Healthy Life Ad
Child

ကျောင်းသားလူငယ်နှင့် ဖိုမသဘာဝပညာပေး(၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

မတော်တရော် ထိတွေ့ကိုင်တွယ်ခြင်း၊ လိင်စော်ကားခြင်းအကြောင်းတွေကို ကျောင်းသားလူငယ်တွေ သိရှိနားလည်သင့်တယ်။ လိင်စော်ကားချင်တဲ့သူ အတင့်ရဲမလာအောင် ကာကွယ်နိုင်တဲ့ နည်းပရိယာယ်ကို သင်ကြားပေးနိုင်တယ်။ လိင်စော်ကားမှုနဲ့ပတ်သက်တဲ့ ကျောင်းစည်းကမ်းကို ပညာပေးဖို့လိုတယ်။ မတော်တရော်ပြုမူတာခံရရင် အကူအညီ တောင်းဖို့၊ တိုင်တန်းဖို့ ဝန်မလေးအောင်အားပေးရမယ်။ ဒီလိုကိစ္စကို ခုခံကာကွယ်နိုင်ဖို့ ကျောင်းသားလူငယ်တွေမှာ အသိပညာဗဟုသုတရရှိနေသင့်တယ်မဟုတ်လား …

“ကျောင်းတွင်း ဖိုမသဘာဝပညာပေး အစီအ စဉ်ရဲ့ အကျိုးကျေးဇူးက ကျောင်းသားလူငယ်တွေ သိသင့်သိထိုက်တဲ့ ဗဟုသုတရရှိမယ်။ ဖိုမ ဆက်ဆံတာကြောင့် ရရှိလာနိုင်တဲ့အန္တရာယ်တွေကို သိရှိနား လည်ကာကွယ်နိုင်တယ်။ ဒါတွေကို ခင်ဗျားလက်ခံတယ် မဟုတ်လားကိုတာ” (Healthy Life ဂျာ နယ် အမှတ်-၅၀ တွင် ကြည့်ပါ)

“လက်ခံရမယ်ဆိုပါတော့”

” ဒါအပြင် တခြားအကျိုးကျေးဇူးတွေလည်း ရှိသေးတယ်”

“ဘာတွေများလဲဗျ”
_ _ _

“မိသားစုပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ ကျောင်း ပတ်ဝန်းကျင်မှာဖြစ်ဖြစ် မတော်တရော် ပြုမူတာ ခံရတဲ့ ကလေးသူငယ်တွေ ရှိတယ်ဗျ”

“ဟိုတလောက သတင်းစာထဲမှာ ဖတ်လိုက်ရ တယ်။ ၁၂ နှစ်အရွယ် ကျောင်းသားက ၉ နှစ်အရွယ် ကျောင်းသူကို ကာယိန္ဒြေပျက်အောင် ကျူးလွန်စော် ကားတာမျိုးလား”

“အဲဒါက ရေပေါ်မှာ မြင်ရတဲ့ ရေခဲတုံးရဲ့ ထိပ် ပိုင်းပဲရှိသေးတယ်လို့ ပြောရမယ်။ သြစတြေးလျနိုင်ငံမှာ ကျောင်းသူသုံးယောက်မှာ တစ်ယောက်၊ ကျောင်းသားခြောက်ယောက်မှာ တစ်ယောက်ဟာ အသက် ၁၈ နှစ်မပြည့်ခင် မတော်တရော် ပြုမူတာ ကိုခံရတဲ့ အတွေ့အကြုံရှိတယ်။ ကျောင်းသားလူငယ်တွေဟာ မိမိမတော်တရော် ကျူးလွန်စော်ကား တာခံရပေမယ့် လူကြီးမိဘနဲ့ ဆရာ၊ ဆရာမကိုဖွင့်ဟ တိုင်ကြားဖို့ ဝန်လေးကြတယ်ဗျ။ လိင်စော်ကား ခံရတဲ့ ကျောင်းသားလူငယ်တွေထဲမှာ ၇၅ ရာခိုင်နှုန်းဟာ ဘယ်သူ့ကိုမှ ဒီအကြောင်းကို ထုတ်ဖော်ပြော ကြားတာမရှိပါဘူး။ အဲဒီတော့ ဒီလိုကိစ္စတွေမှာလည်း ကျောင်းသားလူငယ်တွေသိရှိနားလည်ဖို့ လိုအပ်ပါ တယ်”

“ဖိုမသဘာဝပညာပေးအစီအစဉ်မှာ ထည့် သွင်းသင်ကြားပေးသလား”

