Healthy Life Ad
Life Style

ရင်သားကင်ဆာ ကုသမှု

ပါမောက္ခဒေါ်ရင်ရင်ထွန်း (ကင်ဆာအထူးကု သမားတော်ကြီး ဥက္ကဌ၊ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ရင်သားကင်ဆာအဆင့် သတ်မှတ်ချက်တွေကို သိပါရစေ ဆရာမ။
ဖြေ. ရင်သားမှာ လက္ခဏာမပေါ်ဘဲ စစ်ဆေးရင်း တွေ့တာက အဆင့် (ဝ)၊ ရင်သားမှာပဲ အကျိတ်ရှိတယ်ဆိုရင် အဆင့် (၁)၊ အကျိတ်က ရင်သားတင်မကဘဲ ချိုင်း(ဂျိုင်း)ကို ရောက်သွားပြီဆိုရင် အဆင့်(၂)၊ ရင်သားမှာရှိတဲ့အကျိတ်က ပိုကြီးလာတယ်၊ အနာကြီးလိုဖြစ်လာတယ်ဆိုရင် အဆင့် (၃)လို့ ခေါ်ပါတယ်။ သွေးထဲကနေ ပျံ့နှံ့နိုင်တယ်၊ အဆုတ်ကိုရောက်တယ် ဒါမှမဟုတ် ဦးနှောက်ကိုလည်း ရောက်တယ်ဆိုရင် အဆင့် (၄) ဖြစ်သွားပါပြီ။ ဒီအဆင့်ဆိုရင် ကုသရခက်ခဲပါတယ်။

မေး. ရင်သားကင်ဆာ မျိုးရိုးလိုက်တဲ့အကြောင်းလေးကိုလည်း သိပါရစေ ဆရာမ။
ဖြေ. ရင်သားကင်ဆာက မျိုးရိုးလိုက်တာ ရှိပါတယ်။ အဖေဘက်ကဖြစ်စေ၊ အမေဘက်ကဖြစ်စေရင် သားကင်ဆာမျိုးရိုးရှိရင် မျိုးရိုးမရှိသူထက်ရင် သားကင်ဆာဖြစ်နိုင်ခြေ နှစ်ဆ-သုံးဆလောက် ပိုများတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ရင်သားကင်ဆာဖြစ်ပြီး လာပြလိုက်ရင် ၈ယောက်- ၉ယောက်မှာ တစ်ယောက်လောက်ပဲ မျိုးရိုးရှိပါတယ်။ ကျန်တဲ့သူတွေက မျိုးရိုးမရှိဘူး၊ မိသားစုထဲမှာ ပထမဆုံး ရင်သားကင်ဆာဖြစ်သူ ဖြစ်နေတာကိုတွေ့ရပါတယ်။

ဒီလိုဖြစ်ရတာက အမျိုးသမီးဟော်မုန်းတွေနဲ့ ဆိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းထိတွေ့မှုပိုများရင် ပိုပြီးဖြစ်နိုင်ခြေရှိပါတယ်။ ၁၂ နှစ်မတိုင်ခင် ရာသီလာတဲ့သူတွေ၊ သွေးဆုံးတာနောက်ကျတဲ့ အမျိုးသမီးတွေ၊ အိမ်ထောင်မပြုတဲ့ အပျိုကြီးတွေ၊ အိမ်ထောင်ပြုတာနောက်ကျပြီး သားသမီးယူတာနည်းတဲ့သူတွေဆိုရင် အမျိုးသမီးဟော်မုန်းအသုံးမပြုတဲ့အတွက် ဖြစ်နိုင်ခြေများပါတယ်။ မိခင်နို့ချိုတိုက်ရင်တော့ ရင်သားကင်ဆာကို ကာကွယ်နိုင်ပါတယ်။

မေး. ရင်သားကင်ဆာဖြစ်ပြီဆိုရင် ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာမ။
ဖြေ. ရင်သားကင်ဆာဖြစ်ပြီဆိုရင် စိတ်ဓာတ်မကျဖို့ လိုတယ်။ တချို့ကရင်သားမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တွေ့တယ်၊ ဒါပေမဲ့ ရှက်တယ်၊ ကြောက်တယ်ဆိုပြီးမပြဘူး၊ ဖွက်ထားတယ်။ အဲဒီအခါ ရောဂါရင့်မှ ပြတာမျိုးရှိတယ်။ ဒါမျိုးက မလုပ်သင့်ပါဘူး။ နောက်ကျသွားရင် အသက်အန္တရာယ်ရှိတဲ့အတွက် စောစောစီးစီးပြသဖို့ လိုပါတယ်။

