Healthy Life Ad
Life Style

လူ လူချင်း ဘာကြောင့် သတ်ကြတာလဲ . . .(၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ဒေါ်မြမှူးသွယ်မေးထားတဲ့ လူလူချင်း ဘာကြောင့် သတ်သလဲဆိုတဲ့ မေးခွန်းကို ဆက်လက်ဖြေကြားပါမယ်။

(၁) ကာမဆန္ဒချို့ယွင်းဖောက်ပြန်လို့
လူသတ်မှုကျူးလွန်သူတွေအကြောင်းကို ဆွေးနွေးရင် ကာမဆန္ဒချို့ယွင်းဖောက်ပြန်နေတဲ့ လူတွေ ကိုဖယ်ထားလို့မရပါဘူး။ ကာမဆန္ဒချို့ယွင်း ဖောက်ပြန်ခြင်း (Sexual Deviation) ဝေဒနာရှိသူတချို့ ဟာ လူသတ်မှု ကျူးလွန်တတ်ပါတယ်။ ဥပမာ- မုဒိမ်းမှုကျူးလွန်တတ်သူ (Rapist)၊ အရွယ်မရောက်သေးတဲ့ “ကလေးသူငယ်တွေနဲ့ လိင်စိတ်ဖြေသူ” (Paedophile)၊ အကြမ်းဖက်ပြီး လိင်စိတ်ဖြေသူ (Sadist) စတာတွေ ဖြစ်ပါတယ်။

(က) တစ်ပါးသူရဲ့ ခွင့်ပြုချက်မရဘဲ အဓမ္မလိင် ဆက်ဆံတာကို မုဒိမ်းကျင့်တယ်လို့ ခေါ်ပါတယ်။ မုဒိမ်းမှုကျူးလွန်သူတွေဟာ မိန်းမတွေကို မုန်းတီးစိတ် အနိုင်ယူလိုစိတ်ရှိတယ်။ မိန်းမတွေအပေါ် အကြမ်းဖက်ဖို့ စဉ်းစားလိုက်ရင် လိင်ဆန္ဒပြင်းပြလာတတ်တယ်။ တချို့ကတော့ မိမိရဲ့ ဒေါသကို လိင်ဆက်ဆံပြီး ဖြေဖျောက်တတ်တယ်။ ဒါကြောင့် မုဒိမ်းကျင့်သူတွေဟာ ဓားစာခံကို အကြမ်းဖက် ရိုက်နှက်တတ်ကြတယ်။ သတ်ဖြတ်မှုအထိ ဖြစ်ပွားနိုင်ပါတယ်။

အခြေအမြစ်မရှိဘဲ ‘ငါ့သားက ဉာဏ်ကြီးရှင်၊ ငါးသမီးက အလှဘုရင်မ’ သူတို့ဘာလုပ်လုပ် တော်လိုက်တာ၊ ကောင်းလိုက်တာစသဖြင့် အသားလွတ်မြှောက်ပင့်ပေးရင် အဲဒီကလေး အရွယ်ရောက်လာတဲ့အခါ ဘဝင်မြင့်အတ္တ စိတ်လွန်ကဲသူ ဖြစ်လာနိုင်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် လမ်းညွှန်ပေးတာနဲ့ ကလေး တွေကို အသားလွတ်ချီးကျူး မြှောက်ပင့်ပေးတာဟာ မတူပါဘူး . . .

(ခ) အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် ကာမဂုဏ်ကျူးလွန်သူကို “ကလေးသူငယ်တွေနဲ့ လိင်စိတ်ဖြေသူ”လို့ ခေါ်ပါတယ်။ ယောကျာ်းတွေထဲမှာ ဒီလို လူမျိုး ၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့သိရပါတယ်။ “ကလေးသူငယ်တွေနဲ့လိင်စိတ်ဖြေသူတချို့ဟာ အကြမ်းဖက်ရက်စက်တတ်သူ တွေလည်း ဖြစ်တယ်။ တချို့ကတော့ သူတိုရဲ့ ပြစ်မှုကို ဖုံးကွယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ သက်သေကို အစဖျောက်တတ်ကြတယ်။

