Healthy Life Ad
Child

Down Syndrome ကလေးများအတွက် လက်ဆောင်

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

Down Syndrome ကလေးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရုပ်လေးတွေက ခပ်ဆင်ဆင်၊ အသက်ကြီးတဲ့ အမေတွေမှာ Down Syndrome ကလေးတွေ မွေးတတ်တယ်ဆိုပေမယ့် အခု အသက်ငယ်တဲ့အမေတွေပါ Down Syndrome ကလေးတွေမွေးတာ တွေ့နေရပါတယ်။ သူတို့လေးတွေရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းဟာ နားအကြားအာရုံချို့တဲ့နေတတ်ပါတယ်။

နားအကြားအာရုံဟာ လူသားတွေအတွက် အရေးကြီးလှပါတယ်။ ကလေးတစ်ယောက် စကားပြောတတ်လာတာဟာ အဲ့ဒီကလေး နားကြားမှဖြစ်နိုင်တာပါ။ ကလေးလေးဟာ လူ့ပတ်ဝန်းကျင်က လူတွေရဲ့ ပြောသံကိုကြားပြီး စကားပြောတတ်ရင်တောင် အဲ့ဒီကလေးကျောင်းနေပြီဆိုပါစို့။ ဆရာမသင်တာကို ကောင်းကောင်းမကြားရရင် ဘယ်လိုသင်ကြား တတ်မြောက်မှာလဲ၊ စာတွေ ဘယ်လိုလိုက်နိုင်မလဲ၊ ဘယ်လို ထူးချွန်ထက်မြက်မလဲ။ ဘယ်မိဘမှ ကိုယ့်သားသမီးကို သူများနောက်မှာ ရောက်ရတဲ့အဖြစ်မျိုး မြင်ချင်မှာလဲ။

တစ်ခါလာပြန်ပြီ။ လူငယ်အရွယ်မှာ စီးပွားရှာတော့မယ့် အချိန်မှာ ကောင်းကောင်းမကြားရလို့ ပြောရမယ့် စကားတွေ မပြောလိုက်ရ၊ စီးပွားရေးအကွက်အကွင်းတွေလွတ်ရင် ဘယ်အဆင်ပြေပါ့မလဲ။

ကျွန်မတို့ တစ်နေ့တစ်နေ့ စားဝတ်နေရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် ကိစ္စ၊ လူမှုရေးကိစ္စ စတဲ့ စတဲ့ ကိစ္စတွေကြားထဲ ရက်ကို လစား၊ လကို နှစ်စားလို့ အငြိမ်းစားယူတဲ့အခါ တရားနာမယ်၊ တရားအားထုတ်မယ်ဆိုတော့ နားအကြားလျော့ပြီး တရားမနာနိုင်၊ သံသရာက လွတ်မြောက်ရေးအတွက် တရားအားထုတ်နည်းလည်း မသိနိုင်တော့ရင် တစ်ဘဝစာ နစ်နာပါတယ်။ ဆရာတော်ကြီးတွေဟောသလို နောက်ဘဝကျရင် ဘယ်ဘဝရောက်မယ်မှန်းလည်းမသိ။

ဆိုလိုတာက နားအကြားအာရုံ အရေးကြီးကြောင်းသိစေချင်လို့ပါ။ ခုနက ရေးခဲ့သလို Down Syndrome ကလေးတွေရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းက နားအကြားအာရုံလျော့နေတာဆိုတော့ သူတို့လေးတွေရဲ့ အကြားအာရုံကို စမ်းသပ်ပေးဖို့ အရေးကြီးပါတယ်။

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ ့လည်ပင်းအထူးကု ဆေးရုံကြီး -ရန်ကုန်က နြကမသ-ဥအသ-Neuro-Oto-Audiology, Special Interest Group က ၂၀၁၅ ခုနှစ်၊ မေလကစပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မွေးကင်းစကလေး တွေကိုအကြားအာရုံစမ်းသပ်နေတာ အခုလည်းစမ်းသပ်ပေးနေပါတယ်။ မြောင်းမြ၊ ပဲခူးနဲ့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတို့မှာလည်း စတင်စမ်းသပ်ဖို့ လုပ်ဆောင်နေပါတယ် …

တကယ်တမ်းကျတော့ မွေးကင်းစကလေးတွေအားလုံး နားအကြားအာရုံကောင်း/မကောင်း စမ်းသပ်သင့်တာပါ။ နိုင်ငံတော်တော်များများမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စမ်းသပ်နိုင်ပြီဖြစ်လို့ ကျွန်မတို့ နိုင်ငံမှာလည်း တစ်နိုင်ငံလုံးစမ်းသပ်နိုင်တဲ့အထိ ရည်မှန်းပြီး ကြိုးစားနေပါတယ်။ ကျွန်မတို့ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ ့လည်ပင်းအထူးကုဆေးရုံကြီး-ရန်ကုန်က Neuro-Oto-Audiology, Special Interest Group က ၂၀၁၅ ခုနှစ်၊ မေလက စပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မွေးကင်းစကလေးတွေကို အကြားအာရုံစမ်းသပ်နေတာ အခုလည်း စမ်းသပ်ပေးနေပါတယ်။ မြောင်းမြ၊ ပဲခူးနဲ့ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးတို့မှာလည်း စတင် စမ်းသပ်ဖို့လုပ်ဆောင်နေပါတယ်။ တစ်နိုင်ငံလုံးမှာ စမ်းသပ်နိုင်အောင် ဆက်လက်ကြိုးစားရပါမယ်။ ပြည်သူတွေ တာဝန်ရှိသူတွေဝိုင်းဝန်းကြရင် ဖြစ်လာမှာပါ။

