Healthy Life Ad
Child

ကျောင်းသားလူငယ်နှင့် ဖိုမသဘာဝပညာပေး(၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူရဲ့ မိတ်ဆွေဦးကိုတာတစ်ယောက် မ မျှော်လင့်ဘဲ အလည်အပတ်ရောက်ရှိလာပါတယ်။

“ ကြွပါ ကိုတာ အရေးတကြီးနဲ့ ဘာများလဲ”

“ခရီးကြုံလို့ဝင်လာတာပါ။ ခင်ဗျားနဲ့ ဆွေးနွေးချင်တာတစ်ခုလည်း ရှိလို့ပါ”

“ ထိုင်ပါကိုတာ၊ ဘာအကြောင်း ဆွေးနွေးချင်တာလဲ”

“ ခင်ဗျားသိတဲ့အတိုင်းပဲ၊ ကျွန်တော်တို့မိသားစုက သြစတြေးလျကိုရောက်လာတာ သိပ်မကြာသေးဘူးမဟုတ်လား၊ သမီးကြီးက ကျောင်းမှာသင်ကြားပေးတဲ့ သင်ခန်းစာတစ်ခုနဲ့ ပတ်သက်ပြီး ပြောပြလာတယ်ဗျ”

“ ဘာသင်ခန်းစာလဲ”

“ ဖိုမသဘာဝ ပညာပေး(Sex Education ) သင်ခန်းစာတဲ့”

“ အဲဒါ ဘာများထူးဆန်းလို့လဲ၊ သြစတြေးလျ နိုင်ငံစာသင်ကျောင်းတွေမှာ ဖိုမသဘာဝပညာပေး သင်ခန်းစာတွေကို ၁၉၈၀ ခုနစ်လောက်ကတည်းက သင်ကြားပေးနေတာပဲ”
“ ဟုတ်လား”

“ ဗဟိုအစိုးရက ဖိုမသဘာဝ ပညာပေးသင်ခန်းစာတွေကို စာသင်ကျောင်းတွေမှာ သင်ကြားပေးနိုင်တယ်။ ဘယ်လို အကြောင်းအရာတွေကို သင်ကြားရမယ်၊ ဘယ်အတန်းကစပြီး သင်ကြားပေးသင့်တယ် စသဖြင့် ပေါ်လစီမူဝါဒ ချမှတ်ထားတာ ရှိတယ်”

“ မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတာလား”

“ အဲဒီလိုတော့ မဟုတ်ဘူး ကိုတာ၊ သက်ဆိုင်ရာ စာသင်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ သဘောထားပေါ်မှာ မူတည်တယ်။ ဖိုမသဘာဝပညာကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပေးချင်ရင် သင်ကြားပေးနိုင်တယ်။ သင်ကြားမပေးချင်ရင်လည်း ဖိုမသဘာဝ သင်ခန်းစာကို ချန်လှပ်ထားနိုင်ခွင့် ရှိတယ်။ သင်ကြားပေးဖို့ ဆုံးဖြတ်ရင်တော့ ဗဟိုအစိုးရသတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းဘောင်အတွင်းမှာ ရှိရမယ်ပေါ့”

“ ဒီလိုဆိုတော့ ကျွန်တော့်သမီးတက်နေတဲ့ ကျောင်းရဲ့ပေါ်လစီက ဒီဘာသာရပ်ကို သင်ကြားပေးတဲ့ကျောင်းလို့ ဆိုရမှာပေါ့”

“ အဲဒါ ခင်ဗျား သဘောမတူလို့လား ကိုတာ”

