Healthy Life Ad
Life Style

ပြန်ကောင်းလာတဲ့ သွေးကင်ဆာလူနာတွေက ဘဝတူရောဂါရှင်တွေကို တတ်နိုင်သမျှ ကူညီပေးသွားမယ်

ဒေါက်တာအေးယုစိုး (သွေးကင်ဆာရောဂါရှင်များ ကူညီစောင့်ရှောက်မှုအသင်း တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. သွေးကင်ဆာရောဂါရှင်များ ကူညီစောင့်ရှောက်မှု အသင်းကို ဘယ်အချိန်က စတင်ဖွဲ့စည်းခဲ့ပါသလဲ။

ဖြေ. ဒီ Leukaemia-Lymphoma Society (Myanmar)ကို ဖွဲ့စည်းခဲ့တာ သုံးနှစ်ကျော်ရှိပါပြီ။ ၂၀၁၃၊ မေလက စတင်ဖွဲ့စည်းခဲ့ပါတယ်။
အစ်မတို့အသင်းက ရောဂါပျောက်ကင်းသွားတဲ့ လူနာတွေက ကိုယ်ကိုယ်တိုင် ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ရောဂါဖြစ်လာတဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို သိနားလည်ပြီး ကိုယ်တွေ ပြန် ကောင်းလာတဲ့ တစ်နေ့မှာ တခြားဘဝတူ လူနာတွေကို ပြန်လည် ကူညီနိုင်အောင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ ဒီအထဲမှာ သွေးကင်ဆာ လူနာတွေလည်း ပါတယ်၊ ဒါပေမဲ့ လူနာတွေက တက်တက်ကြွကြွ မလုပ်ဆောင်နိုင်တာကြောင့် ကျန်းမာလာတဲ့ သူတွေက ဦးဆောင်ပြီး လုပ်ဆောင်တာပါ။

အမှူဆောင်အဖွဲ့ဝင် အမာခံကတော့ ၂၀ ဦး ရှိပါတယ်။ ဒါပေမဲ့ အသင်းဆိုတာက အဲဒီလို ကန့်သတ်ထားတာ မဟုတ်ပါဘူး။ ကြုံရင်ကြုံသလို အားရင်အားသလို ပါဝင်ကူညီဆောင်ရွက်လို့ရပါတယ်။ အသင်းသားတွေအဖြစ် ပါဝင်ချင်တယ်ဆိုရင် လူနာပဲဖြစ်ဖြစ်၊ လူနာရှင်ပဲဖြစ်ဖြစ် ဝင်ချင်သလောက် ဝင်လို့ရပါတယ်။

မေး. အစ်မတို့အသင်းရဲ့ ရည်ရွယ်ချက်နဲ့လှုပ်ရှားမှုတွေကို သိပါရစေ။

ဖြေ. အဓိက ရည်ရွယ်ချက်က အစ်မတို့က ကိုယ်ကိုယ်တိုင် လူနာဖြစ်ခဲ့တော့ ဒီရောဂါဖြစ်တဲ့အခါမှာ ဖြတ်သန်းရတဲ့ စိတ်ဓာတ်ခွန်အား၊ ငွေရေးကြေးရေး ကုန်ကျမှု၊ မိသားစုရဲ့စောင့်ရှောက်အားပေးမှု စတာတွေအများကြီး လိုအပ်မှန်းသိခဲ့ရတယ်။ အဲဒီအတွက် ကိုယ့်လိုဘဝတူ လူနာတွေကို ဘယ်လိုကူညီနိုင်မလဲ၊ ငွေအားဖြင့် ထိထိရောက်ရောက် မကူညီနိုင်သေးဘူးပဲထားဦး၊ စိတ်ဓာတ်ခွန်အားပေးနိုင်တယ်။