၂၈-၈-၂၀၁၆ ခုနှစ် (တနင်္ဂနွေနေ့) အဲ့ဒီနေ့က ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်း “သက်ငယ်မသန်စွမ်း သက်ငယ်သင်တန်းကျောင်း”မှာ ကျွန်မတို ့ Special Interest Group နဲ ့ မြန်မာ Down Syndrome အဖွဲ့တို့ပူးပေါင်းပြီး ဟောပြောပွဲလုပ်ခဲ့ပါတယ်။ အဖွင့်အမှာစကားကို လူမှုဝန်ထမ်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး ကျွန်မကလည်း Down Syndrome ကလေးတွေမှာ နားအကြားစမ်းသပ်သင့်ကြောင်းဟောပြောပါတယ်။ Down Syndrome ကလေးတွေမှာ အပြင်နားက ပုံမှန်ထက်ပိုသေးတယ်။ နားရွက်က ပိုပြီး အောက်ကျတယ်။ အပြင်နားတူးမြောင်းကလည်း ပိုသေးတယ်။ အဲ့ဒီအခါကျတော့ နားဖာချေးတွေ စုနေတတ်တယ်။ အဲ့ဒီအခါကျရင် အသံလှိုင်းတွေ အထဲမဝင်နိုင်ဘဲ အကြားလျော့တတ်ပါတယ်။

အလယ်နားနဲ့ နှာခေါင်းနောက်ဘက်နေရာကို ဆက်တဲ့ပြွန်ကလေးက အလယ်နားရောဂါတွေဖြစ်ရတဲ့ ဇာတ်ကောင်ပေါ့။ သူက အလယ်နားမှာ ဖိအားထိန်းပေးတယ်။ အလယ်နားကအရည်တွေ နှာခေါင်းနောက်ကနေရာကို စီးဆင်းသွားဖို့ လုပ်ပေးရတယ်။ Down Syndrome ကလေးတွေမှာ အဲ့ဒီပြွန်ကလေးက ပိုသေးပြီး အလုပ်လည်းကောင်းကောင်း မလုပ်တော့ အလယ်နားမှာ အရည်စုတဲ့ရောဂါ ဖြစ်တတ်တယ်။ အဲ့ဒီအခါကျတော့ အကြားလျော့ပြန်ပါတယ်။ အလယ်နားအရိုးတွေလည်း ကောင်းကောင်းမဖွံ့ဖြိုးတဲ့အတွက်လည်း အကြားလျော့နိုင်ပါတယ်။

ကျွန်မအလှည့်ပြီးတော့ မြန်မာ Down Syndrome အဖွဲ့ရဲ့ အတွင်းရေးမှူးက အသင်းဖြစ်ပေါ်လာပုံသမိုင်းနဲ ့ အသင်းမှတ်ပုံတင်ရရှိခြင်း တင်ပြပြီး ဥက္ကဌဒေါ်မျိုးပပက ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကား ပြောပါတယ်။ ဂုဏ်ပြုလွှာတွေပေးတော့ ကျွန်မတို့အဖွဲ့ကိုယ်စား ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့လည် ပင်းခွဲစိတ်ပညာဌာနရဲ့ ပါမောက္ကဌာနမှူး ဒေါက်တာ ဦးမောင်မောင်ခိုင်က ရယူပေးပါတယ်။

နားတည်ဆောက်ပုံ၊ နားအကြားကြားရပုံ၊ Down Syndrome ကလေးတွေ အကြားအာရုံ စမ်းသပ်သင့်ပုံကို မဟာသိပံ္ပသင်တန်းသူ ဒေါက်တာအေးသီတာချစ်က ဟောပြောပြီး နားအကြားစမ်းသပ်တဲ့ ဗွီဒီယိုကို ပြသခဲ့ပါတယ်။ အခမ်းအနားကို နေ့လယ် ၁၂ နာရီမှာ ရုပ်သိမ်းခဲ့ပါတယ်။

အဲ့ဒီအဖွဲ့ကလေးဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို ့၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့လည်ပင်းအထူးကုဆေးရုံကြီးမှာရှိတဲ့ Audiology Lab မှာ Down Syndrome ကလေးတွေရဲ့ အကြားအာရုံစမ်းသပ်ခြင်း အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးတဲ့ အဖွဲ့လေးဖြစ်ပါတယ်။ Down Syndrome ကလေးတွေ နားအကြားစမ်းသပ်ချင်ရင် မြန်မာ Down Syndrome အသင်းက ဒေါ်မျိုးပပ (ဝ၉-၅၀၄၀ဝ၉၆)၊ ဒေါ်မာလာဖြူ(ဝ၉-၅၀၆၃၇၆၆)၊ ဒေါ်စောကေရီထွဋ် (ဝ၉-၄၂၀၁၈၇၁၂၂)တို့ ဆီကို ဆက်သွယ်ပြီး ကျွန်မတို့ SIG ရဲ ့ အကြားအာရုံစမ်းသပ်မှုကို ခံယူကြပါ၊ Down Syndrome ကလေးတွေကို ကူညီပေးကြပါလို့ တင်ပြချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top