“ မလိုအပ်ဘူး ထင်လို့ပါ”
_ _ _

“ ခင်ဗျားရဲ့ သဘောထားကို အပြစ်မဆိုသာပါဘူး။ အမေရိကန်နိုင်ငံမှာ ပြည်သူလူထုအများစု ၉၃ ရာခိုင်နှုန်းကတော့ စာသင်ကျောင်းတွေမှာ ဖိုမသဘာဝ ပညာဘာသာရပ်ကို သင်ကြားပေးသင့်တယ်လို့ ယူဆတယ်၊ ၇ ရာခိုင်နှုန်းကတော့ အဲဒီလို ပညာရပ်တွေကို သင်ကြားမပေးသင့်ဘူးလို့ ကန့်ကွက်တယ်။ ဒါပေမဲ့ ကျောင်းသားမိဘတွေကို မေးကြည့်တော့ ၁၈ ရာခိုင်နှုန်းကသာ ကျောင်းတွေမှာ ဖိုမသဘာဝ ပညာပေးတာကို သဘောတူတယ်။ ၅၈ ရာခိုင်နှုန်းက ကန့်ကွက်တယ်။ ခင်ဗျားပြောသလို ဘဝင်မကျဖြစ်နေတယ်ပေါ့။ ဒါပေမဲ့ ခင်ဗျားသဘောမတူရင် အဲဒီသင်တန်းကို သမီးတက်ရောက် သင်ကြားခွင့်မပေးဘူးလို့ ငြင်းဆန်လို့ရပါတယ်”

“ ဟုတ်လား၊ ကျွန်တော် စုံစမ်းကြည့်ပြီး အိမ်ရှင်မနဲ့ တိုင်ပင်ဆုံးဖြတ်ရမှာပဲ”

“ ဒီကိစ္စနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံမှာလည်း အခုအထိ အုပ်စုကွဲနေတာ ရှိပါတယ်။ တချို့က ဖိုမသဘာဝပညာကို ကျောင်းတွေမှာ မသင်မနေရ ဘာသာရပ်အဖြစ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုလာကြတယ်။ တချို့ကတော့ ဒီကိစ္စဟာ မိဘတွေရဲ့အလုပ်၊ မိဘတွေက အနီးကပ်သင်ကြားပေးရမယ့် အတွင်းရေး၊ ကျောင်းမှာ သင်ကြားဖို့ မလိုဘူးလို့ ပြောကြတယ်”

“ ကျွန်တော်လည်း အဲဒီလိုယူဆတယ်”

“ ဒါပေမဲ့ ကိုတာ . . လိင်ကိစ္စမှာ ပွင့်လင်းမြင်သာမှုရှိတဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် မိဘတိုင်းဟာ သားသမီးကို ဖိုမသဘာဝ ပညာသင်ကြားပေးတဲ့ အလေ့အထမရှိပါဘူး။ မိဘတွေထဲမှာ ၆၅ ရာခိုင်နှုန်းဟာ မိမိတို့သားသမီးနဲ့ ဖိုမသဘာဝကိစ္စကို ပညာပေး ဆွေးနွေးတာမရှိဘူး။ ဘာကြောင့်လဲလို့ မေးကြည့်တော့ ၄၄ ရာခိုင်နှုန်းက မျက်နှာပူစရာ ဖြစ်နေလို့၊ ရှက်စရာကောင်းလို့လို့ ဖြေဆိုတယ်။ ၂၇ ရာခိုင်နှုန်းကတော့ ဘာသာရေးယုံကြည်ချက်ကြောင့် ဒီကိစ္စတွေကို မပြောချင်ဘူးလို့ ဆိုတယ်။ ၁၁ ရာခိုင်နှုန်းကတော့ ဖိုမသဘာဝကိစ္စကို ပညာပေးဖို့ မလိုဘူးလို့ အပြတ်ပြောကြပါတယ်။ နောက်တစ်ချက်က သားသမီးတိုင်းဟာ မိဘတွေနဲ့ ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးတတ်တာ မဟုတ်ဘူး”

“ အထောက်အထား ရှိလို့လား ဆရာ”

“ လေ့လာထားတာ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၅၀ ရာ ခိုင်နှုန်းကသာ ဖိုမသဘာဝကိစ္စနဲ့ ပတ်သက်ပြီး မိဘတွေနဲ့ ဆွေးနွေးတယ်၊ ကျန်တစ်ဝက်က ဒီကိစ္စတွေကို သိချင်ပေမယ့် မိဘတွေကို မေးမြန်းတာ မရှိဘူး။ ဘာကြောင့်လဲလို့ မေးကြည့်တော့ မိဘတွေ စိတ်ဆိုးသွားမှာ ကြောက်လို့၊ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုစကားစရမယ်ဆိုတာ မဝေခွဲနိုင်လို့၊ မျက်နှာပူစရာ ရှက်စရာ ဖြစ်လို့ စသဖြင့် ဖြေဆိုကြတယ်”