အစ်မတို့ကို အရှင်လတ်လတ်ကြီး မြင်လိုက်ရင်ကို လူနာတွေရဲ့စိတ်ထဲမှာ အလိုလိုအားရှိတယ်၊ “ငါတို့လည်း တစ်နေ့ကျရင် ဒီလိုပြန်ကောင်းမှာပဲ” ဆိုတဲ့ ခွန်အားဖြစ်တယ်၊ အစ်မတို့အသင်းရဲ့ အဓိကပေးချင်တဲ့ သတင်းစကားကအဲဒါပဲ။ “စိတ်ဓာတ်မကျနဲ့၊ ဆရာဝန်ပြောတဲ့အတိုင်း ကုသမှုကိုခံယူပါ၊ ဒါဆို တစ်နေ့ကျရင် ကျွန်တော်/ကျွန်မတို့လို ပြန်ကောင်းလာမှာပါ”ဆိုတဲ့အသိကို ဖြစ်စေတယ်။ ဒီတော့ လူနာတွေ အားရှိသွားကြတယ်။

ဟိုးအရင်တုန်းကတော့ သွေးကင်ဆာဆိုရင် သေမယ်လို့ပဲ အောက်မေ့ခဲ့ကြတယ်၊ သေလည်း သေခဲ့ကြတယ်လေ၊ အခုခေတ်ကျတော့ မျှော်လင့်ချက်ရှိလာပြီ။ သွေးကင်ဆာဖြစ်တိုင်း မသေပါဘူး၊ ဒီသတင်းစကားကို လူနာတွေ အားတက်လာအောင် ပေးချင်တာပါ။

မေး. သွေးကင်ဆာလူနာတွေကို အစ်မတို့အသင်းအနေနဲ့ ဘယ်လို ကူညီပံ့ပိုးမှုတွေ ပြုလုပ်နေပါသလဲ။

ဖြေ. အစ်မတို့အသင်းက သွေးလှူရှင်အဖွဲ့တွေနဲ့ ချိတ်ဆက်ထားပါတယ်။ သွေးလှူရှင်အဖွဲ့ဆိုတာ သူတို့အချင်းချင်း ချိတ်ဆက်ပြီးသား၊ ဒါပေမဲ့ အစ်မတို့က ချိတ်ဆက်ထားတဲ့အတွက် တကယ်လို့ သွေးကင်ဆာ လူနာတစ်ယောက်က အရေးပေါ် သွေးလိုခဲ့ရင်၊ သွေးဘဏ်မှာလည်း သွေးပြတ်နေပြီဆိုရင် (မြို့ထဲက သွေးဘဏ်မှာကတော့ များသောအားဖြင့် သွေးလုံလုံလောက်လောက် ရှိပါတယ်။ ဒါပေမဲ့ မြောက်ဥက္ကလာဆေးရုံမှာ သွေးပြတ်သွားလို့ အရေးပေါ် သွေးလိုခဲ့ပြီဆိုရင်) အစ်မတို့ချိတ်ဆက်ထားတဲ့အဖွဲ့ကို ဆက်သွယ်လိုက်တဲ့အခါ သူတို့ထဲက လှူနိုင်တဲ့သူ ရောက်လာပါတယ်။ အဲဒီအတွက် လူနာတွေလည်း အဆင်ပြေသွားပါတယ်။ ဒီလို ကူညီတာမျိုးပါ။

အစ်မတို့အသင်းရဲ့ စာရေး ညီမလေးကိုလည်း အမြဲတမ်းခန့်ထားပြီး သူက မြောက်ဥက္ကလာဆေးရုံ မှာရှိတဲ့ သွေးရောဂါဌာနမှာ အမြဲတမ်းရှိနေပါတယ်။ သူက သွေးရောဂါဌာနမှာ နိစ္စဓူဝ ကူညီပြီးတော့ လူနာတွေဘက်က လိုအပ်ချက်တွေကို လုပ်ဆောင်ပေးတယ်။ ဥပမာ ဆေးဝယ်လို့ မရတာမျိုးဆိုရင် ဘယ်ဆိုင်မှာ ဝယ်လို့ရတယ်ဆိုတာမျိုး ပြောပြတယ်၊ တစ်ခါတလေ ရှာရခက်တဲ့ဆေးတွေကို သိုလှောင်ထားပြီး လူနာလိုအပ်တဲ့ အချိန်မှာ တစ်ခါတည်း အမြတ်မယူဘဲ ရောင်းပေးလိုက်တယ်။ အဲဒီအခါကျတော့ လူနာတွေက မြို့ထဲအထိ လာဝယ်ရမယ့် အချိန်သက်သာသွားတယ်၊ လမ်းစရိတ်သက်သာတယ်၊ လူသက်သာသွားပါတယ်။ အဲဒီလိုမျိုး အစ်မတို့က ကိုယ့်အသင်းရန်ပုံငွေ မတောင့်တင်းပေမယ့်လည်း လုပ်နိုင်တာလေးတွေကို လုပ်ပေးပါတယ်။

