Healthy Life Ad
Life Style

ပွင့်သောပန်းတိုင်း လှပဖို့၊ သားဆက်ခြားကြစို့ (၁)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး )

“ပွင့်သောပန်းတိုင်း လှပဖို့”ဆိုတဲ့ ခေါင်းစဉ် လေးပေးထားတော့ သားဆက်ခြားတာနဲ့ဘယ်လိုများ ပွင့်တဲ့ ပန်းတွေလှပသလဲဆိုတဲ့ ပဟေဠိလေးကို အ ဖြေညှိပေးချင်ပါတယ်။ သားဆက်ခြားတယ်ဆိုတာ ဘယ်သူတွေနဲ့ ဆိုင်တာလဲ . . လောကမှာ အချစ်နဲ့ မကင်းနိုင်တဲ့ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ အားလုံးအတွက် မသိမဖြစ် သိကိုသိရမယ့် နည်းလမ်းတွေက သားဆက်ခြားနည်းတွေပဲ ဖြစ်ပါတယ်။

ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တစ် ယောက်၊ တစ်ချိန်တည်းမှာ စာတွေရေးနေတဲ့စာရေး ဆရာတစ်ယောက်ဖြစ်တဲ့အတွက် ခံစားချက်ကို အ လေးပေးတယ်လို့ ပြောချင်ပြော၊ သားဆက်ခြားနည်း လမ်းတွေကို ပြောတိုင်း ပြောတိုင်း ရင်ထဲမှာ ထိခိုက်နာကျင်ရတယ်။ တစ်ခါတလေကျရင် နေ့တိုင်း နေ့တိုင်း ဆေးရုံကို လူသတ်ကောင်တွေ ရောက်နေတယ်။ လူတစ်ယောက်ကို သတ်တယ်ဆိုတာ မလွယ်ဘူး။ အဲဒီအထဲမှာမှ ကိုယ်သတ်လိုက်တဲ့ ရန်သူက ကိုယ် ရဲ့ ရန်သူမဟုတ်ဘူး။ ကိုယ့်ရင်သွေးလေးတစ် ယောက်ဖြစ်နေတယ် . . အဲဒီလူသတ်မှုကို အရက် စက်ဆုံး လူသတ်မှုလို့ ပြောရမှာပဲ ဖြစ်တယ်။

ကလေးလေးတစ်ယောက် ဗိုက်ထဲရောက်လာတယ်၊ ပုံမှန်အားဖြင့် သားသမီးဆိုတာ ရတနာလို့ ပြောကြတယ်။ ဒါပေမဲ့ နေရာတိုင်းမှာ အမြဲမမှန်ပါဘူး။ မလိုချင်ဘဲနဲ့ ရလာရင် အဲဒါကို ရတနာလို့ မ ခေါ်ဘူး။ သူ့ကို မရအောင် မရမက ဖျက်ချတယ်၊ ဖြစ်နိုင်ရင် လူသတ်သမားငှားပြီး ပိုက်ဆံတွေ ဘယ် လောက်ပေးရ၊ ပေးရ ဖျက်ချလေ့ရှိတယ်။ တစ်ခါတ လေ ဖဲထီးသံချောင်းနဲ့ ထိုးချတယ်၊ တစ်ခါတလေ မိန်းမကိုယ်ထဲကို အက်ဆစ်လို အရည်တွေ လောင်းထည့်တယ် . . လူတစ်ယောက်ကို သွားသတ်ပြီးပြီဆိုတာနဲ့ မိခင်တွေက အဲဒီဒဏ်ကို ပြန်ခံရပါတယ်။ ဆေးရုံရောက်လာပြီဆိုရင် အောက်ကနေ ဖဲထီးသံ ချောင်းနဲ့ ထိုးချလိုက်လို့ သွေးတွေ ဒလဟောဆင်းပြီး ဒုက္ခရောက်လာတာရှိတယ်။ တစ်ခါတလေ ပိုးတွေနဲ့ညစ်ညစ်ပတ်ပတ် လုပ်လာတော့ နောက်ဆက်တွဲ ဝေဒနာတွေ ကြီးကြီးမားမား ခံရတာရှိတယ်။ ဘာလို့လဲဆိုရင် ဒီကလေးလေးကို မလိုချင်ဘဲနဲ့ ရလာလို့ လုပ်တာပါ။ တချို့ကျတော့လည်း ကိုယ်ဝန်ရလာပေမယ့် ဖျက်မချဘူး၊ ဘယ်မှာမှလည်း ဗိုက်မအပ်ဘူး၊ နေချင်သလိုနေ . . စားချင်သလိုစား၊ မွေးတဲ့အခါ ဆေးရုံလာမွေးတာလည်း ရှိတယ်၊ အပြင်မှာ အဆင် ပြေသလို မွေးတာလည်း ရှိတယ်၊ မွေးပြီးတာနဲ့ အ မှိုက်ပုံမှာ ပစ်ထားတာလည်းရှိသလို ဆေးရုံမှာ မွေးပြီး မနက်ကျရင် အမေ မတွေ့တော့ဘူး။ အဲဒီလို ရက်စက်တဲ့ မိခင်မျိုးကိုလည်း တွေ့ရပါတယ်။

