Healthy Life Ad
Life Style

လေဖြတ်ခြင်းအကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အရပ်ထဲမှာ ပြောလေ့ရှိကြတဲ့ လေသင်တုန်းဖြတ်တယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ ဆရာ။

ဖြေ. လေသင်တုန်းဖြတ်တယ်ဆိုတာ လေဖြတ်တာ (Stroke)ကို အရပ်ထဲမှာ ခေါ်ကြတာဖြစ်ပါတယ်။ နောက်အရပ်ထဲမှာ ပြောလေ့ရှိတဲ့ အခေါ်အဝေါ်တစ်ခုက လေဖြန်းတာပါ။ ဒါက TIA (Transient Ischaemic Attack) ပဲဖြစ်ပါတယ်။ လေသင်တုန်းဖြတ်တာနဲ့မတူပါဘူး။ လေဖြန်းတာက ရုတ်တရက်ဖြစ်တာမျိုးပါ။ ညနေ ၆ နာရီလောက်ကို အကောင်းကြီးကနေ ည ၇နာရီလောက်မှာ ပါးတစ်ခြမ်းရွဲ့သွားတာမျိုးလို ရုတ်တရက်ကြီး ဖြစ်သွားတာကို လေဖြန်းတယ်လို့ခေါ်ပါတယ်။ တစ်ကိုယ်လုံးလည်း မဖြစ်တတ်ပါဘူး။

မျက်စိတွေဆိုလည်း ကြည့်နေရင်းနဲ့ နှင်းတွေလိုအဖြူတွေ အပြည့်ပိတ်သွားပြီး ဘာမှမမြင်ရတော့ပါဘူး။ နောက်မှ ပြန်မြင်လာပြန်ပါတယ်။ အဲဒီလိုမျိုး ဖြစ်တတ်ပါတယ်။ မြင်ကွင်းခဏ ပျောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ လက်တစ်ဖက်လှုပ်လို့ မရတော့တာမျိုးဖြစ်သွားတယ်၊ ဒါပေမဲ့ ချက်ချင်းပဲ ပြန်ကောင်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက သွေးကြောကျဉ်းသွားလို့ဖြစ်တာပါ။ အချိန် ၂၄ နာရီအတွင်း ပြန်ကောင်းသွားနိုင်ပါတယ်။

လေဖြန်းတာလိုပဲ သွေးကြောတွေကြောင့်ဖြစ်သွားပြီး ၂၄ နာရီအတွင်း ပြန်ကောင်းမလာတာကိုတော့ လေသင်တုန်းဖြတ်တယ် (လေဖြတ်တယ်) လို့ခေါ်ပါတယ်။ လေဖြန်းတာနဲ့ လေဖြတ်တာကို ၂၄ နာရီနဲ့ ခွဲခြားပါတယ်။ ၂၄ နာရီအတွင်း ပြန်ကောင်းရင် လေဖြန်းတာ၊ ပြန်မကောင်းရင် လေဖြတ်တာလို့ သတ်မှတ်ထားပါတယ်။ ဒါတွေက ရုတ်တရက် (Acute) ဖြစ်တာတွေဖြစ်ပြီး အများစုကတော့ သွေးကြောကြောင့် ဖြစ်တာတွေပဲဖြစ်ပါတယ်။

နှစ်ရက်၊ သုံးရက်လောက်ဖျားပြီးမှ ပါးရွဲ့သွားတာမျိုးဖြစ်ခဲ့ရင် ပိုးဝင်တာ (Infection)ကို စဉ်းစားပါတယ်။ အချိန်တစ်လလောက် ခေါင်းကိုက်ပြီးတော့မှ ပါးရွဲ့သွားပြီးဖြစ်ခဲ့ရင် ကင်ဆာ (Neoplastic) လို့ စဉ်းစားပါတယ်။ လေဖြန်းတာတွေ၊ လေဖြတ်တာတွေက များသောအားဖြင့် တစ်ခြမ်းပဲဖြစ်တာများပါတယ်။ ခြေ၊ လက် လေးဖက်လုံးဖြစ်တယ်ဆိုတာ မရှိသလောက်တော့ ရှားပါတယ်။

မေး. လေသင်တုန်းဖြတ်တာက ဘာကြောင့် အဖြစ်များတတ်ပါသလဲ ဆရာ။

ဖြေ. ဦးနှောက်သွေးကြောကျဉ်းတာက နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေ၊ သွေးတိုးရှိသူ၊ ဆီးချိုရှိသူတွေ၊ နှလုံးခုန်မမှန်သူတွေ၊ မွေးရာပါ နှလုံးအဆို့ရှင်အပေါက်တွေ ကျဉ်းနေတာ/ကျယ်နေတာတွေဖြစ်နေသူတွေမှာ အဖြစ်များပါတယ်။ အဆီများသူတွေမှာလည်း အဖြစ်များပါတယ်။ အဓိကကတော့ သွေးတိုးကို ကောင်းကောင်းမထိန်းနိုင်လို့ ဖြစ်တာများပါတယ်။