မေး. သွေးကင်ဆာလူနာတချို့ စရိတ်မတတ်နိုင်လို့ ဆေးမကုနိုင်ရင်တော့ အစ်မတို့ ထောက်ပံ့ပေးတာမျိုးရှိပါသလား။

ဖြေ. အစ်မတို့အသင်းကိုယ်တိုင်က ရန်ပုံငွေတောင့်တောင့်တင်းတင်း မရှိတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းကို ကူညီနိုင်တာတော့ အင်မတန်နည်းပါတယ်။ အင်မတန် အခက်အခဲရှိနေတဲ့ လူနာတွေကိုတော့ ငွေငါးသောင်းလောက် လှူပေးတာမျိုး ရှိပါတယ်။ အရမ်းကို အခက်အခဲရှိတဲ့ ကလေးလူနာတွေလည်း ကြုံဖူးတယ်။ သူ့အဖေက ဆိုက်ကားနင်းတာ၊ ဒီဆေးလေးရမှ ဒီကလေးက ပြန်ကောင်းသွားမှာ . . အဲဒီလို အခြေအနေဆိုရင် အသင်းမှာ အားလုံးတိုင်ပင်ပြီး ဦးစားပေး ထောက်ပံ့ပေးပါတယ်။

မြန်မာနိုင်ငံမှာ သွေးရောဂါကုဌာန ငါးခုရှိပြီး ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ မန္တ လေးကလေးဆေးရုံကြီးတွေမှာ ရှိပါတယ်။ ဒီနေရာ တွေကို သွေးရောဂါ ဖြစ်သူတွေ လာကုကြတဲ့အ တွက် အဲဒီဌာနငါးခုကို လစဉ် ပိုက်ဆံ တစ်သိန်းစီ လှူခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ အသင်းရန် ပုံငွေ အားနည်းနေတဲ့အတွက် ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်ကို မလုပ်နိုင်သေးပါဘူး။

အစ်မတို့အသင်းက မလှူနိုင်ပေမယ့် တခြား လှူချင်တဲ့ ဖောင်ဒေးရှင်းတွေ၊ ပုဂ္ဂလိကအလှူရှင် တွေ ရှိရင်လည်း အစ်မတို့က ချိတ်ဆက်ပြီး လှူဒါန်း ပေးပါတယ်။

မေး။ ။ ရန်ကုန်ကလေးဆေးရုံကြီးက သွေးကင်ဆာလူနာ ကလေးတွေကိုကော အစ်မတို့ ဘယ်လို ကူညီပံ့ပိုး လေ့ရှိပါသလဲ။

ဖြေ။ ။ ရန်ကုန်ကလေးဆေးရုံကြီးကိုလည်း ပြီးခဲ့တဲ့လက တစ်ခါသွားတယ်။ အဓိကကတော့ အာဟာရ ထောက်ပံ့မှုအနေနဲ့ စားစရာလေးတွေပေးမယ်၊ ပြီး တော့ ကလေးတွေအတွက် ပုဂ္ဂလိကအလှူရှင်တွေ ရှိတာကြောင့် ရောင်စုံခဲတံ၊ စာအုပ်လေးတွေပေးပြီး အတူတူ အရောင်ခြယ်ကြမယ်၊ အဲဒီအခါ ဆရာဝန် လေးတွေ၊ လူငယ်လေးတွေ ပါဝင်ပြီး ပုံပြင်ပြောတာ၊ ပုံဆွဲတာတွေ လုပ်ကြပါတယ်။ အဓိကကတော့ ကလေးတွေဟာ လူကြီးထက်ပိုဆိုးတာက သူတို့ခံစား နေရတာတွေကို မပြောပြတတ်ဘူး။ ဒီလိုလာလုပ်ပေး တဲ့အတွက် သူတို့စိတ်ထဲမှာ ပျော်ရွှင်သွားတဲ့ ခံစားမှုရ အောင်လုပ်ပေးမှာ ဖြစ်ပါတယ်။