“ သူတို့ မသိချင်လို့ ဒီကိစ္စမှာ စိတ်မဝင်စားလို့ကော မဖြစ်နိုင်ဘူးလား”
_ _ _

“ ဒီလို မထင်လိုက်ပါနဲ့။ မိဘနဲ့ ဆွေးနွေးတိုင်ပင်တဲ့ ကျောင်းသားလူငယ်တွေ မေးမြန်းလေ့ရှိတဲ့ မေးခွန်းတွေကို လေ့လာရင် ဖိုမသဘာဝကိစ္စမှာ သူတို့ စိတ်ဝင်စားတယ်ဆိုတာ သိသာပါတယ်။ ၅၁ ရာခိုင်နှုန်းက ဖိုမဆက်ဆံဖို့ အဆင်သင့်ဖြစ်၊ မဖြစ် ဘယ်လို သိနိုင်မလဲလို့မေးမြန်းတယ်၊ ၅၅ ရာခိုင်နှုန်းက ကိုယ်ဝန်ဆောင်တဲ့အကြောင်း၊ သန္ဓေတား နည်းအကြောင်းတွေကို သိချင်ကြတယ်။ ဖိုမဆက်ဆံလို့ ရရှိနိုင်တဲ့ ကူးစက်ရောဂါတွေအကြောင်း၊ ခုခံအားကျဆင်းရောဂါ (HIV/AIDS) အကြောင်းတွေကို သိချင်သူက ၅၆ ရာခိုင်နှုန်းရှိတယ်၊ ဒီလိုကိစ္စတွေကို မိဘကလည်း သင်ကြားမပေးဘူး၊ စာသင်ကျောင်းမှာလည်း သင်ကြားမပေးဘူးဆိုရင် သူတို့ဘယ်မှာ အဖြေရှာမလဲ”

“ သူငယ်ချင်းတွေဆီက၊ အင်တာနက်ထဲက၊ ဘေးအိမ်မှာနေတဲ့ ဒေါ်အတင်းဆီကပေါ့ဗျ၊ စာအုပ်စာပေထဲမှာလည်း ဖတ်ကြည့်နိုင်ပါတယ်”

“ မှန်ပါတယ်။ ဒါပေမဲ့ ကျောင်းသားလူငယ်နဲ့ သင့်တော်တဲ့ အကြောင်းအရာ ဗဟုသုတ ဟုတ်ချင်မှ ဟုတ်မယ်၊ အယူအဆမှားတာတွေ ဖတ်မိ၊ ကြားမိရင် ပိုဆိုးမယ် မဟုတ်လား၊ ခင်ဗျားဟာ သမီးရဲ့ ဖခင် ဖြစ်နေတော့ ပိုပြီး သတိထားရမယ့် အချက်လည်းရှိ သေးတယ်ကိုတာ”

“ဘာလဲဗျ”

“ ကျောင်းသားလူငယ်တွေဟာ လိင်ကိစ္စမှာ သိချင်ရုံသာမကဘူး၊ လက်တွေ့လည်း ပြုမူလာတတ်တယ်။ အမေရိကန်နိုင်ငံမှာ အထက်တန်းကျောင်း သား ၆၁ ရာခိုင်နှုန်းနဲ့ အထက်တန်းကျောင်းသူ ၄၈ ရာခိုင်နှုန်းဟာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိကြောင်း သိရတယ်။ သြစတြေးလျနိုင်ငံမှာ အသက် ၁၅ နှစ်ရှိတဲ့ ကျောင်းသူ ၂၅ ရာခိုင်နှုန်းဟာ ဖိုမဆက်ဆံဖူးတဲ့ အတွေ့အကြုံရှိတယ်လို့ ဝန်ခံကြတယ်၊ ဒီတော့ မိဘရှေ့မှာသားသမီးက “ရေငုံ” နေလို့ ဖိုမကိစ္စမှာသူတို့ စိတ်မဝင်စားဘူးလို့ မထင်လိုက်နဲ့”
_ _ _