(ဂ) အကြမ်းဖက်ပြီး လိင်စိတ်ဖြေသူတွေဟာ မိမိတို့ကာမဆန္ဒကျေနပ်ဖို့ သူတပါးကို ကိုယ်ထိလက်ရောက် ညှင်းဆဲတယ်။ ဒဏ်ရာအနာတရဖြစ်အောင် နာကျင်အောင် ပြုမူတယ်။ သူတပါး အဖတ်ဆယ်မရအောင် ပြုမူပြောဆိုတယ်။ အဲဒီလို အပြုအမူတွေကြောင့် လူသတ်မှု/လူသေမှု ဖြစ်ပွားပါတယ်။ ပြည်သူလူထုအတွင်းမှာ ဒီလို လူမျိုး ဘယ်လောက် များများ ရှိသလဲဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ ကာမဆန္ဒချို့ယွင်းဖောက်ပြန် ဝေဒနာကုဆေးခန်းမှာ ကုသမှု ခံယူသူတွေရဲ့ ၃ ရာခိုင်နှုန်းဟာ အကြမ်းဖက်ပြီး လိင်စိတ်ဖြေဝေဒနာရှိသူတွေ ဖြစ်ပါတယ်။ ကာမဆန္ဒဇောကြောင့် လူသတ်မှုကျူးလွန်သူတွေထဲမှာ ၃၇ ရာခိုင်နှုန်းဟာ အကြမ်းဖက်ပြီး လိင်စိတ်ဖြေဝေဒနာရှိကြောင်း တွေ့ရှိရပါတယ်။
_ _ _
သားသမီးတွေထဲမှာ ကာမဆန္ဒချို့ယွင်း ဖောက်ပြန်သူ စုန်းပြူးပါမလာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးသင့်သလဲ။
မုဒိမ်းမှု ကျူးလွန်သူတွေမှာ မိန်းမတွေကို မုန်းတီးတဲ့စိတ်ရှိတယ်။ မိန်းမတွေကို လေးစားတန်ဖိုး မထားတတ်ဘူး။ မိန်းမတွေနဲ့ သာတူညီမျှ ဆက်ဆံလိုတဲ့ စိတ်မရှိဘူး။ မိန်းမတွေကို အနိုင်ကျင့်တတ်တယ်။ မိန်းမတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာကို တရားတယ်လို့ အယူသည်းသူတွေ ဖြစ်ပါတယ်။ ကလေးသူငယ်တွေမှာ အဲဒီလို စိတ်ထားမျိုး ကြီးထွားရင့်သန်မလာအောင် မိဘက သွန်သင်ဆုံးမ နိုင်ပါတယ်။ ကိုယ်တိုင် နမူနာကောင်းပြပြီး အသိပညာပေးနိုင်ပါတယ်။
ကလေးသူငယ်တွေနဲ့ လိင်စိတ်ဖြေဝေဒနာရှိသူ အမြောက်အများဟာ သူတို့ငယ်စဉ်ဘဝက ကာမ ဂုဏ်ကျူးလွန်တာခံရတဲ့ ဓားစာခံတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သားသမီးတွေကို အဲဒီလိုအန္တရာယ် မျိုး မကျရောက်အောင် မိဘတွေက ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။
_ _ _
(၂) စိတ်ရောဂါနှင့် လူသတ်မှု
အမေရိကန်နိုင်ငံမှာ လူသတ်မှု ကျူးလွန်သူ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ စိတ္တဇရောဂါသည်တွေ ဖြစ်ကြောင်း တွေ့ရပါတယ်။ ဗြိတိန်နိုင်ငံမှာ ၈ ရာခိုင်နှုန်းနဲ့ သြစတြေးလျနိုင်ငံမှာ ၄ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမဲ့ စိတ်ရောဂါသည်က လူသတ်မှု ကျူးလွန်ရင် သတင်းမီဒီယာတွေမှာ ချဲ့ထွင်ရေးသားလေ့ရှိပါတယ်။ အဲဒီတော့ ပြည်သူလူထုထဲမှာ စိတ်ရောဂါရှင်တွေကို ကြောက်စိတ်၊ ပစ်ပယ်ချင်စိတ် ဖြစ်ပွားစေပါတယ်။
အခုအပိုင်းမှာ လူသတ်မှုကျူးလွန်ဖို့ အလားအလာများတဲ့ စိတ္တဇရောဂါတွေအကြောင်းကို ဆက် လက်ဆွေးနွေးပါမယ်။