ကလေးဆိုတာ မွေးပြီးတာနဲ့ ပြီးသွားတာမဟုတ်ဘူး။ ကလေးဆိုတာ ပန်းလေးတစ်ပွင့်နဲ့ တူတယ်။ပန်းလေးတစ်ပွင့် ပွင့်လန်းလာဖို့ဆိုရင် သေချာကျွေး မွေးပြုစုပေးရတယ်၊ ခါးလှအောင်ဆင်ရတယ်၊ ပညာတတ်အောင် သင်ရတယ်။ အဲဒီလို ပျိုးထောင်ပေးမှသာ ကလေးလေးက လှပသော ပန်းလေးအဖြစ်နဲ့ လောကကြီးကို အလှဆင်နိုင်မှာပါ။ အခုတော့ လမ်း ဘေးမှာ ပေတေလေလွင့်နေတဲ့ မိဘမဲ့ကလေးတွေ အများကြီး . . ဒါတွေက မွေးတယ်၊ မကျွေးဘူး၊ ပညာ လည်း မသင်ပေးဘူး။ ဒါတွေအားလုံးရဲ့ တရားခံက မလိုချင်ဘဲ ကလေးရတာ၊ မသင့်တော်တဲ့အချိန်မှာ ကလေးယူတာတွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာအားလုံးရဲ့ အရင်းအမြစ်ကတော့ အချစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေပဲဖြစ်တယ်။ ဒီတော့ အချစ်နဲ့ မကင်းနိုင်တဲ့ လူတိုင်း လူတိုင်းဟာ သားဆက်ခြားနည်းတွေ ကိုသိထားဖို့ အရေးကြီးပါတယ်။

မကြာခင်မှာ ဝါလကင်းလွတ်သတင်းကျွတ်အခါသမယကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ မင်္ဂလာမောင်မယ်တွေ မင်္ဂလာဆောင်ပါ တော့မယ်။ မင်္ဂလာဆောင်ပြီးရင် ကျရောက်မယ့် ကာလကို ဟန်းနီးမွန်းကာလလို့ ခေါ်ပါတယ်။ ဒါကဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကာလဖြစ်တယ်။ တစ်ခါတလေကျတော့ စပြီး မင်္ဂလာဆောင်တဲ့နေ့မှာကတည်းက ကိုယ်ဝန်ရှိသွားတာ ဖြစ်တတ်တယ်။ ဟန်းနီးမွန်းကာလတောင် မပျော်လိုက်ရဘူး၊ ပျို့အန်ပြီး တကယ့် ဘဝထဲရောက်သွားတော့တာပဲ။ ဘာသာယာမှုမှ မရှိတော့ဘူး။ အဲဒီလို မဖြစ်အောင် သားဆက်ခြားတဲ့နည်းလမ်းတွေကို သိထားဖို့လိုပါတယ်။

မိခင်တစ်ယောက်က ကလေးတစ်ယောက် မွေးလိုက်ပြီဆိုရင် ချက်ချင်းကလေးမယူသင့်ပါဘူး။ မိခင်တစ်ယောက် ကလေးမွေးပြီးပြီဆိုရင် စိတ်ရောကိုယ်ပါ၊ မျိုးပွားအင်္ဂါတွေပါ ထိခိုက်နေတဲ့အချိန်ပါ။ ပြီးတော့ မွေးလာတဲ့ ကလေးလေးကို ပြုစုစောင့် ရှောက်ရတယ်၊ မိခင်နို့ချိုတိုက်ရတယ်၊ အိမ်မှုကိစ္စ အလုပ်တွေလုပ်ရတယ် . . အဲဒီအချိန်မှာ နောက်ထပ်က လေးလေးတစ်ယောက် ချက်ချင်းရသွားရင် စောစောကရတဲ့ ဒဏ်ရာတွေ အကင်းမသေသေးဘဲ နောက်ထပ် ကလေးရသလိုဖြစ်သွားပါတယ်။ မြန်မာစကားမှာ တစ်သားမွေးရင် တသွေးလှတယ်တဲ့။ အဲဒီလိုမိခင်မျိုးကျတော့ တသွေးမလှနိုင်ဘဲ ဖတ်သီဖတ်သီနဲ့ ဗိုက်ကကြီးလာတယ်၊ ကလေးက အပြင်မှာ နို့တိုက်ရမှာလား၊ မတိုက်ရဘူးလားနဲ့ အလုပ်တွေ ရှုပ်တယ်၊ ဒါကြောင့် သားဆက်ခြားတဲ့နည်းလမ်း တွေက မသိမဖြစ် လိုအပ်ပါတယ်။

