Healthy Life Ad
Life Style

ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာဝေဒနာရှင်တို့အတွက် ကျယ်ပြန့်စွာ ဆောင်ရွက်နေသည့် ဘက်စုံအထောက်အကူပြုဝန်ဆောင်မှု

ဒေါက်တာဒေါ်ဝါဝါမဉ္ဇူ(ဓာတ်ရောင်ခြည်အထူးကု ဆရာဝန်ကြီး ၊ Palliative Care Service၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ရန်ကုန်ဆေးရုံကြီးမှာ Palliative Care ကို ဘယ်လိုပေးနေတယ်ဆိုတာ သိပါရစေ ဆရာမ။
ဖြေ။ ။ ရန်ကုန်ဆေးရုံကြီးမှာကင်ဆာရောဂါနဲ့ ဆေးကုသမှုခံယူနေကြတဲ့ လူနာအားလုံးကို ပြင်ပလူနာ အနေနဲ့လည်း နာကျင်မှုသက်သာစေမယ့် ဘက်စုံ အထောက်အကူပြု ဝန်ဆောင်မှု (Palliative Care Services) ပေးပါတယ်။ သက်ဆိုင်ရာ ကင်ဆာရောဂါအထူးကုဆရာဝန်တွေက ဓာတ်ရောင်ခြည် ကုသဆောင်မှာကော ကင်ဆာဆေးသွင်းကုသဆောင်မှာပါ ဆေးရုံတက်ရောက်ကုသမှု ခံယူနေတဲ့ ကင်ဆာလူနာတွေကိုလည်း လိုအပ်ရင် Palliative Care ဘက်ကိုညွှန်းပို့ပါတယ်။ အဲဒီအခါ အဲဒီလူနာတွေကို နာကျင်မှုသက်သာအောင်စောင့်ရှောက်မှုပေးပါတယ်။

မေး။ ။ တစ်နေ့တစ်နေ့မှာ Palliative Care အတွက် ပြင်ပလူနာကုသမှု ခံယူနေသူ ဘယ်နှယောက် ရှိပါ သလဲ။
ဖြေ။ ။ ရန်ကုန်ဆေးရုံကြီးမှာ Palliative Care OPD ကို ၂၀၁၅ သြဂုတ်လ ၁၃ ရက်နေ့မှာ စဖွင့်ခဲ့ပါတယ်။ စဖွင့်တဲ့ အချိန်တုန်းက လူနာတွေက သိပ်မသိသေးတာရော၊ ညွှန်းပို့မှုနည်းတာရောကြောင့် ၂၀၁၅ ဒီဇင်ဘာလအထိ ပြင်ပလူနာ ၁၂ ယောက်ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူနာတစ်ဦးချင်းစီကို အခြေပြုပြီး ဘက်ပေါင်းစုံက ကုသရတာဖြစ်တဲ့အတွက် ရှိတဲ့ လူနာအားလုံးရဲ့ ဘဝအရည်အသွေးက မြင့်တက်သွားတာကို တွေ့ရပါတယ်။

၂၀၁၆ ခုနစ်မှာတော့ လက်ရှိကုသမှုပေးပြီးတာ လူနာ ၂၀ဝကျော်ရှိပါပြီ။ ကင်ဆာလူနာတွေ အတော်များများကိုတော့ Palliative Care ပေးနိုင်နေပါပြီ။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကင်ဆာရောဂါ ကုသမှုခရီးစဉ်နဲ့ ဘဝနောက်ဆံးု ခရီးစဉ်ကာလတွေ မှာ ဝေဒနာခံစားနေရသူ လူနာတွေကို ဘက်စုံ ထောက်ကူပြုစုကုသနည်း (Palliative Care) နဲ့ ကုသဖို့လိုအပ်ပါက ညွှန်းပို့နိုင်ပြီး ပြင်ပလူနာ အနေနဲ့ရော အတွင်းလူနာအဖြစ်ပါ ကုသမှုပေးပါတယ်။