(က) စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ (Schizophrenia)ဟာလူ ၁၀ဝ မှာ တစ်ယောက်နှုန်း ဖြစ် ပွားတတ်တဲ့ရောဂါဖြစ်ပါတယ်။ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါရှိသူ ဘာကြောင့် လူသတ်မှုဖြစ်သလဲ။ အဲဒီလို စိတ်ရောဂါ ခံစားနေရသူမှာ အတွေးအခေါ် ချို့ယွင်းမှုရှိတယ်၊ သူတိုရဲ့ စိတ်ခံစားတုန့်ပြန်မှုက မူမမှန်ဘူး၊ အကြောင်းမဲ့မြင်ခြင်း၊ အကြောင်းမဲ့ ကြားခြင်းစတဲ့ အာရုံမှားတွေကိုလည်း ခံစားရတယ်။
(အသက် ၃၀ ကျော် စိတ်ကစဉ့်ကလျားစိတ္တဇရောဂါသည် အမျိုးသမီးတစ်ဦးမှာ ထူးခြားဆန်းပြား တဲ့ ယုံကြည်မှု ရှိနေတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို ဂြိုဟ်သားတွေက အုပ်စိုးနေပြီလို့ ယုံကြည်နေတယ်။ သူ့ပတ်ဝန်းကျင်က လူတွေအားလုံးဟာ ဂြိုဟ်သားတွေပဲလို့ ထင်မြင်ယူဆနေတယ်။ သူ့သားဟာလည်း ဂြိုဟ်သားပဲလို့ ယုံကြည်နေတာကြောင့် သည်းမခံနိုင် တော့ဘဲ သူ့သားကို သတ်ပစ်လိုက်တယ်။ (ALOC ၁၉၉၉)အဲဒါကတော့ ယုံကြည်ချက်နဲ့ တွေးတော ဆင်ခြင်ပုံတွေ အလွန်အမင်းချို့ယွင်းနေလို့ လူသတ်မိတာဖြစ်ပါတယ်။

စိတ်ကစဉ့်ကလျားစိတ္တဇရောဂါရှိတဲ့ လူနာ ၃၀ဝ၀ မှာ တစ်ယောက်ဟာ ရောဂါသက်တမ်းတစ်လျှောက်အတွင်း လူသတ်မှုကျူးလွန်ကြောင်း တွေ့ ရှိရပါတယ်။ လူသတ်မှု ကျူးလွန်သူအားလုံးရဲ့ ၅ ရာခိုင်နှုန်းခန့်ဟာ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါသည်တွေ ဖြစ်ပါတယ်။

ပင်ကိုဉာဏ်ရည် အဆင့်နိမ့်ခြင်း၊ ကြမ်းတမ်းခက်ထန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ အရက်/မူးယစ်ဆေး သုံးစွဲခြင်း၊ မိမိကိုယ်ကိုယ် အန္တရာယ်ပြုတတ်ခြင်း၊ ဆေးကုသမှုမခံယူခြင်း၊ ဆေးမတိုးခြင်း စတဲ့ အချက်အလက်တွေရှိရင် အဲဒီလူနာတွေဟာ လူသတ်မှုကျူးလွန်ဖို့ အလားအလာ များပါတယ်။ အမှုကိစ္စ မဖြစ်ပွားခင် အလွန်အမင်း အိပ်ရေးပျက်တာနဲ့ ဂနာမငြိမ်တဲ့ အပြုအမူတွေ ရှိတတ်ပါတယ်။