သားဆက်ခြားတယ်ဆိုတာ အသက် ၁၈ နှစ် အောက် အပျိုမလေးတွေ သိသင့်သလို စိပ်ပုတီးနဲ့ အဒေါ်ကြီးတွေလည်း သိသင့်ပါတယ်။ မြန်မာလူမျိုး တွေရဲ့စိတ်ထဲမှာအသက်ကြီးသွားပြီ၊ သွေးဆုံးခါနီး ပြီဆိုရင် ကလေးမရနိုင်တော့ဘူးလို့ ထင်ကြတယ်။ အဲဒီအတွက် သားဆက်ခြားတဲ့ နည်းတွေ မသုံးတော့ ဘူး။ သူတို့ပြောတာလည်း ဟုတ်တာပဲ။ တစ်ခါတ လေလေးမှ အတူနေတာတဲ့။ တစ်ခါလေးဆိုရင် တောင် သားသမီးရသွားနိုင်ခြေရှိပါတယ်။ တချို့တွေ ကျတော့ သားသမီး ရလွယ်တတ်ပါတယ်။

ကလေးဖျက်ချတယ်ဆိုတာ တချို့နိုင်ငံတွေမှာ တရားဝင်ဥပဒေ ရှိပါတယ်။ ကလေးမလိုချင်ရင် ဆေးရုံလာပြီး ဆရာဝန်တွေက တရားဝင် ဖျက်ချပေး ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီဥပဒေမရှိပါဘူး။ အဲဒီအခါ ကလေးက ယူလို့ကို မဖြစ်တဲ့ အခြေအနေ တွေ ရှိတတ်ပါတယ်။ ကလေးက ၉ တန်းပဲရှိသေး တယ်၊ကိုယ်ဝန်ရှိသွားတာမျိုးပေါ့. . တစ်ခါက တွေ့ခဲ့ ဖူးတယ်။ တက္ကသိုလ် ပထမနှစ်ကျောင်းသူလေး ချစ် သူရည်းစားက သင်္ဘောသား။ ချစ်သူက သင်္ဘော တက်ခါနီးမှာ” ပြန်လာတာနဲ့ လက်ထပ်ပါ့မယ်”လို့ ပြောတာနဲ့ သူက အခွင့်အရေးပေးလိုက်တယ်တဲ့။ အဲဒီမှာ ကောင်မလေးက ရာသီမလာတာ တစ်လ၊ နှစ်လကြာတော့ ဆီးစစ်ကြည့်လိုက်တယ်။ ကိုယ်ဝန် ရှိနေပြီတဲ့။ အဲဒီအချိန်မှာပဲ သတင်းတစ်ခု ဝင်ရောက် လာတယ်။ ချစ်သူ သင်္ဘောသားက ဆိပ်ကမ်းတစ်ခုမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး သေဆုံးသွားတယ်တဲ့။ အဲဒီမှာ ဒုက္ခရောက်ပြီ။ ဒီကလေးလေးကို သူ ဘယ် လို မွေးမလဲ . . အဲဒီလိုအခြေအနေမှာ ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့ အဖြစ်မျိုးတွေ ဖြစ်လာတော့ တာပဲ။

ဒီလိုမိန်းကလေးတွေကြီးငယ်မရွေးသိသင့်တာ က ကျန်းမာရေး အသိပညာပါပဲ။ သမီးရည်းစား အ ချစ်နဲ့ ချစ်ရာကနေ လင်မယားအချစ်မျိုး ချစ်မိရင် ဒီလိုတွေ ဖြစ်တတ်ပါ့လားဆိုတာ သိရမယ်။ သိပြီဆို ရင် အချစ်ရဲ့ နောက်ဆက်တွဲအန္တရာယ်တွေကို ကာ ကွယ်နိုင်ဖို့ သားဆက်ခြားတဲ့နည်းလမ်းတွေကို စနစ် တကျ သုံးစွဲရပါမယ်။

သားဆက်ခြားတဲ့နည်းလမ်းတွေအများကြီးရှိတဲ့အနက် ကမ္ဘာပေါ်မှာ အကောင်းဆုံး သားဆက်ခြား နည်းဆိုတာ ရှိလားလို့ မေးကြတယ်။ လောကမှာ ခြောက်ပစ်ကင်း သဲလဲစင်ဆိုတာ မရှိပါဘူး။ အားလုံး အဆိုးနဲ့ အကောင်း ဒွန်တွဲနေပါတယ်။ ကိုယ်နဲ့ အ သင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကိုပဲ ရွေး ချယ်ရမှာပါ။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top