မေး. ရင်သားကင်ဆာ ကုသပျောက်ကင်းဖို့အတွက် ဘယ်လိုလိုက်နာသင့်ပါသလဲ ဆရာမ။
ဖြေ. ရင်သားကင်ဆာကို စောစောတွေ့ဖို့နဲ့ စောစောကုသဖို့ အရေးကြီးပါတယ်။ စောစောတွေ့ရှိကုသရင် ပျောက်ကင်းနိုင်ခြေက ပိုများပါတယ်။ အစောဆုံးတွေ့တဲ့အချိန်မှာ ထိရောက်တဲ့ ကုထုံးခံယူဖို့လိုပါတယ်။ ကုသတဲ့နည်းမှာ ခွဲစိတ်ကုသနည်းရှိပါတယ်။ ရင်သားတစ်ခုလုံးကို ဖြတ်တာလည်းရှိတယ်၊ ရင်သားအကျိတ်ကိုပဲ ခွဲထုတ်တဲ့နည်းလည်းရှိပါတယ်။ ပြီးရင်တော့ ဓာတ်ရောင်ခြည်ပေးတဲ့ ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံးစသဖြင့် ရှိပါတယ်။ တချို့လူတွေမှာ ဟော်မုန်းဆေးပဲ သောက်ရတာ ရှိပါတယ်။ အခုနောက်ပိုင်း ဗီဇကို ကုတဲ့ဆေးအသစ်တွေလည်း ပါဝင်ပါတယ်။ ဒီကုထုံးတွေက လူနာတစ်ဦးချင်းပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါတယ်။

မေး. မြန်မာနိုင်ငံမှာ ရင်သားကင်ဆာကို ဘယ်လိုကုသတဲ့ စနစ်နဲ့ ကုသမှုပေးနေပါသလဲ ဆရာမ။
ဖြေ. မြန်မာနိုင်ငံမှာ ရင်သားမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တစ်ခုတွေ့ရင်ခွဲစိတ်ဆရာဝန်ကို ပြလေ့ရှိပါတယ်။ ခွဲစိတ်ဆရာဝန်က ရင်သားအကျိတ် အသားစယူတယ်။ ကင်ဆာဖြစ်တယ်ဆိုရင် ရင်သားအကျိတ်ကို ခွဲထုတ်တာ ဒါမှမဟုတ် ရင်သားတစ်ခုလုံး ဖယ်ရှားတာတွေလုပ်ပြီး ကင်ဆာအထူးကုဆရာဝန်ကြီးတွေကို လွှဲပေးပါတယ်။ အဲဒီမှာ ဓာတ်ရောင်ခြည်ပေးတာ၊ ကင်ဆာဆေးသွင်းကုသတာတွေကို ကင်ဆာအထူးကုဆရာဝန်ကြီးတွေ ကဆုံးဖြတ်ပါတယ်။ နိုင်ငံတကာမှာ ကုသမှုပေးတဲ့ ကုထုံးတွေအတိုင်း မြန်မာနိုင်ငံမှာ ကုလို့ရနေပါပြီ။ မြန်မာနိုင်ငံမှာ မြန်မာဆရာဝန်တွေကပဲ ရင်သားကင်ဆာကို ကုသအောင်မြင်ထားတာ အများကြီးပါ။

မေး. ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းအနေနဲ့ ရင်သားကင်ဆာလူနာတွေကို ဘယ်လိုပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးနေပါသလဲ ဆရာမ။
ဖြေ. ရင်သားကင်ဆာကုသအောင်မြင်ထားသူ လူနာတွေကို ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းအနေနဲ့ လုပ်ပေးချင်တာက စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးချင်တယ်၊ စိတ်ဓာတ်ကို မြှင့်တင်ပေးချင်တယ်။ သာမန်လူကောင်းတစ်ယောက်လို ဘဝကို ဆက်လက်ရှင်သန်စေချင်တယ်။ ရင်သားကင်ဆာလူနာတွေက ဆေးကုသမှု ခံယူခဲ့ရတဲ့ ခရီးတစ်လျှောက်မှာ ဝေဒနာခံစားရတာရှိတယ်၊ တစ်ခါတလေ ဆေးရဲ့ဘေးထွက် ဆိုးကျိုးကြောင့် ခံစားရတာရှိတယ်။

ကုသအောင်မြင်ပြီးချိန်မှာ အများစု ကြောက်တာက ပြန်ဖြစ်မှာကိုပဲ။ ဒါကြောင့် ဆရာဝန်တွေကလည်း အားပေးတယ်၊ သူတို့အချင်းချင်း အားပေးနှစ်သိမ့်ရင် ပိုပြီး ထိရောက်တာကိုလည်း တွေ့ရတာကြောင့် အဲဒီလို တွေ့ဆုံဖြစ်အောင်လည်း ပွဲလေးတွေ စီစဉ်ပေးပါတယ်။ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းက အခမဲ့ ဆေးခန်းလေးဖွင့်ထားတာ တစ်နှစ်ကျော်ရှိပါပြီ။ အထူးသဖြင့် စောစီးစွာတွေ့ရှိရတဲ့ ရင်သားကင်ဆာလူနာတွေအတွက် ကင်ဆာဆေးသွင်းကုသမှုကို အခမဲ့ဆောင်ရွက်ပေးခဲ့တာ လူနာဦးရေ ၆၀ ကျော်လောက်ရှိပါပြီ။

ဆရာမတို့နဲ့ ပြထားတဲ့ လူနာတွေတင်မကဘဲ တခြားဆရာဝန်ကြီးတွေနဲ့ ပြသဖူးပြီးသား၊ ကုထားပြီးသား လူနာတွေလည်း ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် ဆေးခန်းအမှတ် (၁၈၅)၊ ပထမထပ်၊ ဗိုလ်မြတ်ထွန်းလမ်း(အလယ်)၊ ဗိုလ်တစ်ထောင်မြို့နယ်(စနေ၊ အင်္ဂါ နေ့လယ် ၂-၄နာရီ)ကို လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top