(ဃ) လူ၁၀ဝ မှာ တစ်ယောက် စိတ်ကျစိတ်ကြွရောဂါ ဖြစ်ပွားနိုင်ပါတယ်။ စိတ်ကျစိတ်ကြွရောဂါ (Bipolar Disorder)ရှိသူတွေမှာ စိတ်ကျဝေဒနာ ခံစားရတဲ့ အချိန်အခါနဲ့ စိတ်ကြွဝေဒနာခံစားရတဲ့ အချိန်အခါရယ်လို့ ရှိပါတယ်။
စိတ်ကြွဝေဒနာ ခံစားရတဲ့အချိန်အခါ (Manic Phase)မှာ ဘယ်လိုလက္ခဏာတွေကို တွေ့ရှိရသလဲ၊ စိတ်ကြွဝေဒနာခံစားရသူဟာ စကားပြော အလွန်မြန်တယ်။ အကြောင်းအရာတစ်ခုက တစ်ခုကို အဆက် အစပ်မရှိဘဲ ပြောင်းလဲပြောဆိုတတ်တယ်။ သူတို့ဟာ အလွန်အမင်း ပျော်ရွှင်ကြည်နူးနေတယ်။ စိတ်ဓာတ် မြူးထူးတက်ကြွနေတတ်တယ်။ သူတို့ဟာ ဘဝမြင့်စိတ်လွန်ကဲနေတယ်။ အမှန်တကယ် မဟုတ်ဘဲ သူတို့ဟာ ဉာဏ်ရည်ထက်မြက်သူ၊ တန်ခိုးရှိသူ၊ ချမ်းသာကြွယ်ဝသူ၊ အာဏာရှိသူ စသဖြင့် အယူမှား တွေကို ယုံကြည်စွဲလမ်းနေတယ်။ သူတို့ဟာ အငြိမ်မနေနိုင်ဘူး။ တစ်ခုပြီး တစ်ခု အလျင်အမြန် ပြုလုပ်ပြီး အကြောင်းမဲ့ အလုပ်ရှုပ်နေတတ်တယ်။ သူတို့မှာ မမောမပန်းနိုင်တဲ့ ခွန်အားတွေ ရှိနေသလိုပဲ။ ညဘက်မှာ မအိပ်ဘဲ အလုပ်များနေပေမယ့် မောပန်းတယ်ဆိုတာ မရှိဘူး။ သူတို့ဟာ ထစ်ခနဲဆိုရင် အလွယ်တကူ ဒေါသထွက်လွယ်တယ်။ သူတို့ကို ဆန့်ကျင်ပြောဆိုရင်၊ သူတို့နဲ့ ငြင်းခုန်မိရင်၊ သူတို့ အလိုမကျဖြစ်ရင် အလွန်အမင်း ဒေါသထွက် ပေါက်ကွဲတတ်တယ်။ သူတို့မှာ အမှားအမှန်ကို ဆင်ခြင်ဆုံး ဖြတ်နိုင်မှု လျော့နည်းနေတယ်။

ဒါကြောင့် စိတ်ကြွရောဂါသည်တွေဟာ ကြမ်းတမ်းခက်ထန်တဲ့ ပြစ်မှုတွေကို ကျူးလွန်တတ်တယ်။ အငြင်းအခုန် ခိုက်ရန်ဖြစ်ပွားနေစဉ်မှာ စိတ်မထိန်းနိုင်ဘဲ အကြမ်းဖက်မိတာကြောင့် မတော်တဆ လူသတ်မှု ဖြစ်ပွားတတ်ကြပါတယ်။ လူသတ်မှု ကျူးလွန်သူတွေထဲမှာ ၂ ရာခိုင်နှုန်းကျော်ဟာ စိတ်ကြွ ရောဂါရှင်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

စိတ်ကြွရောဂါ ခံစားနေရသူနဲ့ ဆက်ဆံတဲ့အခါ သူတိုရဲ့ဒေါသကို မဆွမိဖို့သတိထားရမယ်။ သူတို့ကို အပြစ်တင် ဝေဖန်တာမျိုး မပြောသင့်ဘူး။ သူတို့နဲ့ အငြင်းအခုန် စကားပြိုင်လုနေရင်လည်း အကျိုးရှိမှာ မဟုတ်ဘူး။ ရေလိုက်ငါးလိုက် ဆက်ဆံပြီး ဆေးကုခံဖို့ စီစဉ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
_ _ _

စိတ်ကြွရောဂါရှင်က လူတွေကို အကြမ်းဖက် ရိုက်နှက်ရင် နားလည်ဖို့ လွယ်ပါတယ်။ ဒါပေမဲ့ မတုန်မလှုပ် ထိုင်းမှိုင်းငေးငိုင်နေတဲ့ စိတ်ကျရောဂါ ခံစားနေရသူက မမျှော်လင့်ဘဲ လူသတ်မှု ကျူးလွန်ရင်တော့ နားမလည်နိုင်အောင် ဖြစ်ကြပါတယ်။ စိတ်ကျရောဂါရှိသူတွေထဲမှာ လူသတ်မှုကျူးလွန်တဲ့ နှုန်းက စိတ်ကြွရောဂါရှိသူတွေထဲမှာ ဖြစ်ပွားနှုန်းထက် ပိုများပါတယ်။ ဘာကြောင့်လဲ . . .

-ရှေ့တစ်ပတ်တွင် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top