“ဟုတ်ပါတယ် ကိုတာ။ မတော်တရော် ထိတွေ့ ကိုင်တွယ်ခြင်း၊ လိင်စော်ကားခြင်းအကြောင်းတွေကို ကျောင်းသား လူငယ်တွေသိရှိနားလည်သင့်တယ်။ လိင်စော်ကားချင်တဲ့သူ အတင့်ရဲမလာအောင်ကာ ကွယ်နိုင်တဲ့ နည်းပရိယာယ်ကို သင်ကြားပေးနိုင်တယ်။ လိင်စော်ကားမှုနဲ့ ပတ်သက်တဲ့ ကျောင်းစည်းကမ်းကို ပညာပေးဖို့လိုတယ်။ မတော်တရော်ပြုမူတာ ခံရရင် အကူအညီတောင်းဖို့၊ တိုင်တန်းဖို့ဝန်မလေးအောင် အားပေးရမယ်။ ဒီလိုကိစ္စကိုခုခံကာကွယ်နိုင်ဖို့ ကျောင်းသားလူငယ်တွေမှာ အသိပညာဗဟုသုတရရှိ နေသင့်တယ်မဟုတ်လား”

“သဘောတူတယ်ဗျာ၊ သမီးအမေကိုပြောပြရ ဦးမယ်”

“ဖိုမသဘာဝနဲ့ပတ်သက်ပြီး ကျောင်းသားလူ ငယ်တွေသိရှိနားလည်သင့်တဲ့ အချက်တစ်ခု ရှိသေးတယ်”

“ဘာများလဲ”
_ _ _

“သဘောထား ခံယူချက် မှန်ကန်တာနဲ့ သက် ဆိုင်တယ်။ မိမိနဲ့ဖိုမသဘာဝချင်း မတူတဲ့သူကို လက် ခံဖို့၊ လေးစားဖို့၊ ခွဲခြားဆက်ဆံမှုမပြုဖို့ အသိပညာ ပေးတာဖြစ်ပါတယ်”

“ဘယ်သူတွေကို ပြောတာလဲ”

“ပထမအချက်က ယောကျာ်းမိန်းမ အဆင့်အ တန်း ခွဲခြားတတ်တဲ့ စိတ်မျိုးကို ပြောတာ၊ အခုအချိန် အထိ ယောကျာ်းတွေက မိန်းမကို တန်းတူမထားတတ် တဲ့ ခံယူချက်သဘောထားတွေရှိတုန်းပဲ။ ကျောင်း သားက ကျောင်းသူကို သာတူညီမျှ လေးစားတတ်တဲ့ စိတ်သဘောထားမရှိရင် ကြီးပြင်းလာတဲ့အခါ အိမ် ထောင်ရေးအကြမ်းဖက်မှုကို ဖြစ်စေတဲ့ မျိုးစေ့တစ်ခု ဖြစ်တယ်”

“မိန်းမတွေကို မုန်းတီးရွံရှာအထင်သေးစိတ်ရှိ သူ (Misogynist)ကို ပြောတာလား”

“ဟုတ်ပါတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးကို လက်မခံဖို့ ကျောင်းတွေမှာ ပညာပေး ညွှန်ပြရင် တန်ဖိုးရှိပါတယ်”
_ _ _

“ဖိုမသဘာဝနဲ့ ပတ်သက်ပြီး “လက်မခံသင့်”တဲ့ အယူအဆ သဘောထား တစ်ခုလည်း ရှိသေးတယ်”
“လိင်တူချစ်စိတ်ရှိသူကို မုန်းတီးရွံရှာအထင် သေးစိတ် (Homophobia)လား”
“ဟုတ်တယ်ကိုတာ၊ “အယ်လ်ဂျီဘီတီ” (LGBT)အုပ်စုဝင် ကျောင်းသားလူငယ်တွေဟာ ကျောင်းတွင်းမှာ ကျောင်းသားအချင်းချင်း အနိုင် ကျင့်တာကို ခံစားကြရတယ်”

“အယ်လ်ဂျီဘီတီ”ဆိုတာ ဘာလဲဗျ”

“အယ်လ်က မိန်းမချင်းလိင်တူချစ်သူ (Lesbian)၊ ဂျီက ယောကျာ်းချင်း လိင်တူချစ်သူ (Gay) ဘီက လိင်တူလိင်ကွဲနှစ်မျိုးလုံးချစ်သူ (Bisexual) နှစ်ဖက်ချွန်၊ တီကတော့ ဖိုမအသွင်သဏ္ဍာန်ပြောင်း လိုသူနဲ့ ယောကျာ်းလျာ/မိန်းမလျာ (Transexual/Intersex)စသဖြင့် အတိုကောက် သုံးစွဲထားတာပါ”

“အဲဒီလို ကျောင်းသားလူငယ်တွေ ဘယ်လောက်များရှိလို့လဲ”