လေဖြန်းတာနဲ့ လေဖြတ်တာကတော့ ဦးနှောက်ကိုသွားတဲ့ သွေးကြောကျဉ်းလို့ဖြစ်တာ ဖြစ်ပါတယ်။ သွေးကြောကျဉ်းတဲ့အချိန်မှာ သွေးခဲလေးတွေက တစ်နေရာမှာသွားပြီး ပိတ်ဆို့သွားမိနိုင်ပါတယ်။ သွေးခဲတွေ ပိတ်လိုက်တဲ့အတွက် ဦးနှောက်ထဲကို သွေးမရောက်တော့ပါဘူး။ ဦးနှောက်ထဲ သွေးမရောက်တဲ့နေရာက မျက်စိနဲ့ဆိုင်ရင် မျက်စိခဏကွယ်သွားတယ်၊ လက်နဲ့ဆိုင်ရင် လက်တစ်ခြမ်းသေသွားတယ်၊ ခြေထောက်နဲ့ဆိုင်ရင် ခြေတစ်ခြမ်းသေတာတွေ ဖြစ်သွားပါတယ်။

ဆို့သွားတဲ့ သွေးခဲသွေး ကြောလေးတွေက ၂၄ နာရီအတွင်း ပြန်ပွင့်သွားခဲ့ရင် လေဖြန်းတာဖြစ်ပြီး ပြန်မပွင့်ခဲ့ရင်တော့ လေဖြတ်ဝေဒနာဖြစ်သွားပါတယ်။ လေဖြတ်တာကတော့ ဦးနှောက်သွေးကြောပိတ်တာနဲ့ ပေါက်တာနှစ်မျိုးကြောင့် ဖြစ်တတ်ပါတယ်။ အခုပြောနေတာတွေက ပိတ်တဲ့အကြောင်းဖြစ်ပါတယ်။ ဦးနှောက်သွေးကြောပေါက်တဲ့ အကြောင်းမပါပါဘူး။

မေး. လေသင်တုန်းဖြတ်တာ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. လေဖြတ်တာနဲ့ လေဖြန်းတာမဖြစ်အောင် ကာကွယ်ရမှာကတော့ အငန်လျှော့စားရပါမယ်၊ အဆီတွေလျှော့စားဖို့လိုပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါရှိရင်နိုင်အောင် ထိန်းရပါမယ်။

လေဖြန်းတဲ့သူ ခြောက်ရာခိုင်နှုန်းက လေဖြတ်တတ်ကြပါတယ်။ ဒါကြောင့် တစ်ကြိမ်လေဖြန်းဖူးရင် လိုအပ်တဲ့ သွေးဖောက်စစ်ဆေးမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ အီးစီဂျီရိုက်ဖို့ လိုအပ်ပါတယ်။ ဆီးချို၊ သွေးတိုးစစ်ရပါတယ်။ သွေးသိပ်ပျစ်လားဆိုတာလည်း စစ်ဖို့လိုပါတယ်။ ကိုလက်စထရောစစ်ရပါမယ်…

မေး. လေသင်တုန်းဖြတ်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါဆရာ။

ဖြေ. လေဖြန်းတဲ့သူ ခြောက်ရာခိုင်နှုန်းက လေဖြတ်တတ်ကြပါတယ်။ ဒါကြောင့် တစ်ကြိမ်လေဖြန်းဖူးရင် လိုအပ်တဲ့သွေးဖောက်စစ်ဆေးမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ အီးစီဂျီ ရိုက်ဖို့လိုအပ်ပါတယ်။ ဆီးချို၊ သွေးတိုးစစ်ရပါတယ်။ သွေးသိပ်ပျစ်လားဆိုတာလည်း စစ်ဖို့လိုပါတယ်။ ကိုလက်စထရောစစ်ရပါမယ်။ လည်ပင်းကိုသွားတဲ့ သွေးကြောတွေကိုလည်း စစ်ပေးရပါတယ်။ သွေးကြောကျဉ်းတာ၊ ကျယ်တာကိုစစ်ဆေးနိုင်တဲ့ Carotid Doppler နဲ့ လည်ပင်းနေရာကိုထောက်ပြီး စစ်ဆေးကြည့်ရပါတယ်။ အဲဒီမှာ လည်ပင်းသွေးကြောက ၇၀ ရာခိုင်နှုန်းထက် ပိုပြီးကျဉ်းနေတယ်ဆိုရင် လေဖြတ်နိုင်ခြေ အရမ်းများပါတယ်။

အဲဒီလိုဖြစ်နေရင် လူနာကို အဆီကျဆေးတွေတိုက်ရပါတယ်။ သွေးကျဲဆေးတွေလည်း ပေးရပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါရှိနေရင် ကုရပါတယ်။ ကိုလက်စထရောတွေ တက်နေရင်လည်း ကုရပါတယ်။ နိုင်ငံခြားမှာတော့ ဦးနှောက် CT Scan ရိုက်တာလည်း လိုအပ်ရင် လုပ်ကြတာရှိပါတယ်။ လေသင်တုန်းဖြတ်တဲ့ လူနာတွေကိုတော့ မကြာခဏ တွေ့နေရပါတယ်။ အဓိကကတော့ သွေးတိုးကို ကောင်းကောင်း မထိန်းနိုင်လို့ဖြစ်ရတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top