ပေမယ့် လူထုထဲမှာ တစ္ဆေသရဲ ယုံကြည်မှု အနည်းအများ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို နေ့စဉ် ပြောဆိုနေကြတာ မဟုတ်ဘူး။ ၁၉ မိုင်ကုန်းရွာလေးမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဒီကိစ္စဟာ ရှေ့တန်းရောက်လာပုံရပါတယ်။ လူတွေ အပြောများတဲ့ ကောလာဟလသတင်းအဖြစ် ပျံ့နှံ့သွားတယ်။

ဒီတော့ ဘာဖြစ်သလဲ။ တစ္ဆေသရဲကို ယုံကြည်မှု လွန်ကဲတဲ့ မိဘတွေဟာ သူတို့သားသမီးတွေအတွက် စိတ်ပူလာတယ်။ ကိုယ်ထင်ရင် ကုတင်ရွှေနန်းဆိုတဲ့ စကားရှိတယ် မဟုတ်လား။ ကြောက်စိတ်မွှန်လာတာကြောင့် သားသမီးတွေမှာ တစ္ဆေသရဲပူးတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာသလို ထင်မြင်တတ်ကြတယ်။ သားသမီးမှာ သန်ကောင်ရောဂါထလို့ ဗိုက်နာရင် သရဲဝင်လာတယ်လို့ ကောက်ချက်ချမိမယ်။ ကလေးက အိပ်မက်ထဲမှာ ယောင်အော်ရင် တစ္ဆေပူးနေပြီလို့တွက်မိမယ်၊ မိဘရဲ့ လွှမ်းမိုးမှု တိုက်တွန်းမှုကြောင့် သားသမီးတွေ ကိုယ်တိုင်လည်း ဟစ်တီးရီးယားရောဂါလက္ခဏာ ခံစားလာရမယ်။ ဒီလိုအခြေအနေမှာ “တောမီးလောင်တော့ ကြောင်လက်ခမောင်းခတ်”သူတွေ ရှိပါတယ်။ ပယောဂ ဆရာတွေပါပဲ။

ဒီအချိန်မှာ ပယောဂဆရာရဲ့ သြဇာအာဏာက ကြီးမားပါတယ်။ သူတို့ပြောသမျှ မိဘတွေက သဘောတူလွယ်မယ်၊ ဆရာကြိုက်သလိုလုပ်ပါ၊ ကလေးမှာ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးတွေ ထွက်သွားရင် ကျေနပ်ပါတယ်ဆိုပြီး အကြမ်းဖက် ကုသနည်းကို လက်ခံတတ်ကြပါတယ်။ ၁၉ မိုင်ကုန်းရွာလေးမှာ ဖြစ်ပွားတဲ့ ကိစ္စမျိုးကို ဘယ်လိုကာကွယ်နိုင်သလဲ။

ပြည်သူလူထုထဲမှာ လက်ခံကျင့်သုံးနေတဲ့ ယုံကြည်ချက်တွေကို ချက်ချင်း ပြောင်းလဲပစ်လို့ မရပါဘူး။ အချိန်ယူပြီး စိတ်ကျန်းမာရေး ပညာပေးလုပ်ငန်းတွေကို ဆက်တိုက်ဆောင်ရွက်နေရမှာပါ။ လူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်မှုကို အတင်းအဓမ္မ ဖျောက်ခိုင်းလို့လည်း မရပါဘူး။ ဒါက သူပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေး ဖြစ်ပါတယ်။

ဒါပေမဲ့ အရေးကြီးတဲ့ အချက်တစ်ခုရှိပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ “ဆေးကြမ်း”ကျွေးပြီး ကုသနည်း၊ ရိုက်နှက်ကုသနည်းတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ကာယကံရှင်က ခွင့်ပြုပေမယ့် တစ်ဦးက တစ်ဦးကို အနာတရဖြစ်အောင် ရိုက်နှက်ခွင့် မရှိပါဘူး။ “သူက ငါ့ကို ရိုက်ခွင့်ပေးလို့ သူ့ကို ငါရိုက်တာ”လို့ ထုချေလို့မရပါဘူး။ ပယောဂဆရာတွေ သတိထားသင့်တဲ့ အချက်ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top