“မနည်းလှပါဘူး။ လေ့လာချက်အမျိုးမျိုးပေါ်မူတည်ပြီး တစ်ရာမှာ ၄ ယောက်ကနေ ၁၀ ယောက် အထိရှိကြောင်း တွေ့ရတယ်။ ကျောင်းသားတစ် ထောင်ရှိတဲ့ကျောင်းမှာ “အယ်လ်ဂျီဘီတီ”အုပ်စုဝင် ကျောင်းသားလူငယ် ၄၀က ၁၀ဝအထိ ရှိနိုင်တာပေါ့။ ဒါပေမဲ့ အဲဒီကျောင်းသားတွေဟာ လည်ပင်းမှာ စာတမ်းချိတ်ဆွဲပြီး ” ငါအယ်လ်ဂျီဘီတီပါ”လို့ ကြော်ငြာနေတာ မဟုတ်ဘူး။ ၃၉ ရာခိုင်နှုန်းက သူတို့ ဖိုမသဘာဝ အခြေအနေကွဲပြားနေတာကို လူမသိအောင် ဖုံးကွယ်ထားကြပါတယ်”

“ရှက်လို့လား”

“ရှက်တာလည်း ပါမယ်။ ကြောက်လို့ပါ ဆိုရင် ပိုပြီး မှန်မယ်ထင်တယ်။ အနိုင်ကျင့် စော်ကားခံရမှာ ကြောက်လို့။ အဲဒီလို ကျောင်းသားလူငယ်တွေ နှုတ် အားဖြင့် အနိုင်ကျင့်ခံရတာက ၆၁ ရာခိုင်နှုန်း၊ ကိုယ် ထိလက်ရောက် အနိုင်ကျင့်ခံရတာက ၁၈ ရာခိုင်နှုန်း၊ ဆိုင်ဘာအနိုင်ကျင့်ခံရတာ (Cyber bullying)၊ ကျောင်းသားအချင်းချင်း အပေါင်းအသင်းမလုပ်ဘဲ စိတ်ဓာတ်ကျအောင် ဆက်ဆံခြင်း ခံရတာမျိုးက ၉ ရာခိုင်နှုန်း ရှိတာတွေ့ရှိရတယ်ဗျ။ အနိုင်ကျင့်ခံရတဲ့ ‘အယ်လ်ဂျီဘီတီ’ကျောင်းသားလူငယ် ၈၀ ခိုင်နှုန်းဟာ ပညာရေးမှာ အခက်အခဲရှိကြောင်း တွေ့ရပါ တယ်။ ဒီတော့ အဲဒီလို လူနည်းစု ကျောင်းသားလူငယ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကျောင်း တွေမှာ တာဝန်မရှိဘူးလား”

“ကျွန်တော် လက်ခံပါတယ်”

“ဒါကြောင့် “အယ်လ်ဂျီဘီတီ”နဲ့ ပတ်သက် ပြီး ကျောင်းသားလူငယ်တွေ မှန်ကန်တဲ့ ဗဟုသုတ ရရှိအောင်၊ ခံယူချက် သဘောထား ပြည့်ဝအောင်၊ ခွဲခြား ဆက်ဆံလိုစိတ်မရှိအောင် ဒီကိစ္စကို ဖိုမ သဘာဝပညာပေး အစီအစဉ်ထဲမှာ ထည့်သွင်း သင်ကြားပေးပါတယ်”

“ဒါပေမဲ့ ဆရာကြီး . . ကိုးကွယ်တဲ့ ဘာသာတိုင်းမှာ အယ်လ်ဂျီဘီတီအပြုအမူကို မျက်မှောင် ကြုတ်ကြည့်တဲ့ အယူအဆရှိတယ် မဟုတ်လား၊ တ ချို့မိဘတွေက သဘောတူမှာ မဟုတ်ဘူး”

“ဒါကြောင့် စာသင်ကျောင်းတွေမှာ ဖိုမသဘာဝ ပညာသင်ကြားပေးရင် ဘာသာရေး အယူအဆကို ထည့်သွင်းသင်ကြားမပေးပါဘူး။ ဘာသာရေးအမြင်နဲ့ ဆေးပညာအမြင်ကို နှိုင်းယှဉ်ပြောကြားတာမျိုး လည်း မလုပ်ပါဘူး။ ကျောင်းသားမိဘက ကန့်ကွက် ရင်လည်း အဲဒီကျောင်းသားဟာ ဖိုမသဘာဝပညာ ပေးသင်တန်းကို မတက်ရောက်ဘဲ နေလို့ရပါတယ်”
_ _ _