မေး။ ။ ကင်ဆာဝေဒနာရှင်တွေအတွက် Palliative Care က ဘယ်လောက်အထိ အရေးပါမှုရှိပါသလဲ ဆရာမ။
ဖြေ။ ။ Palliative Care က ကင်ဆာကုထုံးလေးခုရဲ့ အဓိက မဏ္ဍိုင်ကြီးလေးခုမှာ တစ်ခုအပါအဝင်ဖြစ် ပါတယ်။ ကင်ဆာကုထုံးတွေက နံပါတ်(၁) ကြိုတင်ကာကွယ်ရမယ်။ (၂) ကင်ဆာကို ကြိုတင်စစ်ဆေး ရှာဖွေရမယ်၊ (၃) ကင်ဆာဖြစ်ခဲ့ရင် ဓာတ်ရောင်ခြည် ပေးကုထုံး၊ ကင်ဆာဆေးသွင်းကုထုံး စတာတွေကို ပြုလုပ်ရမယ်၊ နောက်ဆုံး နံပါတ်(၄)ကတော့ Palliative Care ပဲ ဖြစ်ပါတယ်။ အရင်တုန်းက ကင်ဆာ ရောဂါရင့်လာမှ Palliative Care ဘက်ကို လွှဲတာမျိုးရှိခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာရဲ့ လေ့လာဆန်းစစ်မှုတွေအရ Palliative Care ကို ကင်ဆာရောဂါဖြစ်စဉ်မှာ စောနိုင်သမျှ စောစောပေးရင်၊ ကင်ဆာကုထုံးတွေနဲ့အတူ တွဲပေးရင် ကင်ဆာလူနာအတွက် ဘဝအရည်အသွေးတင်မက လူနာရှင်မိသားစုတွေရဲ့ ဘဝအရည်အသွေးတွေ မြင့်တက်လာတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။

မေး။ ။ လက်ရှိမှာ ဘက်စုံအထောက်အကူပြုဝန်ဆောင်မှုကို ကင်ဆာလူနာတွေအနေနဲ့ ဘယ်လောက်အထိ လက်လှမ်းမီနေပြီလဲ ဆရာမ။
ဖြေ။ ။ Palliative Care ဘက်စုံအထောက်အကူပြုဝန်ဆောင်မှုကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ဓာတ် ရောင်ခြည်ဌာနမှာ အဓိက ပေးပါတယ်။ ဒီနှစ်ထဲမှာပဲ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာလည်း Palliative Care ဝန်ဆောင်မှု စတင်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အလားတူ သင်ကြားရေးဆေးရုံရှိတဲ့ နေရာတွေမှာလည်း Palliative Care စဖို့ စီစဉ်ထားပါတယ်။
Palliative Care (ပြင်ပလူနာကုဌာန)ကို ရန်ကုန်ဆေးရုံကြီး၊ နာကျင်မှုကုသဌာနမှာ ဖွင့်လှစ်ထားပါတယ်။ အပတ်စဉ် အင်္ဂါနဲ့ ကြာသာပတေးနေ့တွေမှာ ဖွင့်လှစ်ထားပါတယ်။ ရန်ကုန်ဆေးရုံကြီး ကင်ဆာဆောင်မှာ တက်ရောက်နေသူတွေကတော့ သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်းပို့မှုပါရင် Palliative Care ပေးနေပါတယ်။

မေး။ ။ ကင်ဆာလူနာတွေကို Palliative Care ပေးတာနဲ့ ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပြောကြားလိုတာ ရှိရင် သိပါရစေ။
ဖြေ။ ။ ဒီတစ်နှစ်လုံးအတွက် ကင်ဆာလူနာတွေကို Palliative Care ဝန်ဆောင်မှုပေးတာနဲ့ ပတ်သက်ပြီး “ဘဝနိဂုံးဖြောင့်ဖြူးချမ်းသာ မနာကျင်ဖို့ရာ ဝိုင်းဝန်းအဖြေရှာ”ဆိုတဲ့ ဆောင်ပုဒ်ရှိပါတယ်။ သဘောကတော့ ကင်ဆာဝေဒနာရှင်တွေဟာ သူတို့ဘဝမှာ နာကျင်မှုအမျိုးမျိုးကို ခံစားရပါတယ်။ ဒီနာကျင်မှုတွေ သက်သာအောင်၊ ဘဝနေထိုင်မှုပိုင်းမှာ နာကျင်မှုတွေလျော့ပါးအောင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ကင်ဆာရောဂါဝေဒနာရှင်တွေဟာ ဆေးကုနေစဉ်မှာ Palliative Care ကိုပါ တွဲဖက်ရရှိတယ်ဆိုရင် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ ခံစားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာနာကျင်မှု၊ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာကိုပါ သိရှိသွားမှာ ဖြစ်ပါတယ်။ အဲဒီအခါ လူနာတွေရဲ့ ဘဝ အရည်အသွေးတွေ မြင့်တက်လာပြီး လူနာကို ပြုစုစောင့် ရှောက်မှုပေးနေတဲ့ မိသားစုတွေလည်း စိတ်ချမ်းချမ်းသာသာနဲ့ ပြုစုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top