မေး။ ။ သွေးကင်ဆာဖြစ်ပြီး ကုသမှုခံယူပျောက်ကင်းထား တဲ့ အစ်မအနေနဲ့ တခြားသွေးကင်ဆာလူနာတွေနဲ့ ဆုံတဲ့အခါ ဘယ်လိုအားပေးစကား ပြောဖြစ်ပါသလဲ။

ဖြေ။ ။ အားပေးတာကတော့ အများကြီးပဲ။ အစ်မ တစ် ယောက်တည်းမှမဟုတ်ဘူး၊ ဒီအသင်းထဲမှာ ပါဝင်တဲ့ သူအကုန်လုံးက အားပေးကြတယ်။ “ကဲ . . သွေးကင်ဆာရောဂါ ဖြစ်တယ်ဆိုတာသိလား”လို့ အရင်ဆုံး ပြောလိုက်တယ်။ လူနာက “သိတယ်”ဆိုရင် “ဒီရောဂါကို ပျောက်မယ်လို့ ထင်လား”လို့ မေးလိုက်တယ်။ သူတို့ မဖြေနိုင်ကြဘူး။ ပျောက်မယ် လိုလို၊ မပျောက်ဘူးလိုလိုနဲ့ ဇဝေဇဝါ ဖြစ်နေကြတယ်။ အဲဒါနဲ့ “ကျွန်မကို ကြည့်ပါ၊ ကောင်းတယ်လို့ ထင် လား၊ မကောင်းဘူးလို့ ထင်လား”လို့ မေးလိုက်တော့ သူတို့က လူကောင်းလို့ပဲ ထင်ကြတယ်။ အစ်မနဲ့ တွေ့တဲ့အချိန်မှာ သူတို့က အစ်မကို လူနာမှန်း ဘယ် သိမလဲ။ အဲဒါနဲ့ ‘ကျွန်မကလည်း ၂၀၁၂ ကတည်း ကစပြီး သွေးကင်ဆာဖြစ်ထားလို့ ဆေးကုသပြီး အခု ချိန်မှာ ကောင်းနေတဲ့ လူနာပါ၊ ဒါကြောင့် သွေးကင် ဆာရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ ရောဂါ တော့မဟုတ်ပါဘူး။ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း စနစ်တကျ ဆေးကုသမှု ခံယူတယ်ဆိုရင်၊ ဆေးတွေ ကို အချိန်ပြည့်မီအောင်သောက်ပြီး ဆေးကုသမှုခံယူ တယ်ဆိုရင် ပျောက်ပါတယ်’လို့ အားပေးစကား ပြောဖြစ်ပါတယ်။ တချို့ကျတော့လည်း ဆေးကု သမှုကို ပြီးဆုံးအောင် မခံယူဘဲ ဆေးရုံကို ပြန်မလာ တော့တာတွေရှိတယ်လေ။ အဲဒါမျိုးမဖြစ်အောင် စနစ်တကျ ဆေးကုသမှု ခံယူဖို့ ထပ်ခါတလဲလဲ ပြောပါတယ်။

လူနာရှင်ကိုတော့ ‘လူနာဟာ ဆေးကုသမှု ခံ ယူနေစဉ်မှာ ကိုယ်ခံအားနည်းတယ်၊ ကိုယ်ခံအားနည်း တဲ့ လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ဆိုရင် သန့်ရှင်း မှုက အရေးကြီးတယ်။ ဒါကြောင့် သန့်ရှင်းမှုအတွက် ဘာတွေ ဘယ်လို ပံ့ပိုးပေးရမယ်’ဆိုတာကို ဦးစားပေး ပြီး ပြောပြပါတယ်။ ဘာတွေ ဘယ်လို လိုက်နာရ မယ် ဆိုတဲ့ အချက်အလက်တွေပါဝင်တဲ့ လက်ကမ်းစာ စောင်တွေကိုလည်း ဝေငှပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top