“ ဒါပေမဲ့ ဆရာကြီး၊ မသိချင်တဲ့ ကျောင်းသားကို ဖိုမကိစ္စသင်ကြားပေးရင် ဒီဘက်မှာ စိတ်ဝင်စားလာအောင် နှိုးဆွပေးရာ မရောက်ဘူးလား”

“ ခင်ဗျားမေးတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အဖြေရှာဖို့ လေ့လာထားတာ ရှိတယ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)ရဲ့ လေ့လာတွေ့ရှိချက်ပါ။ ကျောင်းတွေမှာ ဖိုမသဘာဝ ပညာပေးအစီအစဉ် ၃၅ ခုကို လေ့လာဆန်းစစ်ကြည့်တော့ ဒီလိုလုပ်ငန်းအစီအစဉ်ကြောင့် ကျောင်းသားလူငယ်တွေထဲမှာ လက်တွေ့ ဖိုမဆက်ဆံလာတဲ့ နှုန်းပိုမိုများပြားလာတာ ‘ မတွေ့ရှိ’ ရပါဘူး။ အခု ကျွန်တော်တို့ ဆွေးနွေးခဲ့တာအပြင် ခင်ဗျားလို မိဘတွေ ဆင်ခြေတက်ဆန့်ကျင်ပြောကြားတဲ့ အချက်တွေလည်း ရှိသေးတယ်”

“ ဘာများလဲ ဆရာ”

“ ကျောင်းစာသင်ခန်းထဲမှာ အုပ်စုလိုက် သင်ကြားပေးတဲ့အတွက် မျက်နှာပူစရာ ဖြစ်မယ်၊ တစ်ဦး နဲ့ တစ်ဦး နောက်ပြောင်ကျီစယ်စရာ ဖြစ်မယ်၊ သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေကိုကော ယုံလို့ရမလား၊ သူတို့မှာ ဖိုမသဘာဝပညာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဗဟုသုတ ရှိရဲ့လား၊ အချက်အလက် အမှားတွေ၊ ခံယူချက်အမှားတွေ သင်ကြားပေးရင် အကျိုးထက် အဆိုးဖြစ်လာမယ် မဟုတ်လား၊ ကျောင်းမှာ သင်ကြားပေးတဲ့ ဖိုမသဘာဝပညာဟာ မိသားစုလက် ခံယုံကြည်ကျင့်သုံးတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ နဲ့ ကလန်ကဆန်ဖြစ်နေနိုင်တယ်၊ မိသားစုကိုးကွယ်တဲ့ ဘာသာရေးသွန်သင်ဆုံးမချက်တွေနဲ့ ဖီလာဆန့်ကျင်နေမှာ စိုးရိမ်တယ် စသဖြင့်ပေါ့ဗျာ”

“ ဒီအချက်တွေကို စဉ်းစားသင့်တာပေါ့ဗျ”

“ မှန်ပါတယ် ကိုတာ၊ ကျောင်းတွင်း ဖိုမသဘာ ဝပညာပေးအစီအစဉ်တွေမှာ အဲဒီအချက်တွေကို ထည့်သွင်းစဉ်းစားထားပါတယ်။ ကျွန်တော် အခု ဆက်ပြောချင်တာကတော့ကျောင်းတွင်း ဖိုမသဘာဝ ပညာပေးလုပ်ငန်းရဲ့ ကောင်းကျိုးတွေ ဖြစ်ပါတယ်။ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်”

“ အဆိုးနဲ့ အကျိုးကို ခွဲခြားဝေဖန်တတ်တဲ့ အကျင့်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ “ ငါ ဆရာဝန်” ဆိုပြီး ဆေးပညာစာအုပ်ကြီးနဲ့တော့ ကိုင်မပေါက်ပါနဲ့ဗျာ”
နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top