“ကျောင်းတွေမှာ ဖိုမသဘာဝပညာ သင်ကြား ပေးရင် အရွယ်နဲ့ လိုက်ပြီး သိသင့် သိထိုက်တဲ့ ဗဟု သုတရရှိမယ်။ ဖိုမသဘာဝနဲ့ ပတ်သက်တဲ့ ခံယူချက် သဘောထားတွေကို ဆေးသိပ္ပံပညာအမြင်နဲ့ နား လည်သဘောပေါက်နိုင်မယ်ပေါ့။ ဒါပေမဲ့ ကျွန်တော် မေးချင်တာ တစ်ခု ရှိသေးတယ်”

“မေးပါ ကိုတာ”

“အဲဒီလို သင်ကြားပေးလို့ အမှန်တကယ် အကျိုးကျေးဇူးရှိတဲ့ အထောက်အထားတွေ ရှိသလား။ ရည်ရွယ်ချက် အောင်မြင်တာကို သက်သေပြနိုင်သ လား”
“ခင်ဗျား ဒီလို မေးမြန်းတာကို အဆိုးမဆိုသာ ပါဘူး။ အသိပညာ ဗဟုသုတနဲ့ လက်တွေ့ကျင့်သုံး တာ မတူပါဘူး။ သိရှိနားလည်တဲ့အတိုင်း ပြုမူလုပ် ကိုင်ခြင်း မရှိတာဟာ လူ့သဘာဝ တစ်ခုပဲ။ ဖိုမသဘာဝ ပညာသင်ကြားပေးလို့ ကျောင်းသားလူငယ်တွေမှာ ဗဟုသုတ ဘယ်လောက်တိုးတက်ရရှိလာသလဲဆိုတာကို စစ်ဆေးကြည့်ဖို့ လွယ်ပါတယ်။ စာမေးပွဲ စစ် သလို စာတွေ့ စစ်ဆေးလိုက်ရင် ပြီးတာပဲ။ ဒါပေမဲ့ ကျောင်းသားတွေရဲ့ ဖိုမဆက်ဆံရေး အပြုအမူ အကောင်းဘက်ကို ပြောင်းလဲမှုရှိသလား ဆိုတာကိုတော့ စစ်ဆေးဖို့ ခက်ခဲနိုင်ပါတယ်။ သုတေသန တွေ့ရှိချက်တွေကို ပြောပြရမလား”

“ခင်ဗျားအယူအဆကို အထောက်အကူပြုတဲ့ သုတေသနတွေကိုချည်း ရွေးမပြောနဲ့”

“သုတေသန စာတမ်းအများစုကို ခြုံငုံသုံးသပ် ဆန်းစစ်ပြီး ရရှိတဲ့ ကောက်နုတ်ချက်ကို ပြောပြမှာပါ။ ကျောင်းတွင်း ဖိုမ သဘာဝ ပညာပေး အစီအစဉ် ၄၈ ခုရဲ့ အောင်မြင်မှုကို သုံးသပ်တဲ့ စာတမ်း၊ ကျောင်းတွင်း ဖိုမသဘာဝ ပညာပေးစာတမ်း ၂၅ ခုကို ဆန်းစစ်သုံးသပ်ထားတဲ့ စာတမ်းတွေထဲကပါ။ အဲဒါတွေကတော့ ကျောင်းသားလူငယ်တွေထဲမှာ လိင်ဆက်ဆံခြင်းကို အချိန်စောင့်နိုင်တာက မူလ ထက် ၄၀ ရာခိုင်နှုန်းတိုးတက်လာတယ်။ လိင်ဆက်ဆံတဲ့အခါ ရော်ဘာအစွပ်သုံးစွဲမှုနဲ့ သန္ဓေတားနည်း တစ်မျိုးမျိုး သုံးစွဲမှုက မူလထက် ၄၀ ရာခိုင်နှုန်း တိုးတက်လာတယ်။ လိင်ဆက်ဆံတဲ့ အကြိမ်လျော့နည်းလာတဲ့ နှုန်းက ၃၀ရာခိုင်နှုန်းရှိတယ်။ တချို့က လိင်ဆက်ဆံမှုကို လုံးဝ ရှောင်ကြဉ်လာတယ်။ အန္တရာယ်မကင်းတဲ့ ဖိုမဆက်ဆံခြင်းကို လိုက်နာကျင့်သုံးလာ တဲ့ နှုန်းက မူလထက် ၆၀ ရာခိုင်နှုန်း တိုးတက်လာတယ်။ ဒီတော့ အဲဒီလို ဖိုမဆက်ဆံရေး အပြုအမူတွေ ပြောင်းလဲတိုးတက်လာတဲ့အတွက် ရရှိလာမယ့် လူမှုရေးနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို တွက် ကြည့်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top